ခါချဉ်ကောင် မန်ကြီးသော်လည်း ခါးက မသန်တော့

by Hla Soewai - Jun 20 2023

မန္တလေး၊ စစ်ကိုင်း တို့ နှင့် လက်တကမ်း အကွာတွင် သာ ရှိသည့် ဆားတောင် မြို့ပေါ်သို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များ ကင်းလှည့်နေပြီ ဆိုသည်ကို ခေတ်သစ် သတင်းဌာနမှ ဓါတ်ပုံ နှင့် တကွ ဖေါ်ပြလာခဲ့သည်။

 

ထိုသတင်း နှင့် အတူ တဆက်တည်းမှာပင် ဧရာဝတီ တိုင်းမ် သတင်း တွင် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် ဦးဆောင်၍ သွားရောက် တွေ့ဆုံခဲ့သည် ဆိုသော သတင်း ထွက်ပေါ်လာသည်။

 

ထိုသတင်း အပေါ် ဧရာဝတီ တိုင်း သို့ လှမ်း၍ အတည်ပြုချက် တောင်းခံကြည့်ရာ ခိုင်မာသည်ဟု သိရသည်။

 

ဧရာဝတီ နှင့် RFA သတင်းများ အရ မူ မေလ ၂၇ ရက် နှင့် ဇွန်လ ၄ ရက်နေ့များတွင် ဗိုလ်ချုပ် ရာပြည့် နှင့် အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံအား သွားရောက်‌ တွေ့ဆုံခဲ့သည်ဟု နေပြည်တော် အကျဉ်းထောင် နှင့် နီးစပ်သောသတင်း အရင်းအမြစ်များအား ကိုးကား၍ ဖေါ်ပြလာခဲ့သည်။ ယင်းမှ လွဲ ၍ အခြား တဖက်မှ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးဟု သိရသည်။

 

ထိုသတင်း အား အမှန်ဟု ယူဆရမည် ဆိုက megalomania ခေါ် အလွန် အကျွံ စိတ်ကြီးဝင်နေကြသည့် စစ်ဗိုလ်ချုပ်များ AA စကား သုံးရလျှင် လဥ ပျားတုတ် ခံလာရပြီ ဆိုသည်မှာ သိသာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် သူ၏ အမျိုးသမီး ကတော့ နိုင်မှ ကို ဖြစ်မည်ဟု ဇွတ်တိုးချင်နေကြသူများ ဖြစ်သည်က သံသယ ဖြစ်စရာ မရှိသော်လည်း ကျန်လူများ အဖို့က ‌နိုင်ငံတော် အတိုင်ပင်ခံ နှင့် ရလိုရငြား ဆွေးနွေးကြည့် ချင်ပုံ ရှိသည်။

 

နောက်တကြောင်းက ၎င်းတို့အဖို့ တိုင်းပြည်ကို ရေရှည် အုပ်ချုပ်သွားနိုင်စွမ်း မရှိတော့သည်ကို သဘောပေါက်လာနေသည့် တရုတ်၏ တိုက်တွန်းမှု၊ ဗိုလ်သန်းရွှေ၏ အခါတော်ပေးမှုများကြောင့် လုပ်လာရခြင်းမျိုးက ပို၍ ဖြစ်နိုင်ပေသည်။

 

မိုင်းလားတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တွေ့ဆုံခဲ့ကြပြီးလည်း ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး အတွက် သွားရောက် ကမ်းလှမ်းသည် ဆိုသော်လည်း ၎င်းတို့ ယခုတိုင် ရွာစဉ် ဆက်တိုက် မီးရှို့နေသည့် လုပ်ရပ်များကို ကျုးလွန်မြဲ ကျုးလွန်နေကြဆဲပင် ဖြစ်သည်။

 

သွားရောက်တွေ့ဆုံစဉ် ဘာပြောသည် ဆိုသည်ကို ရေရေရာရာ မသိရသေး သော်လည်း န်ိုင်ငံတော် အတိုင်ပင်ခံက နားသာ ထောင်နေသည်ဟု သတင်းက ဆိုသည်။ ဆက်စပ်တွေးကြည့်၍ ရသည်က သဘာဝ ရိပ်သာ ဆရာတော်ဟု အမည်ခံထားသော ဘုန်ကြီး ခပ်ပိန်ပိန် တဦး မှ ဦးတင်ဦး အား ထို့နောက်ပိုင်း တွင် သွားရောက်တွေ့ဆုံပြီး နိုင်ငံတော် အတိုင်ပင်ခံ အား နိုင်ငံရေး မှ ထွက်ပြီး မဟတ္တမ ဂန္ဒီ ကြီးလို ငြိမ်းချမ်းရေး လုပ်ဖို့ အကြံပေးသွားခဲ့သည်။

 

ထိုသို့ ပြောသည်ကို ကြားရသော လူ အပေါင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် ငါးနှစ် ကာလ အတွင်း တိုင်းပြည်သည် မျက်လှည့် ပြသလို တိုးတက်သွားသည်ကို သိသိကြီး နှင့် လက်ရှိ စစ်အုပ်ချုပ်ရေး သမားများ၏ ဗရမ်းဗတာ အုပ်ချုပ်နေမှု သည် ပင် ဖြစ်သင့် ဖြစ်ထိုက်မှု၊ ငြိမ်းချမ်းရေးက လွဲပြီး တိုင်းပြည် အုပ်ချုပ်ရေး တွင် ပါစရာ မလိုဟု ပြောဆိုနေခြင်းက ပင် လွန်စွာ ဖေါက်ပြန်နေသော အယူအဆ ပင် ဖြစ်သည်။

