ဘယ်လမ်း ရွေးမလဲ

by Hla Soewai - Jun 23 2023

မြန်မာအရေး လေ့လာသုံးသပ်သူ ဂျိုရှုဝါ ကာလန်ဇစ်သည် အမေရိကန်၏ Council on Foreign Relations ဝက်ဆိုက် တွင် စစ်အာဏာသိမ်း အဖွဲ့ အရေး နိမ့်လာနေပြီ ဆိုသည့် ခေါင်းစဉ်ဖြင့် တင်ပြလာခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။

 

လက်ရှိတွင် စစ်အာဏာသိမ်း အဖွဲ့သည် လက်လွှတ်လိုက်ရသော နယ်မြေများကို မည်သည့်နည်းနှင့်မျှ ပြန်လည် ရယူနိုင်စွမ်း မရှိတော့ဟု ဆိုသည်။

 

၎င်းတို့၏ နိုင်ငံသားများ အပေါ် လက်နက်အားကိုး ဖြင့် နိုင်လိုမင်းထက် လုပ်မှု များ ကြောင့် နိုင်ငံတကာ အသိုက်အဝန်း က တိုး၍ ဆန့်ကျင်လာနေပြီ ဖြစ်သည်။

 

နောက်တချက်မှာ အာဏာသိမ်း အဖွဲ့၏ အဓိက မဟာမိတ်ကြီး ဖြစ်သူ ပရာရွတ် ဦးဆောင်သော ထိုင်း အစိုးရ အာဏာလက်လွှတ် ပေးရန် ရှိနေပြီး ဒီမိုကရေစီ အင်အားစုများ အပေါ် စာနာစိတ် ရှိသည့် ရှေ့သို့ချီ ပါတီ သည် အာဏာကို တက်လှမ်းလာတော့မည် ဆိုခြင်း အစရှိသည့် အကြောင်းများကြောင့် အာဏာသိမ်း အဖွဲ့ အဖို့ အရေးနိမ့်သည်ထက် နိမ့်လာနေပြီဟု အချက်အလက်များဖြင့် တင်ပြလာ ခဲ့သည်။

 

သို့သော် စစ်အာဏာရှင်တို့ အဖို့ အရေးနိမ့်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရုံဖြင့် မပြီးသေး၊ ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှု များ အတွက် နိုင်ငံတကာ စစ်ခုံရုံး နှင့် ရင်ဆိုင်ရဖို့ ရှိနေ၍ အကြောက်အကန် ခုခံသွားမည် ဖြစ်သည်ဟုလည်း ပါရှိသည်။ ၎င်းတို့ အဖို့ ကဒါဖီလို လမ်းပေါ်တွင်၎င်း၊ ဆက်ဒမ် ကဲ့သို့ ကြိုးစင်တွင်၎င်း၊ ချောင်စက်စကူး ကဲ့သို့ နေ့ခြင်းပြီး ကွပ်မျက်ခံရမည် ကို ၎င်း၊ အင်ဒီရာ ဂန္ဒီကဲ့သို့ အနီးကပ် ကိုယ်ရံတော်များ၏ လက်ချက်ဖြင့်၎င်း၊ ပတ်ချုံဟီး ကဲ့သို့ အစည်းအဝေး တွင် အချင်းချင်း ထဲက မခံနိုင်တော့သဖြင့် ထ၍ ပစ်ခြင်းကို ခံမည်လော စသည့် တို့ ထဲမှ တခုခု ကို ရွေးချယ်ရပေမည်။

 

မိမိတို့၏ တော်လှန်ရေးကြီးသည် ပန်းတိုင်သို့ လှမ်းမြင်လာနေရပြီ ဖြစ်သည်နှင့် အမျှ ပြင်းထန် သည်ထက် ပြင်းထန်လာပေတော့မည်။

 

ယင်းနှင့်အတူ ရန်သူနှင့် စေ့စပ်လိုသော ‌ရွှေပြည်အေး ဝါဒီများ၊ ရန်သူ ပေးမည့် မသဒ္ဓါရေစာ အခွင့်အရေးများ နှင့် တင်းတိမ်ကြမည့် အချောင်သမားဝါဒီများ၊ ငါသိငါတတ် နေရာယူလိုသူများ အလျှိုလျှို ထွက်ပေါ်လာကြမည် မှာလည်း ဓမ္မတာပင် ဖြစ်သည်။

 

ရန်သူ လူတန်းစားများဖက်ကလည်း အညွန့်တလူလူ တက်လာနေပြီ ဖြစ်သော လူထု၏ တော်လှန် ရေးကြီးအား ရိုက်ချိုးရန် ၎င်းတို့စွမ်းအားရှိသမျှ နောက်ဆုံး အကြိမ် ညှစ်ထုတ်ကာ အရက်စက် အကြမ်းကြုပ်ဆုံး ဖိနှိပ်ချုပ်ချယ်ကြပေမည်။ ထိုသို့ အင်အားကြီးမားသော ရန်သူ လူတန်းစား လက်ထဲမှ နိုင်ငံရေးအာဏာကို သိမ်းပိုက် ရယူ နိုင်ရေးသည် လွယ်ကူ ရိုး ထုံးစံ မရှိပေ။ 

