ရေဒါမှ အပျောက်ခံ၍ မဖြစ်

by Hla Soewai - Jun 20 2023

ပြည်တွင်း ပြည်ပ မှ မိုချာ ဆိုင်ကလုံး ဒဏ်သင့် ရခိုင်ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူ အညီများ ပေးနေမှု အား စစ်ကောင်စီ ၏ အငယ်တန်း ဝန်ကြီးတဦးမှ စာရွက်တရွက် ပေါ်တွင် လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် လုပ်ငန်းများ အားလုံး ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့၏ လုပ်ရပ်ကို ကုလ မှ ညည်းတွားနေသည်မှ အပ နိုင်ငံတကာ မှ ရှုတ်ချ ပြောဆိုကြခြင်း မရှိသည်မှာ အံ့အားသင့်ဖွယ်လည်း ဖြစ်နေသည်၊ ဤသည်ကို ကြည့်မည် ဆိုက မြန်မာအရေးသည် ၎င်းတို့၏ ရေဒါမှ သိသိသာသာ ကွယ်ပျောက်သွားနေပြီ ဆိုသည်ကို ပြဆိုနေသည်။

 

ယခုအခါ အားလုံး မျှော်လင့်နေသည့် ယူကရိန်း၏ တန်ပြန် ထိုးစစ်ကြီးက စတင်နေပြီ ဖြစ်သည်၊ ထို့အတွက်လည်း တကမ္ဘာလုံးက ရင်တမမ နှင့် စောင့်ကြည့်နေသည်၊ ထိုးစစ်ကြီး ပျက်ပြားသွားမည်ဆိုက ပူတင် ပန်း ပန်သွားမည့် အဖြစ်ကြောင့် ဥရောပ လုံခြုံရေး အတွက် လွန်စွာ အရေးပါနေသော ကာလ ဖြစ်သဖြင့် မြန်မာ အရေး ရေဒါ ပေါ် မှ ခေတ္တ ကွယ်ပျောက်သွား ခြင်း လောဟု ဖြေ တွေး၍ ရကောင်းရနိုင်စရာ ရှိနေသည်။

 

ထိုအရေးကို ရခိုင်တပ်တော AA ခေါင်းဆောင်ပိုင်းမှ လဥ ခြင်ကိုက်မှု အဖြစ် သဘောထား နေသော်လည်း စစ်ကောင်စီသည် နိုင်ငံတကာ အကူအညီ များအား ၎င်းတို့အား မည်မျှ အတိုင်းအတာ အထိ အသိအမှတ် ပြုကြသလဲ၊ AA က ဘယ်လောက်ထိ လုပ်ပေးနေသလဲ ဆိုသည့် နိုင်ငံရေး ပေတံ့ ဖြင့် တိုင်းတာကာ ထင်သလို ဖြစ်မလာ၍ အကျပ်ကိုင် လိုက်ခြင်းပင် ဖြစ်သည်။

 

မိုချာ အရေးတွင် လည်း နာဂစ်ကဲ့သို့ပင် စစ်ကောင်စီ သည် စစ်ရေး အမြင် ဖြင့်သာ ကြည်၍ လူသားချင်းစာနာ ထောက်ထားရမည့် အကူအညီ များကို လက်နက်သဖွယ် အသုံးချနေခြင်းများ ကြောင့် မိုချာ အရေး တွင် ၎င်းတို့ လုပ်ရပ် အတွက် တာဝန်ခံမှု ရှိလာစေရန် နှင့် ပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲ ဒုက္ခများ သက်သာရာ ရကြောင်း အတွက် ဖိအားပေး၊ ဒဏ်ခတ် ပိတ်ဆို့မှု များ ဖြင့် ကြားဝင်ပေးပါရန် အမျိုးသား ညီညွတ်ရေး အစိုးရမှတောင်းဆိုလာခဲ့သည်။

 

လေ့လာသူများက မကြာသေးမီက ပြီးဆုံးသွားသော မိုင်လား ဆွေးနွေးပွဲတွင် ၎င်းတို့ တောင်းဆိုသည်များ အား မည်သို့မျှ တုန့်ပြန်ခဲ့ခြင်း မရှိ၍ အကျပ်ကိုင်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြကြောင်း မဇ္ဇျိမ သတင်းတွင် ဖေါ်ပြထားသည်။

 

ကုလ ဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဇွန် ၆ ရက်တွင် ကျင်းပခဲ့သည့် သဘာဝ ဘေး အန္တရာယ် လျော့ချရေး ခြောက်လပတ် မျက်နှာ စုံညီ အစည်းအဝေး တွင် စစ်တပ်သည် "ဖြတ်လေးဖြတ်" ဗျူဟာ အား အဓိက ဦးစားပေး ကျင့်သုံးနေခြင်းကြောင့် ယခုလို လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ပေးလာသည့် အကူအညီ များကို နှောင့်နှေးအောင် လုပ်နေခြင်း ဖြစ်သည်ဟု တင်ပြ‌သွားခဲ့သည်။

 

စစ်ကောင်စီ ၏ လုပ်ရပ်များသည် နိူင်ငံသားများ၏ ကောင်းကျိုးချမ်းသာ အတွက် မည်သို့မျှ ဖေါ်ဆောင်ပေးရန် စိတ်ကူး မရှိပဲ အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် ဆုတ်ကိုင်သွားနိုင်ရေးကိုသာ ရည်ရွယ်လုပ်ကိုင်နေကြသူများ ဖြစ်သည်က ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။

 

ထိုအတွက် မင်းအောင်လှိုင်၏ မိုက်ရူးရဲဆန်စွာ အာဏာသိမ်းခဲ့မှုသည် မည်သို့မျှ အောင်မြင်နိုင်စရာ မရှိ၊ ဆက်ပြီး လိမ်ညာလှည့်ဖျားနေ၍ မရအောင် လည်း ထင်ရှားလာနေပြီ ဆိုသည်အား ပြည်ပမှ ထောက်ခံနေသည့် နိုင်ငံများ၊ ပြည်တွင်းရှိ လက်ပါးစေ ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ သဘောပေါက်လာစေရန် ပြသရမည် ဖြစ်သည်။

 

ထိုသို့ ပြသနိုင်ရန် နှင့် နိုင်ငံတကာမှ အမြဲလို အာရုံ စိုက်နေ နိုင်ရန် အတွက် နည်းလမ်း မှန်သမျှသည် တရားမျှတမှု ရှိ‌သည်ကို မိမိ ယုံကြည်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!