မြန်မာသည် အသစ်တဖန် ဖြစ်ပွားလာနေသော စစ်အေး တိုက်ပွဲကြီး၏ ရှေ့တန်း စစ်မျက်နှာ ဖြစ်လာ တော့မည်လော

by Hla Soewai - Jun 23 2023

Is Myanmar the Frontline of a New Cold War? ခေါင်းစဉ်ဖြင့် အမေရိကန် တွင် ထုတ်ဝေသော Foreign Affairs မဂ္ဂဇင်းကြီး က ၂၀၂၃ ဇွန်လ ၁၉ ရက်နေ့တွင် ဖေါ်ပြထားခြင်းဖြစ်ပြီး ထိုမဂ္ဂဇင်းကြီး၏ အရှိန်အဝါကြီးမှုကြောင့် လျစ်လျုရှု ၍ မရစကောင်း သဖြင့် ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

မြန်မာသည် စစ်တပ်မှ အာဏာသိမ်းပြီးချိန်ကစ၍ အန္တရာယ်များ လောက်အောင် ကျွမ်းထိုး မှောက်ခုံ ဖြစ်လာ နေခဲ့သည်။ လူထုက အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒပြ ကန့်ကွက်နေခဲ့ရာမှ လက်နက်ကိုင် ဆန့်ကျင်တွန်း လှန်သည့် အဆင့်ထိ ကူးပြောင်း ရောက်ရှိသွားခဲ့သည် နှင့်အတူ နိုင်ငံအတွင်း ဒေသ အတော် များများတွင် ပြည်တွင်းစစ်ကြီး အသစ် တဖန် ဖြစ်ပွားလာခဲ့သည်။

 

လက်ရှိ အခြေအနေမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်လာမှု နှင့် အတူ အိမ်နီးချင်း နိုင်ငံများက ဝင်ရောက် ဖြန်ဖြေရန် ကြိုးစားလာခဲ့သော်လည်း ညှိနှိုင်း အဖြေရှာနိုင်မည့် အနေအထား မျိုး မတွေ့ခဲ့ရပေ။

 

ပြီးခဲ့သည့် နှစ်နှစ်တာ ကာလပတ်လုံး မြန်မာ အကျပ်အတည်း အား အမေရိကန်၊ တရုတ် တို့၏ အာရုံစိုက်မှုကို မဆိုသလောက်သာ ရရှိခဲ့သည်။ ဝါရှင်တန် နှင့် မဟာမိတ်များက ဒီမိုကရေစီ အင်အားစုများဖက်မှ ထောက်ခံကြ သည်ဆိုသော်လည်း ဘူမိနိုင်ငံရေး အ‌နေအထားများကို ထည့်သွင်းစဉ်းစားပြီး စစ်အာဏာသိမ်း အဖွဲ့အား ပြင်းပြင်းထန်ထန် အရေးယူရန် လိုလိုလားလား မရှိခဲ့သည်ကို တွေ့ရသည်။ ဘီဂျင်းသည် စစ်အာဏာရှင် များကို အလုံးစုံမဟုတ်သော်လည်း အချို့အပိုင်းများ တွင်သာ ထောက်ခံမှု ပေးခဲ့ပြီး စောင့်ကြည့်ဦးမည် ဆိုသော သဘောထားမျိုး ကျင့်သုံးခဲ့သည်။

 

