ရှက်တတ်သင့်ပြီ

by Hla Soewai - Jun 23 2023

ယနေ့ သတင်းများ တွင်တော့ စစ်အာဏာသိမ်း အဖွဲ့၏ ပန်းသပိတ် ဖြိုခွင်းမှု မအောင်မြင်ခဲ့ပုံ နှင့် ထိုင်း အိမ်စောင့် အစိုးရ၏ ပတ္တရာ ဆွေးနွေးပွဲ အပေါ် အပြင်းအထန် ဝေဖန် နေကြသည့် သတင်းများ လွှမ်းမိုးနေပေသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ သား ဖြစ်သူ ကိုထိန်လင်း က နောက်နှစ် ဒီလို အချိန် မှာ မေမေ နဲ့ ပြန်ဆုံပြီး ကိုယ်တိုင် ကိုယ်ကျ မွေးနေ့ဆုတောင်း ပြုလုပ်ခွင့် ရလိမ့်မည်ဟု မျှော်လင့် မိကြောင်း မက်ဆေ့ချ် ပေးပို့လာခဲ့သည်။ ထို့အပြင် မတရား အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ လူထု၏ ဒီမိုကရေစီ နည်းလမ်း တကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်လွှဲပေးရေး အတွက် ‌ဆွေးနွေးမှုများ ပြုလုပ်ရန် လည်း တောင်းဆိုလိုက်သည်။

 

ထားဝယ် မြို့နေ လူထု ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အတွက် တခဲနက် စုဝေး ချီတက် ဆုမွန်ကောင်း များ တောင်းသည့် သတင်းဓါတ်ပုံအား ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည် ကို အားရဖွယ် တွေ့မြင်ခဲ့ ရသည်။

 

ရန်ကုန်၊ မုံရွာ၊ မန္တလေး မြို့ကြီးများတွင် ချီတက် ဆန္ဒပြပွဲများ ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ အသီးသီးကလည်း စစ်ကိုင်း၊ မကွေး၊ မန္တလေး နှင့် တနင်္သာရီ ဒေသကြီး များ တွင် မွေးနေ့ပွဲ အထိမ်းအမှတ်များ နိုင်ငံအနှံ့ နယ်မြေ အသီးသီး တွင် ကျင်းပခဲ့ကြသည်။ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်များ ကလည်း မွေးနေ့ဆုတောင်း သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြကြောင်း သိရသည်။

 

ရန်ကုန် တော်လှန်ရေး တပ်ဖွဲ့ ဝင်များကလည်း “အမေ့ကို လွမ်းတယ်” ဟူသော ဗီနိုင်း စာတန်းအား လုံခြုံရေး အထူး တင်းကျပ်စွာ ချထားသည့် ကြားမှ မြို့တော်၏ ကုန်းကျော်တံတား တခု တွင် ရဲဝံ့စွာ ချိတ်ဆွဲ နိုင်ခဲ့သည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

အလားတူ အမေရိကန်၊ တောင်ကိုရီယား၊ နယ်သာလန်၊ ပြင်သစ် နှင့် မလေးရှား နိုင်ငံများတွင်လည်း မွေးနေ့ အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဤကဲ့သို့ ပြည်သူတရပ်လုံး၏ တခဲနက် ဆန္ဒ ထုတ်ဖေါ်လာမှု ကို စစ်အာဏာသိမ်း အဖွဲ့က ဖာသိဖာသာ နေရကောင်းမှန်း မသိ၊ အနိုင်ကျင့်လိုစိတ်ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပန်း ပန်သူ အမျိုးသမီး လေးဆယ်ကျော်အား ဖမ်းဆီးလိုက်ပြီး ရန်ကုန် ရှိ ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်များ အတွင်း ပန်းဆိုင်များကို လိုက်လံ ပိတ်သိမ်းခိုင်းခဲ့သည်ဟု သတင်းက ဆိုသည်။

 

ထိုအချိန် တရက်တည်း လိုလိုမှာပင် ထိုင်းနိုင်ငံ ပတ္တရာ ကမ်းခြေ တွင် ထိုင်း အိမ်စောင့် အစိုးရ၏ ကမကထ ပြုမှု ဖြင့် အာဆီယံ-မြန်မာ နိုင်ငံခြားရေး ဝန်ကြီး များ “အလွတ်သဘော” ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

 

ထိုဆွေးနွေးပွဲသို့ လာအို တနိုင်ငံသာ နိုင်ငံခြားရေး ဝန်ကြီး စေလွှတ်ခဲ့ပြီး ကျန်နိုင်ငံများ ဖြစ်သော ဘရူးနိုင်း၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် တို့က အငယ်တန်း ကိုယ်စားလှယ် အဆင့်သာ တက်ရောက်စေခဲ့သည်။ ဆွေးနွေးပွဲ၏ နောက်ကွယ်က လက်သည်ကြီးဟု ယူဆရသည့် တရုတ် နိုင်ငံမှလည်း ကိုယ်စားလှယ် တက်ရောက် လာခဲ့သည်။ ဖိလစ်ပိုင်သည် တင်းမာမှုများ မြင့်တက်လာနေသော တောင်တရုတ် ပင်လယ် အရေး အပေါ် တရုတ် နှင့် ဘေးထွက်ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရောက်လာခြင်း ဖြစ်ပုံရသည်။

 

