မြန်မာ စီးပွားရေး သည် ဖျောက်ဖျက်၍ မရတော့သည့် အမာရွတ်ကြီး အဖြစ် ထင်ကျန် သွားလိမ့်မည်ဟု ကမ္ဘာဘဏ် သတိပေး

by Hla Soewai - Jun 28 2023

စစ်ကောင်စီ၏ မူမမှန်သော ပေါ်လစီ များ နှင့် ပြင်းထန်လာနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် စီးပွားရေး အကျပ်အတည်းသည် “အမြဲလို” အမာရွတ်ကြီး အဖြစ် ကျန်ရှိသွားတော့မည်ဟု ကမ္ဘာဘဏ်က သတိပေးချက် ထုတ်ပြန်လိုက်သည်။

 

“အထိမခံ သော နာလန်ထမှု” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ၂၀၂၁ တွင်း စီးပွားရေး ပြင်းထန်စွာ ဆုတ်ယုတ်ကျဆင်းသွားမှု နှင့် နောက်ပိုင်း ပြန်၍ နာလံထလာမှုသည်လည်း တသမတ်တည်း မဟုတ်ဘဲ အတက်အကျ များ နှင့် ဖြစ်နေသည်ဟု ဆိုသည်။ တမျိုးသားလုံး ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှုသည် ကမ္ဘာဘဏ် ခန့်မှန်းခဲ့သလို ၃ ရာနှုန်းအထိ တိုးတက်လာခဲ့သော်လည်း ၂၀၁၉ နှစ် ကိုဗစ် မတိုင်မီ ပမာဏ ထက် ၁၀ ရာနှုန်း လျော့နည်းနေဆဲ ဖြစ်ကြောင်း ပါရှိသည်။

 

ထိုအနေအထားကိုပင် ယခင် NLD အစိုးရ နှင့် လုပ်ကိုင်ခဲ့ဖူးသော စီးပွားရေး ပညာရှင်များက အကောင်းဖက်က မြင်လွန်းသည်ဟု ဝေဖန်လာခဲ့သည်။ ဝင်ငွေနည်း မိသားစုများသည် ဝင်ငွေ ၏ ၆၄ ရာနှုန်း ကို အစားအသောက် အတွက် သုံးစွဲနေရဆဲ ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

 

မင်းအောင်လှိုင်သည် ထိုသို့ အစားအသောက် ‌ဈေးနှုန်းများ မြင့်တက်လာနေမှုများ အပေါ် “ငွေကြေး ကစားမှု” နှင့် မသမာသော အတိုက်အခံ များ၏ ဖန်တီးထားမှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချလာခဲ့သည်။

 

၂၀၁၂-၂၀၂၂/၂၃ အတွင်း အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရောက်လာသူ ၉ သန်း ခန့် ဖြစ်လာသော်လည်း ထိုကာလ အတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှုသည် ၂ သန်း ခန့်သာ ရှိသည်။ အလုပ်သမား များ၏ ကုန်ထုတ်စွမ်းအား လျော့ကျသွားမှု၊ အလုပ်သမား လိုအပ်ချက်များ လျော့နည်းသွားမှု၊ လျှင်မြန်စွာ မြင့်တက် လာနေသော ငွေကြေး ဖောင်းပွမှု များ ကြောင့် အလုပ်သမား များ၏ အမှန်တကယ် ရရှိခဲ့သည့် လုပ်ခ သည် ငွေဖေါင်းပွမှု ကို ဖယ်၍ တွက်ချက်မည် ဆိုလျှင် ၁၅ ရာနှုန်း အထိ ထိုးဆင်းသွားခဲ့သည်ဟု လည်း ပါရှိခဲ့သည်။

 

ထို့ပြင် အာဏာသိမ်း အဖွဲ့မှ စီးပွားရေး လုပ်ငန်းများအား တင်းကျပ်စွာ ချုပ်ကိုင်ထားသည့် မူဝါဒများကို ကျင့်သုံး လာခဲ့ပြန်သည်။

 

