ထရန့် မှန်သွားပြီလော

by Hla Soewai - Jan 10 2020

ဆူလေမာနီးကို ဂျော့ဘွတ်ရှ်၊ အိုဘာမား နဲ့
နာတန်ယာဟူး တို့က အစ လက်ရှောင်ခဲ့တာ ကြာပါပြီ။ သူတို့ရဲ့ အကြောင်းပြချက်ကတော့
အီရန် က နေ ပြန်ပြီး တုန့်ပြန်လာမယ့် အရေး ကို ရင်ဆိုင်ရမှာထက် စာရင် မတန်ဖူးလို့ အားလုံးယူဆခဲ့ကြတာ ဖြစ်ပါတယ်။

ဆူလေမာနီး က လက်ဘနွန်၊ ဆီရီယား၊ အီရတ် တခွင် ပြဲပြဲစင်အောင် သွားနေတဲ့ လူ ဖြစ် နေတော့ လုပ်ချင်ရင်တော့ အလွယ်လေးပါ။

ဒေါ်နယ် ထရန့် ကတော့ ဒါတွေ တွက်မနေပါဖူး၊ ဗိုလ်နေဝင်း ပြောခဲ့သလို ဓါး ဓါးချင်း၊ လှံ လှံ ချင်း ဘဲ ဆိုတဲ့ လူမျိုး ဖြစ်နေတော့ ဆူလေ မာနီး ကို အခွင့်ရတာနဲ့ အပျောက်ရှင်းပြစ် လိုက်တာပါပဲ။

အခုအချိန်အထိ တော့ ဒေါ်နယ် ထရန့် အတွက် အချက်က မှန်နေတုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အမေရိကန် စစ်စခန်းနှစ်ခုကို အီရန်
က ဒုံးကျည်နဲ့ ပြစ်ခတ်တာပဲ ခံလိုက်ရပြီး အီရန်-အမေရိကန် အားပြိုင်မှု အရှိန် လျော့ကျသွားပါတယ်။

ဂြိုလ်တုက တဆင့် တွေ့လာရတဲ့ ဓါတ်ပုံတွေ အရ အမေရိကန် စစ်စခန်းရှိ လူမရှိတဲ့ အဆောက်အအုံများကို သာ ထိမှန်ထားတာ
တွေ့ရပါတယ်။ အီရန်က သူတို့ ပြစ်မယ်ဆိုတာ အီရတ်ကို ကြိုတင် အသိပေးခဲ့တာလည်း ဖြစ်ပါတယ်၊ စစ်စခန်းတခုမှာ လေယာဉ် သို
လှောင်ရုံ တခုကိုပဲ ထိသွားပြီး နောက်တခုမှာတော့ လေကြောင်းထိမ်းသိမ်းရေး မျှော်စင်
ကို ထိမှန်သွားကြောင်း နယူးယောက်တိုင်းမ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။ သတင်းစာရဲ အဆိုအရ အီရန် က လက်တုန့်ပြန်လာမှာကို ကြိုတင် သိထားပြီး ဖြစ်တာမို့ အီရန် ကောင်းကင်ပြင် ကို အဆက်မပြတ်ထောက် လှမ်းနေတဲ့ ကြားထဲ က ဒုံးကျည် တဒါဇင်ခန့်အဟန့်အတား မရှိပဲ ဝင်ရောက်လာတာ ဖြစ်
တယ်လို့ သူတို့ သံသယရှိတာကို သွယ်ဝိုက်ရေးသားလာတာ လည်း ဖတ်လိုက်ရပါတယ်။ ထရန့်ကတော့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့
တပ်တွေကို တနေရာထဲ စုပြုံမထားပဲ တပ်ဖြန့် ခဲ့မှုကြောင့်လို့ ပြောခဲ့ပါတယ်။

ဒေါ်နယ် ထရန် က ချက်ခြင်းလိုပဲ ငြိမ်းချမ်းမှု ကို ကြိုဆိုကြောင်း သို့သော် အီရန်ကို နျူကလီယား ပိုင်ဆိုင်သွားမယ့် အရေးကိုတော့
ခွင့်မပြုနိုင်ဖူးလို့ ပြောလာပြန်တဲ့ အတွက် စီးပွားရေး ပိုင်းအရ ဆက်လက်ပြီး အသက် မရှုနိုင်အောင် ဒဏ်ခတ်သွားဖို့ ရှိနေပါတယ်။