ယခုအခါ မြန်မာ အပေါ် ထိုသို့ ချုပ်တည်း နေခဲ့မှု များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ စစ်အာဏာ သိမ်း အဖွဲ့ကိုဆန့်ကျင်နေသော အင်အားစုများသည် အမေရိကန် ၏ တဆင့်ခံ ဖြစ်လာပြီး ဘီဂျင်းသည် အာဏာသိမ်း အဖွဲ့အား တိုး၍ ကျားကန်ပေးလာနေသည်ဟု အချို့သော ဖြစ်ပေါ် ပြောင်းလဲမှုများကို အခြေခံ၍ လွဲမှားစွာ သုံးသပ်လာခဲ့သည်။ ယင်းအပေါ် အခြေခံကာ စစ်အေး တိုက်ပွဲကြီး စတင်လာခဲ့သည်။ စစ်အေး တိုက်ပွဲ ဆိုသည်မှာ ပြဿနာတရပ်အား နှစ်ဖက်စလုံးက မိမိတို့ ဖာသိဖာသာ နေမည်ဆိုလျှင် တဖက်အကျိုးရှိဖို့သာ ဖြစ်လာမည်ဟု တွက်ဆလာခဲ့ရာမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် အာဆီယံ နိုင်ငံများ ကြားညပ်မည့် အနေအထားကို ဆိုက်လာခဲ့သည်။ အာဆီယံ သည် အမေရိကန် တရုတ် နှစ်နိုင်ငံစလုံး နှင့် ဆက်ဆံ‌ရေး ကောင်းအောင် ကြိုးစားခဲ့သည်။ သို့သော် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်ရာတွင် စည်းလုံးမှု မရှိခဲ့ကြ၍ အဆုံးတွင် အမေရိကန် နှင့် တရုတ်အကြား၌ ကြားနေ၍ မရတော့ဘဲ တဖက်ဖက် ကို ပြတ်ပြတ်သားသား ထောက်ခံရတော့မည့် အခြေကို ဆိုက်လာတော့ပေမည်။ အမေရိကန် နှင့် မဟာမိတ်များက စစ်အာဏာသိမ်း အဖွဲ့၏ တရုတ်မျှော် ဝါဒသည် ဒေသတွင်း ၎င်းတို့ဩဇာအာဏာ ကျဆင်း လာပြီး မတည်ငြိမ်မှုများ ပေါ်ပေါက်ရန်သာ ရှိသည်ဟု ယူဆလာကြသည်။

 

DOUBLE GAME

***************

 

အမေရိကန်သည် အာဏာသိမ်း ပြီး မြန်မာပြည် အခြေအနေပေါ် ၎င်းတို့၏ စံနှုန်း များ နှင့် အကျိုးစီးပွား အကြား မျှမျှတတ စဉ်းစားပြီး ချဥ်းကပ်ခဲ့သည်။ ဝါရှင်တန်အနေနှင့် စစ်အာဏာသိမ်း အဖွဲ့ အား ဆန့်ကျင်သည် ဆိုသော် လည်း ဒေသတွင်းရှိ မဟာမိတ် နှင့် အကျိုးတူ နိုင်ငံ အချို့သည် အဆက်အဆံ လုပ်နေသေး၍ ၎င်းတို့ဖက်မှ အမေရိကန်အား အနိုင်ကျင့်လိုသူများ အဖြစ် သံသယ စိတ်ဝင် အမုန်းပွားမည့် အနေအထားမျိုး မရောက်အောင် သတိကြီးစွာ ထားခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့အတွက် တနှစ်လျှင် ဒေါ်လာ ၁.၅ ဘီလီယံ ရနေသော ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း များကို ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု မျိုး မလုပ်ဘဲ လွှတ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုမျှ မကသေး၊ စစ်အာဏာသိမ်း အဖွဲ့ နှင့် လုပ်ငန်းများ ဆက်စပ်နေသော ထိုင်း စွမ်းအင် ကုမ္ပဏီများ၊ စင်္ကာပူ ဘဏ်များကိုလည်း ဒီအတိုင်း ကြည့်နေခဲ့သည်။

 

အထူးသဖြင့် ထိုင်း ကို ချော့ချော့မော့မော့ ဆက်ဆံ‌နေရ၍ လည်း ဖြစ်သည်။ ဩစတေးလျှ၊ ဂျပန် နှင့် အိန္ဒိယ တို့သည် ဖိအား အလွန်အကျွံ ပေးပါက တရုတ်ရင်ခွင်ထဲ တွန်းပို့ လိုက်သလို ဖြစ်မည့် အရေးကိုလည်း စိုးရိမ် မကင်း ဖြစ်နေကြသည်။ ထိုအထဲတွင် အစိုးရိမ် လွန်နေသော အိန္ဒိယသည် စစ်အာဏာသိမ်း အဖွဲ့နှင့် စီးပွားရေး ၊သံတမန် အဆက်အဆံများ တိုးမြှင့်ပြုလုပ်လာကြသည်။

 

