ခါချဉ်ကောင်၏ မာန်ကြီးသော်ငြားလည်း...

by Hla Soewai - Jul 17 2023

မင်းအောင်လှိုင်သည် သူ၏ မည်သို့မျှ မပြီးဆုံး နိုင်သော စစ်ပွဲ ကြီး အတွက် နောက်ထပ် အကြောင်းပြ နိုင်ရန် ရွေးကောက်ပွဲကြီး လုပ်ပေးမည်ဟု သူ၏ အပ်ကြောင်းထပ်နေသော ဓါတ်ပြားကြီးကို ထပ်ဖွင့်ပြလာပြန်ပြီ ဖြစ်သည်။

 

ထို့အတွက် လာမည့် လကုန်ပိုင်းတွင် သက်တမ်းပြည့်မည့် အရေးပေါ် အခြေအနေ ဆိုသည်ကိုလည်း ၎င်းတို့၏ ဖွဲ့စည်းပုံ ကို ဖေါက်ဖျက်ကာ နောက်ထပ် သက်တမ်းတိုး ဖို့ အရိပ်အမြွက် စကားစလာပြီ ဖြစ်သည်။ ထိုသို့ သက်တမ်းတိုးခြင်းကို လည်း ခိုင်လုံစေရန် စစ်ကိုင်း၊ မကွေး တိုင်း နှင့် ချင်း နှင့် ကရင်ပြည်နယ်များ အတွင်း ရှိ ၎င်း အခေါ် “အကြမ်းဖက် သမား” များ ဆိုသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို နှစ်ဆတိုး၍ ချေမှုန်းကြဖို့ ပြောလာခဲ့သည်။

 

ဤသည်က ခါချဉ်ကောင် မာန်ကြီးနေသည့် အပြောမျိုးထက် မပိုပေ၊ ယခုထိလည်း ပုံမှန် အခြေအနေ မရောက်သေးဟု ပြောနေပြီး သူ့အား အချိန်ပေးကြပါရန် မေတ္တာရပ်ခံနေသည့် အနေအထား ဖြစ်လာသည်၊ တဖက်တွင် နိုင်ငံရေး အရ အကြီးအကျယ် စွန့်စားလာပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး အား နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် ပြုခဲ့ပြန်သည်။

 

ထိုတွေ့ဆုံခွင့်ပေးခဲ့မှု သည် သူထင်သလို ဖြစ်မလာပဲ backfired ပြန်ကန်ခံရသည်သာ အဖတ်တင်ပြီး အ‌ရေးအကြောင်း ရှိက ထမိန် ခြုံ လာခြင်းဟု ဝေဖန် ခံခဲ့ရသည်သာ အဖတ်တင်သွားခဲ့သည်။

 

ပြည်သူတို့ ခုခံတွန်းလှန်နေမှု များသည် ၎င်းတို့သာ ကြီးပွားချမ်းသာအောင် လုပ်ပြီး သန်းပေါင်း ၅၀ ကျော် ပြည်သူများအား လက်ခုပ်ထဲက ရေသဖွယ် သွန်လိုသွန် မှောက်လိုမှောက် လုပ်မည့် စစ်အုပ်ချုပ်ရေး စနစ်ကို ဦးတည်နေခြင်းကို တွန်းလှန်နေခြင်း သာ ဖြစ်သည်ကို သဘောမပေါက် နိုင် ရှိနေဆဲ ဆိုသည်ကို ထပ်မံ ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

တဖြေးဖြေး နှင့် စစ်တပ်အတွင်း လှိုက်စားနေသည့် သက်သေတခု အဖြစ် ကေအိုင်အို ဌာနချုပ်အား တိုက်ခိုက်ရန် ငြင်းဆန်နေ၍ ဆိုကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ကိုကို‌မောင် နှင့် စစ်အရာရှိကြီး ၆ ဦး အား ဇူလိုင် ၁၃ ရက်နေ့ည က လာရောက် ဖမ်းဆီးသွားသည်ဟု မြောက်ပိုင်း အခြေစိုက် 7Stars သတင်းတွင် ပါရှိလာခဲ့သည်။ ထိုသတင်း အား သီးခြား အတည်ပြုနိုင်ခြင်း ယခုအချိန်အထိ မရှိသေးသော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း လေ့လာသူများက ထင်ကြေးပေးလျက် ရှိသည်။

 

လေ့လာသူများ အဆိုအရ ၎င်းအား တိုင်းမှုး အဖြစ် ခန့်အပ်ပြီး လပိုင်း အကြာတွင် အနန့်ပါ လူသတ်မှုကြီး ကျုးလွန်ပြီး လက်စွမ်းပြနိုင်ခဲ့မှုကြောင့် ရရှိလာသော နေပြည်တော်၏ ယုံကြည်မှု ကို အခွင့်ကောင်းယူကာ ဒေသခံ လက်နက်ကိုင် အဖွဲ့များ၊ တရုတ်စီးပွားရေး သမားများ နှင့် ပေါင်းကာ ကိုယ်ကျိုးရှာ လာခဲ့၍ ယခုလို တိုက်ရန် အမိန့်ပေးမှုကို အင်တင်တင် လုပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ နောက်တကြောင်းကလည်း ထုတ်နှုတ်အင်အား အပြည့်အဝ ပံ့ပိုးပေးထားသော်လည်း စစ်ရေးအရ အကျအဆုံးများပြီး ရည်မှန်းချက်ကို ရရှိအောင် မဆောင်ရွက်နိုင်ခဲ့၍လည်း ဖြစ်မည်၊ ဤသည်က မင်းအောင်လှိုင် လက်ရှိ ကျင့်သုံးနေသော တဗိုလ်ကျ တဗိုလ်တက် စနစ် ကြောင့်လည်း ဖြစ်နိုင်ပေသည်။