ထိုင်း၏ လက်ရှိ ပရာရွတ် အစိုးရသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လူထု၏ ငြင်းပယ်ခဲ့မှု ကြောင့် မဲ အပြတ် အသတ် ဖြင့် ရှုံးနိမ့်သွားရသည့် အပြင် လက်ရှိ အိမ်စောင့်အစိုးရ အဖြစ် တာဝန်ယူထားရသည့် အဆင့်ဖြင့် ရက်သတ္တပတ် အနည်းငယ်သာ ကျန်တော့သည့် အချိန်တွင် ထိုကဲ့သို့ ဆွေးနွေးပွဲ မျိုး ကို ခေါ်ယူရန် တရားဝင်မှု မရှိ၊ လုပ်ထုံးလုပ်နည်း နှင့် လည်း မညီဟု ဝေဖန်ခဲ့ကြသည်။

 

ထိုင်းမှ မြန်မာ နှင့် ကီလိုမီတာ ၂,၄၀၀ ခန့် နယ်နမိတ်ချင်း ထိစပ်နေ၍ မိမိတို့ အကျိုးစီးပွား အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကာကွယ်ပြောဆိုလာခဲ့သည်။ မြန်မာ အကျပ်အတည်းကို အာဆီယံ နိုင်ငံများထဲတွင် မိမိတို့သာ အခံရဆုံး ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်က ထုတ်ဖေါ်ပြောဆိုလာသည်။

 

အင်ဒိုနီရှား၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံတို့မှ တက်ရောက်ခြင်း မရှိကြပေ။ အင်ဒို နိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရန် တလ ပင် မလိုတော့သည့် အချိန်တွင် ယခုလို ပြုလုပ်လာမှု အပေါ် ဝေဖန်လိုက်သည်။ အင်ဒိုနီရှား သည် အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် ပတ်သက်နေသည့် အဖွဲ့အစည်းများ နှင့် ထိတွေ့ ဆက်ဆံမှု ၇၅ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

 

ထိုအထဲတွင် ထိုင်း ရှိ အင်ဒိုနီရှား သံအမတ် သည် ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် နှင့် လူချင်း တွေ့ဆုံ ဆွေးနွေးရန် အပူတပြင်း ကြိုးပမ်းခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

 

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ အာဆီယံသည် မြန်မာ နှင့် ပြန်လည် ဆက်ဆံရန် သို့တည်း မဟုတ် ချဥ်းကပ်မှု အသစ် ဖေါ်ဆောင်ရန် တူညီ ဆန္ဒ ဖေါ်ဆောင်နိုင်ခြင်း မရှိတော့ဟု ဝန်ခံသွားခဲ့သည်။

 

ထိုင်းသည် အသက်သွေးချွေးပေါင်း များစွာ အရင်းပြု၍ တိုက်ပွဲ ဝင်နေကြသော မြန်မာပြည်သူများအား လုံးဝ စော်ကား လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ အရပ်ဖက် လူ့အဖွဲ့အစည်း ပေါင်း ၃၄၀ လက်မှတ်ရေးထိုး ထုတ်ပြန် သော စာတွင် ရှုတ်ချလိုက်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း ထိုင်းမှ တရားမဝင် အစိုးရ အား ဖိတ်ခေါ်လာခြင်းသည် မြန်မာ ပြဿနာအား နိုင်ငံရေး အရ အဖြေရှာရန် မည်သို့မျှ အထောက်အကူ မပြုသည့် လုပ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချလိုက်သည်။

 

ပရာရွတ် အစိုးရသည် ဩဂုတ်လ အတွင်း ဖွဲ့စည်းလာမည့် အစိုးရသစ် အတွက် လမ်းကြောင်း ချပေးရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

 

အစည်းအဝေး သို့ တက်ရောက်လာသည့် နိုင်ငံများသည် ဒီမိုကရေစီ အရေး အတွက် ရှေ့တန်းမှ ရပ်တည်နေသူ များ မဟုတ်ဘဲ ပရာရွတ်အား ထောက်ခံနေကြမှု များ ကြောင့် ထွက်ပေါ်လာသော ရလဒ်သည် အာဆီယံ ၏ ရပ်တည်ချက်ကို မည်သို့မျှ သက်ရောက်မှု ရှိမည် မဟုတ်ဟုလည်း မှတ်ချက် ချခဲ့ကြသည်။

 

ပရာရွတ် အစိုးရ၏ လုပ်ရပ်သည် ၎င်းတို့ အဖို့ သိက္ခာ ကျဆင်းသွားခဲ့ရသည်သာ အဖတ်တင်သွားစေခဲ့သည့် အစည်းအဝေး ပွဲမျိုး ဟု ဆိုရမည် ဖြစ်သည်။

 

ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆင် မှ ဖနွမ်းပင် ရှိ ရေသန့်စက်ရုံ ဖွင့်ပွဲ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားခဲ့ရာ ထိုစက်ရုံ အတွက် ပန္နက်ရိုက် အခမ်းအနားကို မြန်မာပြည်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းသည့် နေ့တွင် မိမိ တက်ရောက် ခဲ့ရာ ယခု ပထမ အဆင့် စက်ရုံကြီး အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်သည်။ မြန်မာ သည် ထိုကာလ အတွင်း ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် လုပ် ပြီး ခဲ့ပြီလဲဟု မိမိ မေးခွန်း ထုတ်လိုကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်ဟု ဖနွမ်းပင် ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

ရှက်တတ်လျှင် လဲသေဖို့ပင် ကောင်းလှသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!