တရုတ် သမ္မတ ၏ နှစ်ရက်ကြာ ခရီးစဉ် နှင့် ကချင်ပြည်နယ် အတွင်း အားပြိုင်လာမှုများ

by Hla Soewai - Jan 13 2020

တရုတ်သမ္မတ စီရှင်ပင့်သည် မြန်မာနိုင်ငံသို့ ဂျန်ဇီမင်း ရောက်ရှိခဲ့ပြီး ၁၉ နှစ်ကြာပြီးနောက် တရုတ် ခေါင်းဆောင် တဦး ၏ ပထမဆုံး ရောက်ရှိလာမယ့် ခရီးစဉ် အဖြစ် လာမည့် သောကြာ နေ့မှစတင်ဖို့ ရှိပြီး နှစ်ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မှ ကမကထ ပြုလုပ်မယ့် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်  အခမ်းအနားနှင့် ၂၀၂၀ အား တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် ခရီးသွားနှစ် အဖြစ် သတ်မှတ်ပြုလုပ်မယ့် အခမ်းအနားများကို တက်ရောက်ဖို့ ရှိနေပါတယ်၊ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ဆွေးနွေးပြီး သူမ တည်ခင်းမယ့် ညစာ စားပွဲ ကို တက်ရောက်ဖို့ ရှိနေပါတယ်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပြင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဖို့ ရှိနေတယ်လို့ တရုတ် သံအမတ်က တရုတ် မီဒီယာ များနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

 

သမ္မတ စီရှင်ပင့် ရဲ့ ခရီးစဉ် နဲ့ ပတ်သက်ပြီး တရုတ် ဂလိုဘယ် တိုင်းမ် သတင်းစာ မှ ရေးသား ဖေါ်ပြရာတွင် တရုတ်-မြန်မာ ဆက်ဆံရေး ပွန်းတိုက် မှုများ ရှိနေခဲ့သော်လည်း အဓိက ဆက်ဆံရေး လမ်းကြောင်းကို ထိခိုက်ခဲ့ခြင်း မရှိခဲ့လို့ ဆိုပါတယ်၊ ဥပမာ အနေနဲ့ ၂၀၁၁ တွင် မြစ်ဆုံဆည် တည်ဆောက်ရေး ကို ရပ်တန့် ခဲ့ပြီး ယခု အချိန်အထိ နှစ်ဖက် သဘောတူညီနိုင်မယ့် ဖြေရှင်းချက်မျိုး မထွက်သေးသော်လည်း လျပ်စစ်ဓါတ်အားပေး ကဏ္ကမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ရပ်တန့်သွားခြင်း မရှိဖူးလို့ ဆိုပါတယ်၊

 

တရုတ် ၏ ပူးပေါင်း ဆောင်ရွက်မှု နှင့် ဆောက်လုပ်ပြီးစီးခဲ့တဲ့ ရဲဝါ ရေအားလျပ်စစ် စက်ရုံ နှင့် ရွေဘို ရှိ ဓါတ်အားပေးစက်ရုံများ လည်ပတ်နိုင်ခဲ့တာ ကို နမူနာ အဖြစ် ထောက်ပြသွားပါတယ်။

 

ယခုအခါ ရပ်ဝန်း နှင့် လမ်း စီမံကိန်း အရ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး အကောင်အထည် ဖေါ်ဖို့ နဲ့ စပ်လျင်းပြီး တရုတ်သမ္မတ ခရီးစဉ် မှ အမြန်ဆုံး အသက်ဝင်လာအောင် ပြုလုပ်သွားဖွယ်ရှိပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ အနည်းဆုံး နားလည်မှု စာချွန်လွှာ သုံးခု လက်မှတ်ရေးထိုးဖွယ် ရှိတယ်လို့ ဧရာဝတီ သတင်းက ဆိုပါတယ်။ အထူးသဖြင့် ကျောက်ဆည် အထူး စီးပွားရေးဇုံ နဲ့ နယ်ခြား ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပါဝင်မယ်လို့ သိရပါတယ်။

 

စီးပွားရေး စင်္ကြန် လမ်းမကြီး သည် ပဋိပက္ခများ ဖြစ်ပွားနေရာ ဒေသများကို ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အတွက်  နယ်ခြားဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ဘီဂျင်းက ၎င်းတို့ အနေနဲ့ ငြိမ်းချမ်းဖို့သာ ရှေ့လျောက် လိုလားနေကြောင်း အချက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