တရုတ်သည် မြန်မာ အကျပ်အတည်း အပေါ် စိတ်နှစ်ခွ ဖြင့် ဆက်ဆံနေဆဲ ဖြစ်သည်။ မိုင်ပေါင်း ၁,၃၀၀ ခန့် နယ်နမိတ် ထိစပ်နေသော တဖက်နိုင်ငံတွင် ပြည်တွင်းစစ်ကြီး ဖြစ်လာပါက ၎င်းတို့၏ ဘီလီယံ ဒေါ်လာတန် ပရောဂျက်များ ထိခိုက်ပြီး မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်နေသလို တဖက်တွင်လည်း မြန်မာ စစ်ခေါင်း ဆောင်ပိုင်း အား ခန့်မှန်းရခက်သူများ အဖြစ် လုံးဝ အယုံအကြည် မရှိ ဖြစ်နေသည်။ နိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ ထောက်ခံမှု ပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော် ၍လက်နက်များ မှောင်ခို အရောင်းအဝယ် လုပ်နေ သည်ကိုလည်း မသိချင်ယောင် ဆောင်နေခဲ့သည်။

 

ထိုအကြောင်းများကြောင့် ဘီဂျင်းသည် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်များ ဖက်ကို အလေးသာ လာခဲ့ ခြင်းဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့အား အရပ်ဖက် အုပ်ချုပ်ရေးသို့ ပြန်လွှဲပြောင်းပေးရန် ပွင့်ပွင့် လင်းလင်း တောင်းဆိုခဲ့ခြင်း မရှိသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အောက်လမ်းမှ ဆက်သွယ်လာခဲ့သည်။ စစ်တပ်အပေါ် NLD အား ဖျက်သိမ်းခြင်း မပြုရန် ဖိအားပေးခဲ့သည်။ နယ်ခြား တိုက်ပွဲများကြောင့် မတော် တဆ ၎င်းတို့ နယ်မြေထဲသို့ ဗုံးဆံများ ကျရောက်လာပါက “လိုအပ်သလို တုန့်ပြန်သွားမည်” ဟု သတိပေး ခဲ့သည်။

 

တရုတ်သည် စစ်အာဏာရှင်များ နှင့် လက်တကမ်း အကွာသာ ဆက်ဆံချင်သည်ကို ၂၀၂၂ နွေရာသီတွင် အတိုင်းသား တွေ့မြင်ခဲ့ရသည်။ ထိုအချိန်က ဒေသ အစည်းအဝေး တက်ရောက်ရန် ရောက်လာသည့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မင်းအောင်လှိုင် နှင့် တွေ့ရန် ငြင်းပယ်ခဲ့မှု ပင် ဖြစ်ပြီး သံတမန်ရေးအရ အရှက်တကွဲ ဖြစ်သွားခဲ့ရဖူးသည်။

 

“တရုတ် ထိုးစစ် စလာပြီ”

*********************

 

မြန်မာတွင် အမေရိကန် နှင့် တရုတ် အကျိုးစီးပွားများ ဒွေးရောယှက်တင် ဖြစ်လာမှုသည် လတ်တလော တွင် တရုတ်-အမေရိကန် ယှဉ်ပြိုင်မှု၏ ဗဟို ဆွဲအား အဖြစ် ရောက်လာမည့် အရေးကို အများအားဖြင့် ရှောင်ရှား နိုင်ခဲ့သော်လည်း နိုင်ငံတွင်းရှိ တော်လှန်ရေး အင်အားစုများ သည် သူတို့ တိုက်ပွဲအား ကမ္ဘာတဝှမ်း ဒီမိုကရေစီ နှင့် အော်တိုကရေစီ အကြား ရုန်းကန်မှု ကြီး ၏ တစိတ်တပိုင်း အဖြစ် ရှုမြင်လာကြသည်။ ဤသည်ကို မြန်မာ တော်လှန်ရေး အင်အားစုများ၏ ယူကရိန်း ဖက်က ထောက်ခံမှု နှင့် စစ်အာဏာသိမ်း အဖွဲ့၏ ရုရှားဖက်မှ ရပ်တည်လာခြင်း တွင် အထင်အရှား တွေ့လာရသည်။

 