 

ကိုကိုမောင် နှင့် အတူ တပ်မ ၃၃ နှင့် တပ်မ ၈၈ မှ တပ်မှုးများလည်း ပါဝင်ကြောင်း နှင့် ယခင် ကိုဗစ် ကာလများ အတွင်း ကေအိုင်အေ နှင့် နီးစပ်စွာ လက်တွဲ လုပ်ခဲ့သူ စစ်အရာရှိများကိုလည်း ဖယ်ရှားနေသည်ဟု သိရသည်။

 

စစ်အရာရှိကြီးများ အတွက် အသေခံ၍ တိုက်မည်လော၊ အဖမ်းခံမည်လော ဆိုသည်ကို ရွေးချယ်ကြရဖို့သာ ရှိပေတော့သည်။

 

အာဆီယံ အစည်းအဝေးသည်လည်း အများ မျှော်လင့်ထားသည့်အတိုင်း မည်သို့မျှ ထူးခြားမှု မရှိပဲ ယခင် အချက် ငါးချက် ဖြင့်သာ ပြီးဆုံးသွားခဲ့သည်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်သည်လည်း သူ့နာမည် နှင့် လိုက်ဖက်စွာ blink, blink မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် အာဆီယံ အား အချက် ငါးချက် ကို စွန့်လွှတ်ရန် တိုက်တွန်း၍ မရတော့ပဲ ပို၍ ဖိအားပေးကြပါရန် တောင်းဆိုခြင်းဖြင့် ကျေနပ်သွားခဲ့ရသည်။

 

အကယ်၍ ပူတင် ကိုသာ ထိုကဲ့သို့ အချက် ငါးချက် ဖြင့် ဖြေရှင်းရန် ပြောနေမည်ဆိုက ယူကရိန်း ပါလီမန် ထိပ် တွင် ရုရှား အလံ စိုက်ထူပြီး ဖြစ်နေလောက်ပေပြီ။

 

လောလောဆယ်တွင် ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ် အတွင်းရှိ စစ်စခန်းတခုအား KNDF နှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် လေတပ်မှ တိုက်လေယာဉ်များ နှင့် လာရောက်တိုက်ခိုက်သော်လည်း ကြံ့ကြံ့ခံ၍ ခုနှစ်နာရီ ကြာအောင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အား ဒွန်ပရာဝီနိုင်း တွေ့ဆုံခဲ့မှု၏ လက်သည်ကြီးက နောက်ကွယ်မှ ထွက်ပေါ်လာသည့် လက္ခဏာ အဖြစ် ဂျကာတာ တွင် အာဆီယံ အစည်းအဝေး တက်ရန် ရောက်ရှိနေသော တရုတ် ထိတ်တန်း သံတမန် ကြီး ဖြစ်သူ ဝမ်ယီ နှင့် တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့သည်ဟု တရုတ် သတင်းဌာန CGTN တွင် ဖေါ်ပြထားသည်။ (ပုံတွင် ရှု)

 

ဒွန် ပရာဝီနိုင်းမှ ဝမ်ယီအား သူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှု အား ရှင်းပြခဲ့သည်ဟု သတင်းတွင် ပါရှိလာခဲ့သည်။

 

တရုတ်သည် အချိုအချောင် ငြိမ်းချမ်းရေး မျိုးဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ထိန်းထားနိုင်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်။ အမေရိကန်ကလည်း မြန်မာပြည်တွင် စစ်ရေး အရှိန်မြှင့်လာပါက ၎င်းတို့ ပါဝင်ပတ်သက်လာရမည့် အနေအထား ထိ ဖြစ်သွားနိုင်သည်ကို စိုးရိမ်နေသည်။

 

အနောက်နိုင်ငံများသည် မင်းအောင်လှိုင်၏ စားဝတ်နေရေးကို မည်သို့မျှ တိုက်ရိုက် မထိခိုက်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ ဝိုင်းပယ်ထားမှုများ နှင့် သူအနှစ်နှစ်အကာလ မျှော်မှန်းခဲ့သည့် အာဏာ ရရှိ နေသည်ကို အလိုအလျှောက် စွန့်လွှတ်ကာ အပေးအယူ လုပ်လာလိမ့်မည်ဟု သော် အတွေးအခေါ်မျှလောက်နှင့် ရောင့်ရဲ တင်းတိမ်နေကြဆဲလည်း ဖြစ်သည်။

 

ဤသို့ဖြင့် နိုင်ငံတကာသည် မြန်မာအရေး အပေါ် စည်းအပြင်မှ ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ လုပ်နေချိန်တွင် ပြည်သူများက တော့ ချိနဲ့လာနေပြီ ဖြစ်သော စစ်အာဏာရှင်စနစ်အား ဘင်္ဂလား ပင်လယ်အော် အတွင်းသို့ အပြီးအပိုင် မောင်းချနိုင်ရန်ကိုသာ စိတ်အား ထက်သန်စွာ ဖြင့် တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!