ကံ ဆိုး ရှာ သော ယူ က ရိန်း

by Hla Soewai - Jan 11 2020

ယူကရိန်းသည်ကား နိုင်ငံတကာ သတင်းစာမျက်နှာပေါ်တွင် နေရာယူလာခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်၊ သို့သော် ကောင်းသော နေရာယူခြင်း မဟုတ်ပဲ၊ သူ့နိုင်ငံအား သူများက လာပတ်သက်တာ ခံခဲ့ရသည့် မကောင်းသော ကျော်ကြားမှု မျိုးနှင့်သာ ဖြစ်ပေသည်၊

 

၂၀၁၄ ခုနှစ်အတွင်း ယူကရိန်း အပေါ် ဖြတ်ကျော် ပျံသန်းသွားသည့် မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် အမှတ် MH17 ခရီးသည်တင် လေကြောင်းလိုင်းအား နိုင်ငံ အရှေ့ပိုင်းတွင် ရုရှား လုပ် ဒုံးကျည် ဖြင့် ပြစ်ချခံလိုက်ရ ရာမှ အစပြုပြီး နိုင်ငံတကာ သတင်းများတွင် ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရသည်။

 

တဖန် မနှစ် ဇူလိုင်လ အတွင်း ဒေါ်နယ် ထရန့်မှ ယူကရိန်း သမ္မတ ဖြစ်သူ အား တယ်လီဖုန်း ဖြင့် စကားပြောဆိုခဲ့ရာမှ အမေရိကန်၏ အမျိုးသား လုံခြုံရေး ကို အထိခိုက်ခံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မသမာ သော နည်း ဖြင့် လုပ်ရန် ကြိုးစားသည်ဆိုကာ ဒေါ်နယ် ထရန့်အား အောက်လွှတ်တော် တွင် အခြေအတင် ဆွေးနွေးပြီး တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ကြသည်၊ ထိုသတင်းနှင့် အတူ ယူကရိန်း၏ နာမည်သည်လည်း အလိုလိုနေရင်း တွဲ၍ ပါလာခဲ့ရပြန်သည်။

 

ယခုအခါလည်း တီဟီရန် လေဆိပ်မှ ထွက်ခွာခဲ့ပြီး အမြင့်ပေ ရှစ်ထောင်ခန့် အရောက်တွင် အီရန် ဒုံးကျည် တစီး ဖြင့် ပြစ်ချခံလိုက်ရသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ရပြန်သည်၊

 

အဆိုပါ လေယာဉ်ပေါ်တွင် အများဆုံး လိုက်ပါလာကြသူများက ကနေဒါမှ ဖြစ်ပြီး နိုင်ငံသား ၆၃ ဦး ပါကြောင်း၊ မိမိအနေဖြင့် ပြစ်ချခံရသည် မှာ ကြိမ်းသေကြောင်း ထောက်လှမ်းရေး သတင်းများ အပါအဝင် နေရာပေါင်းစုံမှ သိရှိခဲ့ကြောင်း ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုး က ပြောလာခဲ့သည်။ နိုင်ငံသားများ အပါအဝင် ကနေဒါတွင် အမြဲတမ်း နေထိုင်ခွင့် ရသူများလည်း ပါသည်၊ အတော်များများသည် အီရန်လူမျိုးများ ဖြစ်သည်ဟု ယုံကြည်လျက် ရှိနေကြသည်။

 

ဒေါ်နယ် ထရန့်က တော့ မိမိအနေဖြင့် အီရန်မှ သက်သက်မဲ့ ပြစ်ချခြင်း မဟုတ်သည် ကို ယုံကြည်ကြောင်း လေပြေ ထိုးလာခဲ့သည်။

 

သို့သော် ပြဿနာကား သေဆုံးသွားသူများ အတွက် လျော်ကြေး ရနိုင် မရနိုင်က ငြင်းခုံစရာ ဖြစ်လာခဲ့ရသည်၊ လေကြောင်းလိုင်းမှလည်း ပြစ်ချခံရသည်ဆိုက မိမိတို့ တာဝန် မဟုတ်၊ Act of War ဆိုသည်ဖြင့် ပေးရန် ငြင်းဆိုလာနိုင်သည်။ ထို့အတွက် ပေးရန်ရှိသူက အီရန် အစိုးရ ဖြစ်လာနိုင်ပေသည်။

 

ဤနေရာတွင် ယူကရိန်းပေါ် ပြစ်ချခံခဲ့ရသော မလေးရှား လေကြောင်းလိုင်းမှ သေဆုံးသူ ၁၆၅ ဦး အတွက် ပမာဏ မသိရသော လျော်ကြေးကို ပေးလျော်ခဲ့သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုက လေကြောင်းလိုင်း အနေဖြင့် စစ်မက်ဖြစ်ပွားနေသော ဇုံအတွင်း ပေါ့လျော့စွာ ပျံသန်းခဲ့မှု ဖြင့် တရားစွဲဆိုရန် ကြိုးပမ်းလာခဲ့သောကြောင့် ဖြစ်သည်။