တရုတ်နှင့် အမေရိကန် တို့က ၎င်းတို့အကြား တဆင့်ခံ စစ်ပွဲ အဖြစ် မရှုမြင်ကြဘဲ ၎င်းတို့ အကျိုးစီးပွား များ ထိန်းညှိလှုပ်ရှားသွားရမည့် နေရာအဖြစ် သဘောထားခဲ့ကြသည်။ ၂၀၂၁ စက်တင်ဘာလ တွင် ကုလ သမဂ္ဂ နေရာအား မြန်မာ စစ်ကောင်စီ မှ ရယူသွားမည့် အရေးကို နှစ်နိုင်ငံ ပူးပေါင်းပြီး ပိတ်ဆို့ခဲ့ကြသည်။

 

ထိုသို့ အနေအထား ရှိခဲ့ရာ ပြီးခဲ့သည့် နှစ်မှစ၍ ဘီဂျင်းသည် မူလ က သတိကြီးစွာ ထား ဆက်ဆံနေမှု အား ပြစ်ပယ်လိုက်ပြီး အာဏာသိမ်း အဖွဲ့အား ပွေ့ဖက်လာခဲ့သည်။ ဤသည်ကလည်း ဝါရှင်တန်ဖက်မှ ပြောင်းလဲ လာပြီ ဟု ယူဆလိုက်၍လည်း ဖြစ်သည်။ ယူဆစရာ အကြောင်း နှစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ပထမ အကြောင်းမှာ အမေရိကန် လွှတ်တော်မှ BURMA ACT အား ပြဋ္ဌာန်းပေလာခြင်း နှင့် ဒုတိယ အကြောင်းမှာ ဝါရှင်တန် တွင် NUG ရုံး ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

 

တကယ်တမ်း တွင် ထိုအကြောင်းခြင်းရာ နှစ်ရပ်သည် အမေရိကန်တို့ မူဝါဒ သိသိသာသာ ပြောင်းလဲလာခြင်းဟု ယူဆ၍ မရပေ။ ဥပဒေ တွင် လူများ သေစေနိုင်သည့် လက်နက်အကူ အညီ ပေးခြင်းနှင့် ရေနံ သဘာဝဓါတ်ငွေ့ လုပ်ငန်းများ အား ဒဏ်ခတ်ခြင်း များ မပါရှိသည့် အပြင် အခြား အကူအညီများလည်း ပေးရန် မယ်မယ်ရရ ကြိုးပမ်းခဲ့ခြင်း မရှိဘဲ ယူကရိန်း အား ထောက်ပံ့နေသည်နှင့် စာလျှင် နှမ်းစိမျှသာ ရှိသည်ဟု ဆိုရမည်။ ရုံးခန်း ဖွင့်ခွင့် ပေးခဲ့ခြင်းမှာလည်း တော်လှန်ရေး အင်အားစုများ နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ၎င်းတို့ တိုး၍ ထောက်ခံမှုကို ပြသ လိုရုံ သက်သက်သာ ဖြစ်သည်။

 

ဘီဂျင်းဖက်ကတော့ စစ်အာဏာသိမ်း အဖွဲ့ဖက်မှ အခိုင်အမာ ရပ်တည်လိုက်ပြီ ဖြစ်သည်။ မေလ အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ရှင်ဂန်းသည် မင်းအောင်လှိုင် နှင့် လာရောက်တွေ့ခဲ့သည်။ ယခုနှစ် အစောပိုင်းတင် NLD အား ဖျက်သိမ်းခဲ့သည်။ ယင်းသည် ဘီဂျင်း၏ ခွင့်ပြုချက် မရဘဲ လုပ်နိုင်မည် မဟုတ်ပေ။ အတွင်း သတင်း များအရ တော်လှန်ရေး အင်အားစုများအား အနောက်နှင့် နီးနီးစပ်စပ် မနေရန်ပင် ဘီဂျင်းမှ တိုက်တွန်းလာ သည်ဟု ဆိုသည်။

 