အဓိကအား ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်ချပေးရန် လိုအပ်ချက်များ တိုးချဲ့လာခြင်း၊ လောင်စာဆီ တင်သွင်းမှု စည်းမျဉ်းများ တင်းကျပ်လာခြင်း၊ ပြည်ပ သို့ ငွေ လွှဲပြောင်းမှုများ အပေါ် ကန့်သတ်လာခြင်း တို့ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်သော ပစ္စည်းများ တင်သွင်းရန် အခက်အခဲများ ဖြစ်လာနေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ ထိုထက်မက ရှိနေသော အကြောင်းရင်းများကို ကမ္ဘာ ဘဏ် အစီရင်ခံစာ တွင် သိသိသာသာ ပါရှိလာခြင်း မရှိဟု ပြောဆိုခဲ့သည်။ နိုင်ငံ လူဦးရေ၏ သုံးပုံတပုံသည် အခြေခံ လိုအပ်ချက်များ ချို့တဲ့နေဆဲ ဖြစ်ပြီး၊ တဝက်ခန့်သည် လုံလောက်သည့် ဝင်ငွေ မရရှိနိုင်ဘဲ အလုပ် လက်မဲ့ များ တနိုင်ငံလုံး အနှံ့များ ပြားလာနေမှု ဖြစ်နေသည်။ ထိုအနေအထားသည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု နှင့် စားကုန်လုပ်ငန်း ထုတ်လုပ်မှု ကျဆင်းလာနေခြင်းကြောင့် ပို၍ ဆိုးဝါးလာဖွယ် ရှိသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ကျေးလက် စီးပွားရေး လုပ်ငန်းများ ပျက်စီးသွားနေခြင်း စသည့် အချက်များ ထောက်ရှုမည် ဆိုက ကမ္ဘာဘဏ် အစီရင်ခံစာသည် အကောင်းဖက်က ရှုမြင်လွန်းသည် ဟု ပြောခဲ့သည်။

 

စစ်တပ်သည် ၎င်းတို့၏ နိုင်ငံရေး အကျိုးစီးပွား များ၊ လုံခြုံမှု ရှိမရှိ အရင်တွက်ချက်ပြီးမှသာ စီးပွားရေး အစီ အစဉ်များ ချမှတ်နေခြင်းကြောင့် ဖြစ်သည်ဟု Fitch Group တွင် ပါရှိသည့် BMI ကုမ္ပဏီ က ဆိုသည်။ နိုင်ငံ နယ်မြေ စုစုပေါင်း၏ ၇၈ ရာနှုန်း သည် တိုက်ပွဲများ ဖြစ်လာနေ၍ ထိုအနေအထားသည် စီးပွားရေး နာလံထူလာဖို့ ရှေ့လျှောက် မဖြစ်နိုင်ဟု ဆိုသည်။

 

ထို့ပြင် နိုင်ငံတကာ ကုမ္ပဏီကြီးများ ဖြစ်သည် တိုတယ်၊ အိန္ဒိယ၏ အာဒါနီ နှင့် အော်ရီဒူးကဲ့သို့ ကုမ္ပဏီကြီးများ ထွက်ခွာသွားကြပြန်သည်။ ကျွမ်းကျင် လုပ်သားများ ပြည်ပသို့ ထွက်ခွာနေမှု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေခြင်းသည်လည်း အဓိက အကြောင်း အဖြစ် ပါဝင်နေသည်ဟု ဆိုသည်။

 

နိုင်ငံတွင်း ရှိ စီးပွားရေး လုပ်ငန်းများ၏ ၄၂ ရာနှုန်း နှင့် စက်မှု လုပ်ငန်း တဝက်ကျော်သည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု များ နှင့် ကြုံနေရသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

 

ကမ္ဘာဘဏ်၏ သတိပေးချက်သည် စစ်အာဏာသိမ်း အဖွဲ့၏ စီးပွားရေး ကိုင်တွယ်ပုံ အပေါ် စွဲချက်တင်လိုက် ခြင်းဖြစ်သည်။

 

ဧရာဝတီ သတင်း အရ နိုင်ငံ တွင်း အကြီးစား ငွေချေး လုပ်ငန်း ကြီး ဖြစ်သည့် Pact Global Microfinance Fund (PGMF) လုပ်ငန်းများအား သောကြာနေ့တွင် အပြီးသတ် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ကျေညာခဲ့သည်။ စစ်ကောင်စီ၏ မည်သို့မျှ မဖြစ်နိုင်သော တောင်းဆိုချက် ဖြစ်သည့် ကုမ္ပဏီ၏ ပိုင်ဆိုင်ထားမှု Asset များ လွှဲပြောင်းပေးရမည်ဟု ပြောလာသော ကြောင့် ဝင်ငွေနည်း မိသားစုများ အား ဆက်လက် ကူညီနိုင်တော့မည် မဟုတ်ဟု ဆိုသည်။

 

