မျက်ရည်ငှက်များ နားစေသတည်း

by Hla Soewai - Jun 23 2023

ယနေ့ အမေရိကန် အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အာဏာသိမ်း အဖွဲ့၏ ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ ရင်းနှီးမြှပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များအား ပိတ်ဆို့ဒဏ်ခတ်လိုက်ပြီ ဟု သမ္မတ အမိန့် ၁၄၀၁၄ ဖြင့် တရားဝင် ကျေညာလိုက်ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့၏ ကာကွယ်ရေး ဝန်ကြီး ဌာန အတွက် စစ်လက်နက်များ ဝယ်ယူ ရာတွင် အဆိုပါ ဘဏ်များကို ကောင်းစွာ အသုံးချနေ၍ ဖြစ်သည်။ ထို့ပြင် အဆိုပါ ဘဏ်များသည် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ကဲ့သို့ အစိုးရပိုင် လုပ်ငန်းများ အားလည်း နိုင်ငံတကာ ဈေးကွက်များသို့ အလွယ်တကူ ဝင်ရောက် အသုံးပြုနိုင်ရန် ဘဏ်၏ ပြည်ပ ငွေစာရင်းများမှတဆင့် အဆင်ပြေပြေ ဆောင်ရွက်ပေးနေပြီး ရလာသော နိုင်ငံခြားငွေများဖြင့် စစ်ရေး အတွက် အသုံးချနေကြောင်း ကျေညာ ချက်တွင် ပါရှိသည်။

 

မိမိတို့သည် ဒေါ်လာငွေများ ဖြင့် ရုရှား လက်နက်ဈေးကွက်များသို့ ဝင်ရောက်နိုင်မည့် အရေးကို ဟန့်တား နိုင်လိမ့်မည်ကို ယုံကြည်သည်ဟု ဆိုသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီး ချိန်ကစ၍ ဒေါ်လာ တစ် ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများကို ဝယ်ယူ တင်သွင်းခဲ့ပြီး လူ ၆,၀၀၀ ကျော် အသက်ဆုံးရှုံးသွားခဲ့ပြီလည်း ဖြစ်သည်။

 

ထိုဘဏ်နှစ်ခုသည် အာဏာသိမ်း အဖွဲ့၏ “နိုင်ငံခြားငွေများ ရှာဖွေ သိုမှီးထားရာ ဘဏ္ဍာတိုက်ကြီး” လည်း ဖြစ်သည်။ စစ်ကောင်စီ ဝယ်ယူသမျှ နှင့် ကျန် အစိုးရ လုပ်ငန်းများ အတွက် ကျပ်ငွေကို ဒေါ်လာပြောင်းကာ ဒိုင်ခံ ငွေချေပေးနေသော ဘဏ်များဖြစ်သည်။

 

ယခုအခါ အမေရိကန်သည် နိုင်ငံခြားငွေ စီးဆင်းရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီ ဖြစ်သောကြောင့် အာဏာသိမ်းအဖွဲ့ အနေနှင့် စစ်လက်နက် ပစ္စည်းများ ဝယ်ယူနိုင်‌ရေး အတွက် များစွာ အခက်အခဲ ဖြစ်သွားပြီး ထိုသို့ ပိတ်ဆို့ထားမှုအား ရှောင်လွှဲနိုင်ရန် ယခင်ကထက် ငွေကုန်ကြေးကျ များစွာ တဆင့် ခံကာဖြင့် နည်းလမ်း ပေါင်းစုံ ထုတ်သုံးရတော့မည် ဖြစ်သည်။

 

၎င်းတို့အတွက် အကြီးအကျယ် ထိခိုက်သွားရသည်မှာ လေယာဉ်ဆီ၊ စစ်လက်နက် ထုတ်လုပ်ရေး နှင့် ပတ်သက်သော အပိုပစ္စည်းများ၊ အခြား အစိုးရ ဌာနများ အတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူ တင်သွင်းနိုင်ဖို့ များစွာ ခက်ခဲသွားပြီ ဖြစ်သည်။

 

အမေရိကန်သည် ၎င်း၏ မဟာမိတ် ဖြစ်သော ထိုင်းနှင့် အခြားနိုင်ငံများ အား ထိခိုက်ခြင်း နည်းနိုင်သမျှ နည်းရန် ပုံမှန် ‌ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဘန်ကောက်ရှိ အမေရိကန် သံရုံး က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

လက်ရှိ လုပ်ရပ်သည် သဘာဝ ဓါတ်ငွေ့ နှင့် ရေနံ လုပ်ငန်းအား နောက်ဆုံး အဆင့် အဖြစ် ပိတ်ဆို့ ဒဏ်ခတ်ရန်သာ ကျန်ပေတော့သည်။

 

ထိုသို့ လုပ်နိုင်ရန် အတွက်လည်း နောက်တက်လာမည့် ထိုင်း ၏ ရှေ့သို့ချီ ပါတီ ၏ သဘောတူညီချက် ဖြင့် လုပ်‌ဆောင်သွားဖို့ ရှိနေသည်။ ယခုအခါ ထိုင်း ရွေးကော်မှ ရလဒ်ကို အတည်ပြုလိုက်ပြီ ဖြစ်၍ ရှေ့သို့ချီ ပါတီ ခေါင်းဆောင် “ပီတ” အား ပိတ်ဆို့စေကာမူ ကျန်လူများဖြင့် အစိုးရ ဖွဲ့ဖို့ ကျိန်းသေ သလောက် ရှိသွားပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့ ၏ ပြောခွင့်ရ ဇော်မင်းထွန်း မှ ပြောဆိုရာတွင် ယခင်ကလည်း ယခုလို လုပ်ခဲ့ပြီး ဖြစ်၍ မိမိတို့ အပေါ် ထိခိုက်စရာ မရှိဟု မှတ်ချက်ပေးလာခဲ့သည်။ နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်‌ဆောင်မှု အား ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ နှင့် ပြည်ပ ဘဏ်ခွဲများက လုပ်ပေးနေ၍ ဟု ဆိုသည်။