ဘီဂျင်း၏ အထူးသံတမန် မှာ အတော်လေးလှုပ်ရှားလာပြီး သံတမန် ထိုးစစ် စတင်လာခဲ့သည်။ ပြီးခဲ့သည့် လများ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဏာသိမ်း ခေါင်းဆောင်များ နှင့် တွေ့ဆုံလာခဲ့သည်။ ထို့ပြင် တိုင်းရင်းသား အဖွဲ့များအား အပစ်အခတ်ရပ်စဲရန် တွန်းအားပေးလာခဲ့သည်။ တရုတ်၏ သပ်လျှိုသည့် လုပ်ရပ်သာ အောင်မြင်သွားပါက စစ်ကောင်စီ အဖို့ ၎င်းတို့ ဆက်၍ ရှင်သန် နိုင် တော့မည် ဆိုကာ ရဲတင်းလာတော့မည် ဖြစ်ပြီး တော်လှန်ရေး အင်အားစုများ အတွက် ချည့်နဲ့သွားစေမည် ဖြစ်သည်။

 

ခြံစည်းရိုး ပေါ်မှ ဆင်းလာခြင်း

****************************

 

တရုတ် တို့ ထိုကဲ့သို့ ခြံစည်းရိုး ပေါ် ခွထိုင်နေရာမှ အောက်ဆင်းလာခြင်းသည် စစ်အေး တိုက်ပွဲ အစပျိုးလာခြင်း ဖြစ်ပြီး ဒေသတွင်း နိုင်ငံများသည် တဦးနှင့် တဦး အကြောမပေးပဲ သူတို့ သန်ရာသန်ရာဖက် ထောက်ခံလာကြ တော့မည် ဖြစ်သည်။ တရုတ် ပါဝင် ပတ်သက်လာမှုသည် ပဋိပက္ခကို ပို၍ ရှည်ကြာစေနိုင်ပြီး မြန်မာတို့ ဒုက္ခ သုက္ခများ နှင့် ကြာရှည် ရင်ဆိုင်ရဖို့ ရှိနေသည်။ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှု တွင် ကြားညပ်လာ နိုင်သည်။

 

အာဆီယံ ၏ တာဝန်မယူနိုင်မှုသည် မြန်မာအား တရုတ် တို့အတွက် ကစားကွင်း ဖြစ်အောင် ဖန်တီးပေးသလို ဖြစ်နေသည်။ ထိုမျှမကသေး ထိုင်း နှင့် နောက်နှစ်တွင် အာဆီယံ ဥက္ကဌ တာဝန်ယူမည့် လာအိုသည် အာဏာ သိမ်း အဖွဲ့နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်လိုကြသည်။

 

ထိုသို့သော နိုင်ငံများ အနေဖြင့် အချက်အလက်များ ကို မှန်မှန်ကန်ကန် မြင်အောင် ကြည့်ပြီး သုံးသပ်ဖို့လိုသည်။ 

(၁) မြန်မာစစ်တပ်သည် နှစ်ပေါင်း ခုနှစ်ဆယ် လုံးလုံး အကြမ်းဖက်မှု များ မြစ်ဖျားခံ ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။

(၂) စစ်တပ်သည် အင်အား မည်မျှပင် သာလွန်နေစေကာမူ စစ်မြေပြင် တွင် အောင်ပွဲ ခံလာနိုင်စရာ အကြောင်း မရှိ၊ ကျေးလက်ဒေသများကို လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့။ ၎င်းတို့အား အာဏာမှ ဖယ်ရှားနိုင်မှသာလျှင် ဒေသတွင်း ရေရှည် တည်ငြိမ်မှု ရလာမည် ဖြစ်သည်။ အာဆီယံ နှင့် အခြား နိုင်ငံများ သည် အဆိုပါ ပကတိ ဖြစ်ရပ်မှန် အနေအထားကို သုံးသပ်ဆင်ခြင်ရမည် ဖြစ်သည်။

(၃) အာဆီယံ သည် မြန်မာအရေး တွင် ခြံစည်းရိုး ခွထိုင်နေ၍ မဖြစ်တော့၊ တရုတ်တို့၏ စစ်အာဏာသိမ်း အဖွဲ့ကို ထောက်ခံနေမှု အောင်မြင်သွားလျှင် ပဋိပက္ခသည် ပို၍ ရှည်ကြာလာစရာ ရှိပြီး တရုတ်သည်လည်း ဒေသတွင်း ပို၍ လက်ရဲဇက်ရဲ နိုင်လာမည် ဖြစ်သည်။ အာဆီယံ နိုင်ငံများ အဖို့ တဖက်ဖက်မှ မဖြစ်မနေ ရွေးရဖို့ ဖြစ်လာနိုင်သည်။