 

ယခု ကိစ္စက အီရန်ဖက်မှ ပြစ်ချခဲ့သည်ဟု အတိအကျ သက်သေပြနိုင်ခဲ့လျင်ပင် လျော်ကြေး ပေးဖို့ နိုင်ငံတကာ ဥပဒေ အရ အခိုင်အမာ ပြဌာန်းထားခဲ့ခြင်း မရှိပြန်ပေ။

 

မလေးရှား လေယာဉ် အား ပြစ်ချသည်ဟု စွပ်စွဲခံထားရသူ ရုရှားနိုင်ငံသား သုံးဦး အပါအဝင် စုစုပေါင်း လေးဦးအား ပြီးခဲ့သည့် နှစ် နွေရာသီတွင် ဟိဂ် ရှိ နိုင်ငံတကာ တရားရုံး အိုင်စီဂျေတွင် တရားစွဲဆိုခဲ့ပြီး ဖြစ်သော်လည်း ရုရှားက စွပ်စွဲချက်များသည် အခြေအမြစ် မရှိဟု ဆိုကာ တရားရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဖြစ်သည်။

 

လက်ရှိတွင် အီရန် သည် လေယာဉ်၏ Black box အား ယူကရိန်း ကို လွှဲမပေးနိုင်၊ သို့သော် အချိန်မရွေး လာစစ်နိုင်သည် ဆိုပြီး ပြောလာကြသည်၊ သို့သော် မြန်မာ စီအိုင်ဒီတွင် ဗစ်တိုရီယား အမှု သက်သေခံ လို ဖြစ်မှာကိုတော့ စိုးရိမ်စရာ ပင် ဖြစ်သည်။

 

သို့သော် ကဒါဖီ၏ အမိန့်ဖြင့် လစ်ဗျား အေးဂျင့်နှစ်ဦးမှ ၁၉၈၈ ဒီဇင်ဘာလတွင် ဖရန့်ဖွတ်မှ အမေရိကန် ဒီထရွိုက် သို့ ပျံသန်းလာသော ပင်အမ် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် အား ဗုံးခွဲခဲ့သဖြင့် စကော့တလန် ရှိ လောကာဘီး အရပ်တွင် ပေါက်ကွဲ ပျက်ကျခဲ့ရာ ခရီးသည် ခရီးသည်နှင့် လေယာဉ် အမှုထမ်း ၂၅၉ ဦး၊ မြေပြင်ရှိ လူ ၁၁ ဦး ပေါင်း ၂၇၀ သေဆုံးခဲ့ရသည်။

 

နောက်ဆုံးတွင် ကဒါဖီ မှ ကျုးလွန်သူ နှစ်ဦး ကို လွှဲပြောင်းပေးခဲ့ပြီး ၂၀၀၂ တွင်မှ လျော်ကြေး အဖြစ် ကျန်ရစ်သူ မိသားစု တစု အတွက် ဒေါ်လာ ဆယ်သန်း နှုန်းဖြင့် စုစုပေါင်း ဒေါ်လာ ၂.၇ ဘီလီယံ ကို ပေးလာခဲ့သည်။ ဤသည်ကလည်း အမေရိကန် ၏ စီးပွားရေး ပြစ်ဒဏ်ခတ်ထားခြင်းကို ဖယ်ရှားပေးရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

သို့သော် အီရန်တို့ဖက်မှ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များနှင့် ပြစ်ခတ်ပြီးသည်မှာ နာရီပိုင်းမျှသာ ရှိသေး၍ အမေရိကန်တို့ လက်တုန့်ပြန်လာမည့် အရေး ကို အီရန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲံမှ စိုးရိမ်တကြီး စောင့်ကြည့်နေကြချိန်လည်း ဖြစ်၍ အမှားအယွင်း ဖြစ်ဖို့ လွန်စွာ မှ နီးစပ်လှပေသည်။ ထို့အပြင် အီရန် ဆိုရှယ် မီဒီယာပေါ်တွင် ပျံနှံ့သွားသော ဗီဒီယို ကလစ်အရ ကောင်းကင်သို့ တစုံတရာ ထိုးတက်သွားပြီး ပေါက်ကွဲသည့် ပုံစံ မီးလုံးကြီး ထွက်ပေါ်လာသည်ကိုလည်း အထင်အရှား တွေ့ခဲ့ကြရသည်။

 

အမေရိကန် စစ်ဖက်မှလည်း အီရန်တပ်များ အကြား ဆက်သွယ်ပြောဆိုမှုများကို သေချာပေါက် ဖမ်းယူထားနိုင်မည်လည်း ဖြစ်သည်။ သို့သော် ထိုကိစ္စကို အမေရိကန်တို့ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလာမည် မလာမည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။