တကယ်တမ်း တွင် ထိုကဲ့သို့သော စကားများက မျက်ကလူး ဆန်ပြာ ဖြစ်လာနေသော ၎င်းတို့အား ထောက်ခံနေသူများ ကို အားပေးသည့် အနေဖြင့် အရှက်ပြေ ပြောဆိုလိုက်ခြင်းမျိုးသာ ဖြစ်သည်။ သို့သော် ပြည်တွင်း ရှိ ဒေါ်လာ အရောင်းအဝယ် ဈေးကွက်တွင်တော့ အကြီးအကျယ် ရိုက်ခတ်သွားပြီး ဒေါ်လာဈေး မြင့်တက်လာမည့် အလားအလာ များ တွေ့နေရလေသည်။

 

ယခင်က ထိုင်း နှင့် စင်္ကာပူ ကဲ့သို့ နိုင်ငံများ သည် အဆိုပါ ဘဏ်နှစ်ခု နှင့် ချိတ်ဆက်လုပ်ကိုင်နေခြင်း ကြောင့် ထိုသို့ လုပ်လိမ့်မည် မဟုတ်ဟု တွက်ဆထားသော အာဏာသိမ်း အဖွဲ့ အဖို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး နေပြည်တော်ရှိ စစ်ကောင်စီ ရုံးတွင် ညလုံးပေါက် burning the midnight oil အရေးပေါ် ကြိတ်ဝိုင်း ဖွဲ့နေလောက်ပေပြီ။ ၎င်းတို့၏ နိုင်ငံခြားငွေ ရရာရကြောင်းများ လျော့နည်းတော့ မည့် အရေးသာမက မြင့်တက်လာနေသော ငွေကြေး ဖေါင်းပွမှုနှုန်း၊ ကျပ်ငွေ တန်ဖိုး ကျဆင်းလာ နေမှု အစရှိသည့် ပြဿနာများ နှင့် ပါ ထပ်မံရင်ဆိုင် ကြရပေဦးမည်။ ရူဘဲလ်၊ ယွမ် နှင့် ရူပီးများကို မရ ရသည့်နည်း ဖြင့် စုဆောင်းဖို့သာ ရှိပေတော့သည်၊ ရုရှား အတွက်လည်း မြန်မာသည် ငွေရရာရကြောင်း cash cow ကြီး ဟု ယူဆတော့မည် မဟုတ်ပေ။

 

တိုင်းပြည်အား အုပ်ချုပ်သွားနိုင်ဖို့ ရေရှည် စီမံကိန်း မျိုး မရှိဘဲ လက်ရှိ ပြည်သူတို့၏ တွန်းလှန် ဆန့်ကျင်နေမှုများကို နှိမ်နှင်းရန်သာ ရည်ရွယ်လုပ်ကိုင်နေသော အာဏာသိမ်း အဖွဲ့ အဖို့ ယခုအခါ စစ်ရေးသာမက ဘဏ္ဍာရေး အရ ပါ ပြိုလဲ လိုက်လာနေပြီ ဖြစ်သည်။ လေကြောင်းအင်အားကို ပုံ‌အော သုံးစွဲလာခြင်းသည်ကပင် နောက်ဆုံး လက်နက် ထုတ်သုံးနေခြင်း ဖြစ်သည်။

 

မြန်မာ အရေး လေ့လာသူ ဒေးဗစ် စကော့ မက်သီဆန်က ၎င်းတို့ အဖို့ နေတဒူဝ ကြုံတွေ့နေရမှု များ အပေါ် စဉ်းစား ဆုံးဖြတ်လုပ်ကိုင်နေကြသည့် reactive အဆင့်မျိုးသာ ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိ အရေးပေါ် အခြေအနေအား မြင့်ဆွေ ကို ခေါ်ခေါ်ပြီး ဖြစ်သလို သက်တမ်းတိုးလာခဲ့သည်မှာ ယခု ဇူလိုင်လ ကုန်တွင် သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်၍ ရှေ့ဆက် ဘာ လုပ်မည်ဆိုသည် မခန့်မှန်း နိုင်သေးဟု Frontier Myanmar အယ်ဒီတာချုပ် သောမတ်စ် ကင်းက ဆိုသည်။

 

အင်ဒိုနီးရှားတွင် ရောက်ရှိနေသော ကုလ၏ မြန်မာ အရေး လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးက အာဆီယံ အနေဖြင့် လက်ရှိ ရှေ့မတိုး နောက်မဆုတ် အနေအထားမှ ဖေါက်ထွက်နိုင်ရန် မြန်မာ အရေး အား အခြေခံကျကျ သုံးသပ်ပြီး နည်းလမ်းသစ် ရှာဖို့ လိုပြီ ဖြစ်ကြောင်း၊ ထိုအထဲတွင် စစ်ကောင်စီ၏ ကျူးလွန်ထားသမျှ ကို တာဝန်ခံရေး လည်း ပါဝင်ရမည် ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!