လက်ရှိတွင် PGMF သည် ငွေချေးသူ ၈၉၀,၀၀၀ အား ဒေါ်လာ ၁၅၆ သန်း ခန့် ထုတ်ချေးထားပြီး ထိုငွေများကို ပြန်လည် တောင်းခံတော့မည် မဟုတ်ဟု ဆိုသည်။ PGMF သည် ကျေးလက်ဒေသရှိ အမျိုးသမီးများ အတွက် အသေးစား ငွေချေးလုပ်ငန်း အား နှစ်ပေါင်း ၂၅ နှစ်ကြာ လုပ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

 

စစ်ကောင်စီ မှ ၂၀၂၂ အတွင်း ပြဋ္ဌာန်းထားသော ကုမ္ပဏီ မှတ်ပုံတင်ခြင်း အက်ဥပဒေ ပါ စည်းကမ်းချက်များကို လိုက်နာရန် နောက်ဆုံးရက် ဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့တွင် အပြီးရုတ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

 

ထိုသို့ မထွက်ထွက်အောင် နှင်ထုတ်လိုက်ပြီ ဖြစ်၍ မင်းအောင်လှိုင် သားသမီးများ အတွက် နောက်ထပ် လုပ်ငန်း လုပ်ကိုင်ခွင့် များ ရရှိသွားခဲ့ပြီ ဖြစ်သည်။ မင်းအောင်လှိုင် သားသမီးများ နှင့် လုပ်ငန်းချင်း ဆက်စပ်နေပြီး လက်နက် မှောင်ခိုမှု နှင့် အဖမ်းခံနေရသော ထွန်းမင်းလတ် ပိုင်ဆိုင်သည့် ပြည်တွင်းရှိ ကုမ္ပဏီ သုံးခု အားလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုင်း အာဏာပိုင်များထံ သူ့သားသမီး အမည်များအား အမှုတွဲ မှ ပယ်ဖျက်ပေးရန် ပုဂ္ဂိုလ် ရေး စာတစောင် ပေးပို့ တောင်းဆိုခဲ့ဖူးသည်။

 

ဥပဒေ စည်းမျဉ်း များသည် အာဏာရှင်ဆိုသူ၏ ပါးစပ်ဖျား တွင်သာ ရှိနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းခဲ့စဉ်က လူထု၏ ပုန်ကန်တွန်းလှန်မှုကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု ကြိုတင် မခန့်မှန်း နိုင်ခဲ့သည်မှာ မှန်သော်လည်း ၎င်း၏ လုပ်ရပ်အား အမေရိကန် နှင့် အနောက်အုပ်စုများက ပြင်းထန်စွာ အရေးယူ ပိတ်ဆို့ လာနိုင်သည်ကိုတော့ မတွက်ဆမိဘဲ နေမည် မဟုတ်ပေ။ သို့သော် တိုင်းပြည်နှင့် လူထု ကို ထည့်သွင်း စဉ်းစား လေ့ ရှိသူ မဟုတ်သည့် အတိုင်း သူ့အရင် စစ်အာဏာရှင်များလို လူနည်းစု အကျိုးစီးပွားကို ကာကွယ်သွား နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ဗိုလ်သန်းရွှေလက်ထက်ကထက် ပိုမို ပြင်းထန်သော အရေးယူ ဒဏ်ခတ်မှု များ နှင့် ကြုံလာခဲ့ရပြီ ဖြစ်သည်။

 

ဒေါ်မီမီဝင်းဘတ် က ဧရာဝတီ သတင်းဌာန အား ပြောဆိုရာတွင် စစ်တပ်၏ လုပ်ရပ်များသည် ယခင်ကကဲ့သို့ မဟုတ်တော့ပဲ ရာဇဝတ်ဂိုဏ်းများ ကဲ့သို့ ကျင့်ကြံ လာရုံမက ကြုံတွေ့လာရသော ပြဿနာများကို ဖြေရှင်း နိုင်သည့် အရည်အချင်းလည်း မရှိ၍ ၎င်းတို့အား အမြန်ဆုံး ဖယ်ရှားနိုင်မှ ဖြစ်မည်ဟု သတိပေးလာခဲ့သည်။

 

ယခုအခါ ဝါရှင်တန်တွင် အမေရိကန် အစိုးရ အရာရှိများ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များ နှင့် ကြိတ်ဝိုင်းဖွဲ့ ဆွေးနွေးမှု များ ရှိနေပြီ ဖြစ်သည်။ အဓိက အားဖြင့် BURMA ACT ဖြင့် မည်သို့ မည်ပုံ ကူညီ သွားရမည် နှင့် စစ်အာဏာသိမ်း အဖွဲ့အား ဖယ်ရှားပြီးပါက NUG အနေဖြင့် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်မှု ရှိမရှိ စုံစမ်း မေးမြန်းသည့် အဆင့် ရောက်လာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!