အီရန် နျုကလီယား ပိုင်သွားမယ့် အရေးကို အမေရိကန်က ဒီလောက်ထိ စိုးရိမ်ကြောင့်ကြနေတာ မဟုတ်ပဲ အစ္စရေး ကို တဖက်က ထိမ်း
နေရတဲ့ အတွက် ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟူးမှာ အီရန် ကို ဝင်ရောက်တိုက်ခိုက်ဖို့ အသေးစိတ် အစီအစဉ်တွေ အိုဘာမား လက်ထက်မှာ
ကတည်းက ရေးဆွဲပြီး ဖြစ်တာမို့ အိုဘာမားလည်း ပြူးပြုးပြာပြာ နဲ့ အိုမန်မြို့တော် မူစကက် မှာ နျုကလီယား သဘောတူညီချက် ရဖို့ ဟီလာရီရဲ့ လက်ထောက် ဂျိတ် ဆူလီဗန်ကို အီရန် နဲ့ လျို့ဝှက် ဆွေးနွေးပွဲတွေ ၂၀၁၁ မှာစတင်ပြုလုပ်‌ စေခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက် ရလာတဲ့ အခါ မှာတော့ ဆယ်နှစ် ရပ်ဆိုင်းပေးရေးသာ ပါလာပြီး breakout လုပ်နိုင်ပြန်တဲ့ အတွက် အစွရေး တို့
အတော် မကျေမနပ် ဖြစ်ခဲ့ပေမယ့် အိုဘာမားရဲ့ အာမခံချက်ကြောင့် အောင့်အီးနေလိုက်ရတာ ဖြစ်ပါတယ်။

ထရန့်ကတော့ အာမခံချက် မပေးတဲ့ အပြင်သူကိုယ်တိုင် သဘောတူညီချက်ကို ဆွဲဖြဲပြစ်လိုက်ပါတယ်။

အခု ပြဿနာ က အစ္စရေး တွေ အတွက်အကွက်ကောင်းတော့ ဆိုက်လာနေပါတယ်။
အီရန်က ဆက်ပြီး လက်တုန့်ပြန်နေရင်တော့ ထရန့် က အစ္စရေး ကို မျက်စပြစ်လိုက်တော့မှာ ဖြစ်ပါတယ်။

အစ္စရေးကလည်း သူ့နိုင်ငံကို ကမ္ဘာမြေပုံပေါ်ကနေ ပျောက်သွားစေရမယ်လို့ အတိအလင်း ခြိမ်းခြောက်ထားတဲ့ နိုင်ငံကို မျက်ခြေမပြတ်
စောင့်ကြည်နေမှာ ဖြစ်ပါတယ်၊ အခွင့်အရေးရလာလို့ကတော့ လက်နှေးမယ့် လူတွေ မဟုတ်ပါဖူး။

တကယ်တော့ ဆူလေမာနီးကို အစ္စရေးက စောင့်ကြည့်‌နေတာ ကြာလှပါပြီ။ အစ္စရေးကို ဒုက္ခပေးဖို့ ဆူလေမာနီးရယ် သူရဲ့ တပည့်အရင်းအခြာ ဟစ်ဘိုလာရဲ့ စစ်ဖက်အကြီးအကဲ မပ်ဂနီယား နဲ့ ဆီရီယားက ဗိုလ်ချုပ်ကြီး ဆူလေမန်း တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဆိုပြီး တရားဝင် စတင်
ဖွဲ့စည်းလိုက်ချိန်ကစပြီး ဖြစ်ပါတယ်။ ဆူလေမာနီး ရဲ့ ရည်ရွယ်ချက်ကတော့ အစ္စရေးတို့ကို ဂျေရုစလင်မှ မောင်းထုတ်ပြစ်ရေးပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို မော့ဆက်က Radical Front (အစွန်းရောက်တပ်ဦး) လို့ အမည်ပေးထားပါတယ်။ ဆီရီယား ဗိုလ်ချုပ်ကြီး ဆူလေမန်းက နျုကလီယား ဓါ‌တ်ပေါင်းဖို တည်ဆောက်ရေး တာဝန်ခံ ဖြစ်ပြီး သမ္မတ အာဆတ်ပြီးရင် ဒုတိယ ဩဇာ အကြီးမားဆုံး ဖြစ်ပါတယ်။

ဆီရီယား နျုကလီယား ဓါတ်ပေါင်းဖိုကို အစ္စရေး က ဗုံးကြဲ ဖျက်ဆီးပြစ်ခဲ့ပြီး ဒီသုံးယောက်ကိုလည်း အပျောက်ရှင်းဖို့ ကြံစည်လာပါတယ်။

ဟစ်ဘိုလာ ခေါင်းဆောင် မပ်ဂနီယားကို ဆီရီယား စစ်ရုံးချုပ်နဲ့ မလှမ်းမကမ်းမှာပဲ ကားကို ဗုံးထောင်ပြီး အစဖျောက်ပြစ်ခဲ့ပါတယ်။ ဆူလေမန်းကိုတော့ ပင်လယ်ကမ်းခြေ နားက သူရဲ့ အပန်းဖြေ အိမ်တော်မှာ ဧည့်ခံပွဲလုပ်တုန်း အစ္စရေး စနိုက်ပါ လက်ဖြောင့် တပ်သားတွေက နဖူးတည့်တည့်ကို ချိန်ရွယ်ပြီး သုတ်သင်လိုက်နိုင်ပါတယ်။