 

အမေရိကန် အစိုးရ အနေဖြင့် လည်း မြန်မာ အား မဟာဗျူဟာ အရ အရေးမပါသော နိုင်ငံအဖြစ် ဆက်၍ ယူဆထားရန် မဖြစ်တော့၊ မြန်မာသည် အရှေ့တောင်အာရှ နှင့် တောင်အာရှ ဆုံရာတွင် ရှိနေ၍ ဒေသတခုလုံး တည်ငြိမ်ရေး အတွက် မရှိမဖြစ် လိုအပ်လာပြီ ဖြစ်သည်။ ပထမဆုံး အဖြစ် BURMA ACT အတိုင်း လုပ်ရန် ကတိပေးထားသည့် အတိုင်း ပို၍ အလေးပေး ဆောင်ရွက်ရန်၊ ဒေသတွင်း နိုင်ငံများကိုလည်း ထိုဥပဒေ နှင့်အညီ မူဝါဒ များ ပြန်လည် ညှိနှိုင်းရန် ဆွဲဆောင်နိုင်ဖို့ လိုသည်။

 

မြန်မာ ပြဿနာအတွက် တရုတ် နှင့် ပြိုင်လျှင် သူရှုံး သို့မဟုတ် ကိုယ်ရှုံးသည်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင် ရမည် ဟု မရှုမြင်သင့်ပဲ ဘီဂျင်း နှင့် အတူ ညှိနှိုင်း၍ ဆောင်ရွက်သွားသင့်သည်။ သူစည်းကိုယ့်စည်း မကျော် အောင် အရံအတားများ ချထားမည် ဆိုလျှင် ဖြစ်နိုင်ပေသည်။ ဒေသတွင်း တည်ငြိမ်ရေးသည် အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံစလုံး အကျိုးရှိရာ ရှိကြောင်း ဖြစ်မည်။ ထိုသို့ ဖြစ်ရန် စစ်အာဏာသိမ်းအဖွဲ့ကို အရင် ဖယ်ရှားပြစ်မှ ဖြစ်မည် ဆိုသည်ကို တရုတ်ခေါင်းဆောင်များ သဘောပေါက် အောင် ပြောဖို့ လိုသည်။ BURMA ACT သည် ဘီဂျင်းအတွက် အန္တရာယ် မကျရောက်စေရဘဲ နှစ်နိုင်ငံ အကျိုးရှိရာ ရှိကြောင်း ပံ့ပိုးပေးမှုသာ ဖြစ်သည်ကို ပေါ်လွင်စေရမည်။

 

တရုတ်အနေဖြင့်လည်း စစ်အာဏာသိမ်း အဖွဲ့အား လူထု မှ လုံးဝထောက်ခံခြင်း မရှိသည့် အချက်ကပင် ၎င်းတို့ ရေရှည် အကျိုးစီးပွားအတွက် အန္တရာယ် ရှိနေကြောင်းကို သတိမူသင့်သည်။

 

အာဆီယံ အနေဖြင့် စစ်အေး တိုက်ပွဲ လက္ခဏာများ ဒေသတွင်း သွပ်သွင်းလာမည့် အရေးကို အဓိက စိုးရိမ်စရာ အဖြစ် သဘောထားရမည်။ ထိုင်း၏ မကြာသေးမီက အပြုအမူ များသည် စစ်အာဏာသိမ်း အဖွဲ့အား ဆက်လက် ရပ်တည်သွားနိုင်မည်ဟု မျှော်လင့်ချက်အမှားများ ပေးရာ ရောက်နေသည်။ 

 

ဒေသတွင်း တည်ငြိမ်ရေးအား လိုလားသည့် အာဆီယံ အဖို့ စစ်အာဏာသိမ်း အဖွဲ့ကို ဖယ်ရှားနိုင်မှ ဖြစ်မည် ဆိုသည်ကို တခုတည်းသော ဦးတည်ချက် အဖြစ် နှလုံးသွင်းထားမှ ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!