ခြင်ကိုက် ခံနေရသော AA

by Hla Soewai - Jun 20 2023

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ လဉ အား ခြင်ကိုက်ခံနေရစဉ် တွင် အင်အားသုံးမည် ဆိုက ပိုဆိုးလာနိုင်၍ သည်းခံကြရန် တွစ်တာ တွင် ရေးလာခဲ့သည်။

 

စစ်ကောင်စီ မှ ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေး အဖွဲ့အားလုံး ကို ပြည်နယ် အတွင်း သွားလာခွင့် ပိတ်ပင်ကြောင်း ကျေညာချက်ကို တုန့်ပြန်ရေးသားခြင်း ဖြစ်မည်ဟု ယူဆရပေသည်။

 

ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ် သင့်၍ ဒုက္ခ မျိုးစုံ ကြုံတွေ့နေရသော ပြည်သူ ၁.၆ သန်းအား သည်းခံကြဖို့၊ ထိုသို့ လဉ ခြင်ကိုက်ခံရချိန်တွင် အင်အား သုံးဖို့မလို၊ ယားတယ်၊ ယားတယ်ဟု ရှု့မှတ်ကာ ဝင်လေထွက်လေ မှတ်နေဖို့ တိုက်တွန်းလို ဟန် ရှိသည်ဟု ယူဆရမလို ဖြစ်နေသည်။

 

ရခိုင်တပ်တော် AA သည် စတင် ထူထောင်ခဲ့သည့် ၂၀၀၉ ဧပြီ ၁၀ ရက်နေ့ မှ စ၍ ရေတွက်မည် ဆိုလျှင် ၁၄ နှစ် တင်းတင်း ရှိလာခဲ့ပြီး အင်အား အားဖြင့် သုံးသောင်း ဝန်းကျင် အထိ ရှိနေပြီဟု ယုံကြည်ရပေသည်။

 

ရခိုင် တိုင်းရင်းသား လူငယ်များသည် ရခိုင် ပြည်သူတို့၏ အချုပ်အခြာ အာဏာပြန်လည် ပိုင်ဆိုင်ခွင့်ရရေး ဆိုသည့် ရည်မှန်းချက် ကို အကောင်အထည် ဖေါ်ရန် တဖွဲဖွဲ ဝင်ရောက်လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

 

သို့သော် ယခုအခါ AA ၏ စစ်အာဏာသိမ်း အဖွဲ့ နှင့် အလွတ်သဘော ရယူထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကြောင့် ထိုလူငယ်ကလေးများသည် သေနတ်များ ထမ်းကာ ၎င်းတို့ ထိန်းချုပ် နယ်မြေများ အတွင်း တရွာဝင် တရွာထွက် ကင်းလှည့်ရင်း အချိန်ဖြုန်းနေကြရ ရှာပြီ ဖြစ်သည်ဟု ကျွန်တော် စိတ်ထဲတွင် ထင်မြင်နေမိသည်။

 

၎င်းတို့ စိတ်ထဲတွင်လည်း ဒီလိုမှန်း သိရင် ဒူဘိုင်း၊ စင်္ကာပူ၊ မလေးရှား သို့ အလုပ် ထွက်လုပ်သည်ကမှ အကျိုး ရှိပေမည်ဟု တွက်ဆလာကြ‌ လေမည်လား မသိ၊ ၎င်းတို့၏ မိသားစုများကလည်း ထိုသို့ အချိန်ဖြုန်းနေသည့် အဖြစ်ကို ငြိုငြင် လာကြပေဦးမည်။

 