 

၎င်းတို့ ဆက်အုပ်ချုပ်နေသရွေ့ ထိုဆရာတော် အဖို့ မိဘမဲ့ ဂေဟာများ တနိုင်ငံလုံး အနှံ့ တိုးချဲ့ ဖွင့်လှစ် သွားနိုင်ဦးမည် ဖြစ်သည်။

 

ဆင်ခြင်တုံတရား မရှိ၊ အသိပညာ မဲ့ခြင်း ignorant၊ အကြောင်းအရာ တခု အပေါ် မှားယွင်းစွာ လက်ခံ မိခြင်း mistaken တို့ဖြင့် တခုခု ကို ကျူးလွန်မိသူသည် ထိုကဲ့သို့ မျိုး မဟုတ်ပဲ မိမိအကျိုးအတွက် ရည်ရွယ်ချက် ရှိရှိ ဖြင့် ပြောဆိုလုပ်ကိုင်သူမျိူးသည် ကိုယ်ကျင့်တရား ‌ဖောက်ပြန်ခြင်း perverted သာ ဖြစ်၍ ပို၍ အပြစ်ကြီးပေသည်။ ထိုသို့သော လူမျိုးများ ကြောင့် တိုင်းပြည် တိုးတက် ကြီးပွားရာ လမ်းမမြင်ဟု အေဒီ ကိုးရာစု နှစ် အာရပ် တွေးခေါ်ပညာရှင် အယ် ဖာရာဘီက ပြောခဲ့ဖူးသည်။

 

မကြာသေးမီက အိန္ဒိယ နိုင်ငံခြား သတင်းထောက်များ အသင်း ဥက္ကဌ မှ စစ်ကောင်စီ သတင်းစာ၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့မှု ကြောင့် သတင်းထောက် အများအပြား အသင်းမှ နှုတ်ထွက်သွားကြသည်ဟု အိန္ဒိယ သတင်း မီဒီယာ များတွင် ပါရှိလာခဲ့သည်။ ဤသည်က ဖေါက်ပြနိရေး သမား များကို မိမိတို့ တတ်နိုင်သည့်ဖက်မှ ကန့်ကွက် ဆန္ဒပြလိုက်ခြင်း ဖြစ်ယုံမက အာဏာသိမ်း အဖွဲ့ အပေါ် မည်မျှ အထိ ရွံရှာနေကြသည်ကိုလည်း ပြဆိုနေပေသည်။

 

နာမည်ကြီး ဘုန်းကြီး အတော်များများက စစ်ဗိုလ်ချုပ်များ တန်ခိုး ထွားနေချိန်တွင် ၎င်းတို့ ကျောင်းတိုက်များ အဝင် အထွက် လုပ်ယုံမျှဖြင့် ဘယ်ဗိုလ်ချူပ်တွေ ကိုးကွယ်ကြသည် ဆိုသော သတင်းဖြင့်ပင် အရပ်သားများက အထင်တကြီး ဖြင့် ကိုးကွယ်ကြမည် ဖြစ်၍ လာဒ်လာဘ ရွှင်မည် ဟု ယူဆထားကြပြီး ဖြစ်သည်။

 

အကယ်၍ စစ်ဗိုလ်ချုပ်များသည် သူလို ငါလို အရပ်သား ဝန်ထမ်း ဖြစ်သွားမည်ဆိုက သူတို့ ကိုးကွယ်နေ၍လည်း နာမည်ကြီးလာစရာ အကြောင်း မရှိတော့မည့် အဖြစ်ကို ကောင်းစွာ သိနားလည် ထားကြပြီးလည်း ဖြစ်သည်။

 

၎င်းတို့ထံ အဝင် အထွက် မလုပ်သော အစိုးရ ဆိုက သာသနာ ကွယ်တော့မည်ဟု သတင်းလွှင့်ကြတော့သည်။

 

ပြည်သူ့ အစိုးရ တက်လာလျှင် ထိုကိစ္စ ကို အရင်ဦးဆုံး ကိုင်တွယ်သွားမှသာ ဖြစ်ပေမည်။

 

လက်ရှိတွင် မိမိတို့ လုပ်ရပ်သည် မည်သည့် အခြေ အနေ ဆိုက်သွား နိုင်သည်ကို တစွန်းတစမျှ ပင် တွေး ခေါ် မျှော်မြင်နိုင်စွမ်း ကင်းမဲ့ခဲ့မှု ကို ဝန်ခံလာနေကြရပြီ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ် များ အဖို့ လောလောဆယ်တွင် အိုကေ နေသေးသော်လည်း ၎င်းတို့၏ လေကြောင်းမှ တိုက်ခိုက်နေမှု များ ကို ဟန့်တား နိုင်သည် နှင့် တနေ့တွင် အခြေအနေ မဟန် တော့မည် ကို ရိပ်စားမိနေကြပြီ ဖြစ်သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား လိုရမယ်ရ ချည်းကပ်လာကြခြင်းသာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!