 

ရန်သူသည် သူ၏ လူတန်းစားများ တသက်တာလုံး လူပေါ်‌လူဇော် လုပ်ကာ ကြွယ်ဝချမ်းသာရေး အတွက် ရည်ရွယ် တည်ဆောက်ထားသော လူနေမှု အဆောက်အအုံကြီးကို အ‌ ကြောက်အကန် ခုခံကာကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ တချိန်လုံး ဖုံးကွယ်ထားသော ဖက်ဆစ်နာဇီ အစွယ်များ တဖွေးဖွေး ပေါ်လာရခြင်းလည်း ဖြစ်ပေသည်။

 

အကြောက်တရားဖြင့် ကာကွယ် ရာတွင် ကလေးသူငယ် လူကြီး သက်ကြားအိုပင် မကျန် ရက်ရက် စက်စက် ပြုကျင့် ခဲ့ကြသည်။ နိုင်ထက်စီးနင်း အကြမ်းဖက်လာကြ၍လည်း ပြည်သူများက မိမိကိုယ် မိမိ ခုခံ ကာကွယ်‌ရေးအတွက် အခြားနည်းလမ်း မရှိတော့သဖြင့် လက်နက်စွဲကိုင်လာကြခြင်း ဖြစ်သည်။

 

ထိုသို့သော အနေအထားတွင် မဲပုံးဖြင့် ရန်သူလက်မှ နိုင်ငံရေး အာဏာကို ရယူနိုင်လိမ့်မည် ဆိုကာ စိတ်ကူးယဉ်နေကြသော အချောင်သမား ဝါဒီများလည်း ရှိနေသည်မှာ အားလုံးအသိပင် မဟုတ်ပါလား။

 

ရန်သူထောင်ပေးမည့် မဲပုံးကို အားကိုးနေသည်လောက် မိုက်မဲသူ ရှိပါဦးမည်လော၊ ၎င်းတို့ အပေါ် မည်သို့မျှ လျော့ပေါ့ တွက်ချက်၍မရ ဆိုသည်ကိုရန်သူ နှင့် လက်တွဲခဲ့ဖူး၍ တခါသေဖူး ပျဉ်ဖိုး နားလည် သင့်ကြရမှာ ဖြစ်သည်။ ခါးသီးသော အတွေ့အကြုံများ ရခဲ့ကြပြီး ဖြစ်၍ နောက်တကြိမ် ထိုသို့သော လူများ နှင့် လက်တွဲဖို့ စဉ်းစားခြင်းလောက် ပို၍ မိုက်မဲသော အမှု ရှိပါဦးမည်လော။

 

ယခုအခါ ရန်သူသည် ကမူးရှူးထိုး ညှစ်ထုတ်ကြိုးပမ်းလာမှုများ၏ တစိတ်တဒေသ အဖြစ် နိုင်ငံ တဝှမ်း ပန်း ပန်၍ အပြစ်ရှိသည် ဆိုကာ အမျိုးသမီး ၁၃၀ ခန့်အား ဖမ်းဆီးခြင်း၊ အခြားလူများအား ရိုက်နှက်ခြင်း အစရှိသည့် ကျော်မကောင်း ကြားမကောင်း လုပ်ရပ်ကြီးကို မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခဲ့ကြသည်ကို အံ့အားသင့်ဖွယ် ကြားသိခဲ့ရသည်။

 

ပန်း ပန်ခြင်းကိုပင် လွတ်လွတ်လပ်လပ် ပန်ခွင့် မရသည့် အနေအထားတွင် ၎င်းတို့ပါးစပ်မှ ရွေးကောက်ပွဲ ဖြင့် ဒီမိုကရေစီ ပြန်လည် ထားရှိမည် ဆိုသည်အား ယုံမိခဲ့သူများပင် အယုံအကြည် မရှိ ဖြစ်ကုန်ကြပေပြီ။ စစ်အာဏာသိမ်း အဖွဲ့ အတွက် ‌နောက်ထပ် နိုင်ငံရေးအရ အလဲထိုး ခံလိုက်ရ ခြင်းလည်း ဖြစ်သည်။

 

နောက်ထပ် ဖြစ်ရပ်တခုမှာ Frontier Myanmar ၏ ဖေါ်ထုတ်ချက်အရ လက်နက်ချ အလင်းဝင် လာသည် ဆိုသော PDF များ ဆိုသည်က ၎င်းတို့၏ အလိမ်အညာ ဇာတ်ထုတ်ကြီး တွင် ကပြ အသုံးတော် ခံခဲ့ကြရသူများ ဖြစ်ကြောင်းဘူး ပေါ်သလို ပေါ်သွားခဲ့ရခြင်းပင် ဖြစ်သည်။