စစ်ကောင်စီသည် တနိုင်ငံလုံး ဟိုပြေးဒီပြေး နှင့် ပျားတုပ် ခံရသလို ဖြစ်နေသည်ကို အခွင့်ကောင်းတရပ် အဖြစ် အသုံးချ၍ အကောင်းဆုံး ဖြစ်သည်ကို စစ်တပ်၏ နှိပ်စက်မှု ဒဏ် ခံနေရသော ရခိုင်ပြည်သူ များက လည်း မတွေးမိပဲ နေကြမည် မဟုတ်။ AA တပ်ဖွဲ့ဝင်များ အဖို့လည်း ရခိုင်ရိုးမ တဖက်ခြမ်းတွင် ၎င်းတို့လို လူငယ်လေးများသည် အနာဂတ်၏ အန္တရာယ် ဆိုးကြီး ဖြစ်သော အကြမ်းဖက် စစ်အာဏာရှင် စနစ်အား ခုခံ တွန်းလှန် တိုက်ခိုက်နေကြသည့် အဖြစ်ကိုလည်း တွေ့မြင်ကြားသိနေကြပြီ ဖြစ်၍ ခေါင်းဆောင်များ၏ လုပ်ရပ်အပေါ် ပါးစပ်က ထုတ်မပြောသော်လည်း စိတ်ထဲတွင် နားမလည် နိုင်အောင် ဖြစ်‌ ကောင်း ဖြစ် နေကြပေလိမ့်မည်။

 

မိမိတို့ ရခိုင် လူမျိုးများ ထိခိုက်နစ်နာမည်စိုး၍ ဆိုပါကလည်း နဂိုကတည်းက တိုက်ခိုက်နေစရာ အကြောင်း မရှိ၊ AA သည် စစ်တပ်အတွက် force to be reckoned ပမာမခန့် ဆက်ဆံ၍ မရသော အင်အားကြီး လက်နက်ကိုင် အဖွဲ့ကြီးဟု အသိအမှတ် ပြုခံရသည့် အနေအထားတွင်သာ တန့်နေပေ‌ သေးသည်။

 

သို့သော် စစ်တပ်သည် ၎င်းတို့အတွက် အခွင့်သာလာပြီး တပ်များကို ထုတ်နှုတ် အသုံးပြု၍ ရလာသည်ဟု ထင်သည် နှင့် သက်ညှာလိမ့်မည် မဟုတ်ပေ။

 

ဤနေရာတွင် ချက်ကိုစလို ဗက်ကီယားရား အား နာဇီတို့ ကျုးကျော် သိမ်းပိုက်လာခဲ့ချိန်တွင် ဟစ်တလာ ၏ ထပ်မံ ကျုးကျော်လာမည့် ရန်ကို ကြောက်၍ ၁၉၃၈ ခုနှစ်တွင် ထိုစဉ်က ဗြိတိသျှ ဝန်ကြီးချုပ် နီဗီးလ် ချိန်ဘာလိန် သည် ရွှေပြည်အေး စေရန် ဆိုကာ အပြေးအလွှား သွားရောက် ချုပ်ဆိုခဲ့သော မြူးနစ် စာချုပ်၊ တဖန် ဆိုဗီယက် ခေါင်းဆောင် စတာလင် မှ ၁၉၃၉ ခုနှစ်တွင် ဂျာမဏီ နှင့် ချုပ်ဆိုခဲ့သော တနိုင်ငံ နှင့် တနိုင်ငံ မကျုးကျော်ရေး စာချုပ် များသည် နောက်ဆုံးတွင် ဟစ်တလာ၏ အမှိုက် ပုံးထဲသို့ သာ ရောက်ရှိသွားခဲ့ရသည်။

 

ထိုအထဲတွင် ဟစ်တလာအား ယုံစားမိခဲ့၍ အားလုံးက အတန်တန် သတိပေးနေသည့် ကြားမှ ပေါ့ပေါ့တန်တန် နေခဲ့မိသည့် စတာလင်သည် နာဇီတပ်များ မော်စကို မြို့တံခါးသို့ ရောက်လာမှသာ ကျောချ၍ ဓါးပြမှန်း သိခဲ့သည်၊ ရလဒ် အဖြစ် ရုရှားတို့ အကျအဆုံးများစွာ ဖြင့် တိုက်ထုတ်ခဲ့ရကြရသည် မဟုတ်ပါလော။ စတာလင်လို ကွန်မြူနစ် အရင့်အမာကြီးပင် အတွက်အချက် မှားသွားခဲ့သည်။

 

ထိုသို့သော သမိုင်း သင်ခန်းစာများ ကို AA ခေါင်းဆောင်များလည်း မသိပဲ နေမည် မဟုတ်၍ ကံကောင်းပါစေ ဟု ဆုတောင်းယုံ မှ တပါး ဘာများ တတ်နိုင်ပေဦးမည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - မဇ္ဇျိမ သတင်း