သုံးယောက်မှာ ဆူလေမာနီးပဲ ကျန်ပါတော့တယ်။ ဆူလေမာနီးကို မလုပ်ဖို့ အိုဘာမားက အပြင်းအထန် ဖိအားပေးခဲ့တဲ့ အတွက်
အစ္စရေး တွေ နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။ အိုဘာမားကတော့ စောစောကပြောသလို အီရန် တုန့်ပြန်လာခဲ့ရင် အရှေ့အလယ်ပိုင်းမှာ ထိမ်းမနိုင် သိမ်းမရ ဖြစ်မှာ စိုးလို့ပါပဲ။

အခု ထရန့်ကတော့ ခပ်ရဲရဲ ပဲ တင်နေတဲ့ သမိုင်းကြွေးကို ပေးဆပ်လိုက်ပြီ ဖြစ်ပါတယ်။

ထရန့် လုပ်ရပ် မှန်မမှန်ကိုတော့ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

အီရန်က ‌အမေရိကန် ရဲ့ စစ်စခန်းတွေ၊ လေယာဉ်တင် သ‌င်္ဘောတွေ လောက်သာ တိုက်ခိုက်နိုင်စွမ်းရှိပြီး အမေရိကန်က အီရန် ရေနံချက်စက်ရုံတွေကို တရက်တည်းနဲ့ အပြီးဖြိုဖျက်ပြစ်နိုင်စွမ်း ရှိနေတဲ့ အတွက် အီရန်က ထိတ်တိုက်ရင်ဆိုင်တွေဖို့ ရှောင်ရှားလိုပြီး ပြည်တွင်းက ကျေနပ်မှု ရှိအောင် စတိသဘော တုန့်ပြန်ခဲ့တယ်လို့ လတ်တလော အခြေအနေများအရ သုံးသပ်ရပါတယ်။

သို့သော် အီရန် တော်လှန်ရေး အစောင့်တပ် ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာဖို့ ရှိနေပါတယ်။ ဆူလေမာနီးရဲ့ အစွန်း
ရောက်တပ်ဦး က ဗြူနိုအေရီစ် အထိ ခြေဆန့်နိုင်ခဲ့မှု၊ ၁၉၈၆ တုံးက အနောက်ဘာလင်က ဒစ္စကို ကလပ်ကို ကဒါဖီ ရဲ့ ဒလန်တွေ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အတွက် အမေရိကန် စစ်မှုထမ်း အမြောက်အမြား သေဆုံးခဲ့ရမှုနှင့် ဟစ်ဘိုလာတွေရဲ့ ပြန်‌‌ ပေးဆွဲ ခံခဲ့ရတဲ့ အမေရိကန် တွေ ကို အီရန်အား လက်နက်‌ရောင်းပြီး အလဲအလှယ် လုပ်ခဲ့ရတဲ့အထိ အရှက်တကွဲ ဖြစ်ခဲ့ရတာတွေ ကို မမေ့နိုင်ကြသေးတဲ့ မော့ဆက်နဲ့ စီအိုင်အေ တို့အဖို့ အလုပ်များရတော့မယ့် နေ့များက စောင့်ကြို နေပြီ ဖြစ်ပါတယ်။

ရုရှား သမ္အတ ပူတင် က ဇန်နဝါရီ ၇ ရက်နေ့က ဒမပ်စကပ်ကို ရောက်လာပြီး ဆီရီယား သမွတ ဘာရှာ အာဆတ်ကို ရုရှား လေတပ်စခန်းမှာပဲ သူ့ကို လာတွေ့ဖို့ ဆင့်ခေါ်လိုက်ပါတယ်။ ရုရှားက ဆီရီယားနယ်မြေကို သုံးပြီး အမေရိကန် အစ္စရေး ကို တိုက်ခိုက်တာမျိုးအဖြစ်ခံချင်ပုံ မရပါဖူး။ ဖြစ်လာခဲ့ရင် အမေရိကန်တို့ လက်တုန့်ပြန်လာရင် သူလည်း ငွေကုန်ကြေးကျ ခံပြီး အာဆတ်ကို ကာကွယ်ချင်ပုံမရပဲ အမေရိကန်- အီရန် အရေးကြောင့် တက်လာဖို့ ရှိနေတဲ့ ရေနံဈေးနှုန်းကြောင့်
ရရှိလာမယ့် ငွေတွေကိုပဲ သပိတ်ဝင် အိတ်ဝင်ယူလိုပုံရပါတယ်။

လက်ရှိ တော့ အီရန် အဖို့ ရည်မှန်းချက်တခု ဖြစ်တဲ့ အမေရိကန်တွေ အီရတ်ထဲက ဆုတ် ခွာသွားဖို့ အောင်မြင်လုနီး ဖြစ်နေပြီး ရွေးကောက်ပွဲ မတိုင်မီ ဒေါ်နယ်ထရန့်ကို နောက်ထပ် လူကြိုက်များအောင် မလုပ်မိစေဖို့ ချုပ်တည်းနေကြမယ်လို့ ယူဆရပါတယ်။