 

အများစု သည် ဖမ်းဆီးခံခဲ့ရသော PDF တပ်ဖွဲ့ဝင်များ ၊ စီဒီအမ် ဝန်ထမ်းများ ဖြစ်ပြီး ၎င်းတို့အား မိဘ‌ ‌ဆွေမျိုးများကို ဖမ်းဆီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ အလင်းဝင်သူများ အဖြစ် ရုပ်မြင်သံကြား ပေါ် တင်လာခဲ့ခြင်း ဖြစ်သည်ကို Frontier Myanmar မှ သတင်းယူ ဖေါ်ထုတ်နိုင်ခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ မှ ယခုထိ အလင်းဝင်လာသူ PDF ၂၃၀ ရှိပြီး ထိုအထဲတွင် အမှန်တကယ် လက်နက်ချသူ အရည်အတွက်မှာ လွန်စွာ နည်းပါးသည်ဟု ဆိုသည်။

 

ထိုသို့သော အဖြစ်များက တော်လှန်ရေး ကာလတွင် မလွဲမသွေ ကြုံတွေ့ကြရမည် ဖြစ်ပြီး ကျိုးပေါက်သွားသော လုံခြုံရေး စည်းအတွက် သတိဝိရိယ ကြီးစွာဖြင့် လှုပ်ရှားရမည်ဖြစ်သည်။

 

နောက်ထပ် သတင်းတရပ် အဖြစ် ရွှေပြည်သာ မြို့နယ် အတွင်း တရုတ်နိုင်ငံသားများ ပိုင် Hosheng (Myanmar) Garment Co. LTD စက်ရုံ တွင် အလုပ်သမားများ၏ နေ့စဉ် လုပ်ခ အား ကျပ် ၄,၈၀၀ မှ ၅,၆၀၀ (ငွေ ရှစ်ရာခန့်) တိုးမြှင့်ပေးရန် အ‌ရေးဆိုခဲ့ကြသော အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ခုနှစ်ဦး အား အလုပ်ဖြုတ်ပစ် ခဲ့ပြီး ထိုအထဲမှ ငါးဦးကို ဖမ်းဆီး၍ စစ်ကြောရေး သို့ အာဏာသိမ်းတပ်မှ ခေါ်ဆောင်သွားကြောင်း၊ ကျန် နှစ်ဦး မှာ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

 

အဆိုပါ တရုတ် ကုမ္ပဏီသည် စပိန် ကုမ္ပဏီ ဖြစ်သော Inditex အတွက် ကမ္ဘာကျော် Zara တံဆိပ် ကုန်ပစ္စည်းများ တင်သွင်းနေခြင်း ဖြစ်ပြီး ယခုအခါ ၎င်းတို့ထံမှ ဝယ်ယူတင်သွင်းနေမှု များ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုသို့ ရန်သူသည် ကြီးမားသော အကျပ်အတည်းကြီးနှင့် ရင်ဆိုင်လာနေရ၍ ဖြူသလား မဲသလား မစဉ်းစားအားတော့ တရကြမ်း ဖိနှိပ်လာနေပြီ ဖြစ်သည်။ လူထု၏ အခြေခံ အခွင့်အရေး များကိုပင် ပိတ်ပင်လာနေကြသည်သာမက ၎င်းတို့ကို ထောက်ခံသူများပင် ထောင်သွင်း အကျဉ်းချ ခံကြရသည်။ 

 

ထိုသို့ တရကြမ်း ဖိနှိပ်နေပါလျှက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အရာရှိ သင်တန်း ဆင်းပွဲကို ယာယီ သမ္မတကြီး ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုသည့် အဆင့်အထိ ဖြစ်လာနေ၍ ဗိုလ်လောင်း သင်တန်း ကိုပင် လူပြည့်အောင် ရှာမရ ဖြစ်နေသော စစ်ကောင်စီ အဖို့ တုန်လှုပ်နေလောက်ပြီ ဖြစ်သည်။ 

 

တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က ၎င်းတို့၏ အသက်သွေးကြောသဖွယ် ဖြစ်နေသော မြန်မာ နိုင်ငံ ခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ ရင်းနှီးမြှပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များအား အမေရိကန် အစိုးရမှ ပိတ်ဆို့ ဒဏ်ခတ် လိုက်ခြင်းပင် ဖြစ်သည်။ ယင်းသည် အမေရိကန် ဆန်းရှင်းများထဲတွင် အထိရောက်ဆုံး ဖြစ်လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - မဇ္ဇျိ မ သတင်း