 

တရုတ်-မြန်မာ ကုန်သွယ်ရေး သည် ၂၀၁၉ ဇန်နဝါရီ မှ စက်တင်ဘာလ အတွင်း အမေရိကန် ဒေါ်လာ ၁၃.၅၄ ဘီလီယံ တန်ဘိုး ရှိခဲ့ပြီး ပြီးခဲ့သည့် အလားတူ ကာလ ထက် ၁၇.၉% တိုးတက်လာခဲ့ပါတယ်။

 

သို့သော် ဒေသအတွင်း အစိုးရ အုပ်ချုပ်ရေး အာဏာ ကွက်တိကွက်ကျား သာ ရှိနေတာကို အခွင့်ကောင်း ယူကာ တရုတ် တို့ ကချင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ ဧက ထောင်ပေါင်းများစွာရှိ ငှက်ပျော စိုက်ခင်းများ၊ ရှားပါး မြေသား သတ္တု များ ပါ အခွင့်မရပဲ တူးဖေါ်နေခြင်းများ ကို တရုတ် သံအမတ်ကကော ဂလိုဘယ် တိုင်းမ် သတင်းစာက ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

 

သို့သော် ဒီအကြောင်းတွေကို ဟောင်ကောင်ထုတ် South China Morning Post သတင်းစာ က ဒီနေ့ပဲ ဆောင်းပါးရှည်ကြီး အဖြစ် ပုံနှိပ် ဖေါ်ပြလာခဲ့ပါတယ်။

 

ဆောင်းပါးမှာ အဓိက ဖေါ်ပြခဲ့တာ ကတော့ ကချင်ပြည်နယ်အတွင်း အမေရိကန် နဲ့ တရုတ် အားပြိုင်လာမှု ကို နှစ်နိုင်ငံ သံအမတ်နှစ်ဦး ရှေ့ဆင့် နောက်ဆင့် ဆိုသလို ရောက်ရှိသွားခဲ့ခြင်း အပေါ် မီးမောင်းထိုးပြလာခဲ့ပါတယ်။

 

အမေရိကန် သံအမတ် ကြီး စကော့ မာစီရယ် ဦးဆောင်တဲ့ သံရုံး အဖွဲ့ဝင်များ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြစ်ကြီးနားကို ရောက်လာပြီး အလုပ်အကိုင် အခွင့်အလန်း များ အတွက် ပြပွဲ၊ လယ်ယာစိုက်ပျိုးရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ အပါအဝင် Myitkyina Road Show ကို ဦးဆောင်ပြုလုပ်ခဲ့တဲ့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် တပ်များနှင့် အတူ တိုက်ခိုက်ခဲ့တဲ့ ကချင် စစ်ပြန်ကြီးများနဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။

 

ရက်အနည်းငယ်အကြာမှာတော့ တရုတ် သံအမတ်ကြီး ချန်ဟိုင်း ဦးဆောင်တဲ့ တရုတ် သံရုံး အဖွဲ့ဝင်များ မြစ်ကြီးနား ကို ရောက်ရှိလာကြပြီး လက်တော့များ၊ ဆန်အိတ်များ၊ ဆီပုံးများ ယူလာခဲ့ပြီး အိတ်တွေ ပေါ်မှာလည်း China Aid ဆိုပြီး ထင်ထင်ရှားရှားပဲ တံဆိပ်ကပ်ထားကာ ဆေးရုံများ၊ တက္ကသိုလ်များ၊ မိဘမဲ့ ကျောင်းများ နှင့် စာသင်ကျောင်းများကို ပေးလှုသွားခဲ့ပြန်ပါတယ်။

 

ဒေသခံများကတော့ မြစ်ဆုံ ဆည် ကိစ္စကို တရုတ်တို့ လက်လျော့မသွားမချင်း၊ ဒေသအတွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ကူညီ ဖေါ်ဆောင် မပေးမချင်း အမြင်ကြည်လင်လာဖို့ ဝေးကွာနေဆဲ ဖြစ်တယ်လို့ ယူဆရပါတယ်။

 

တရုတ်မှ စီးပွားရေး စင်္ကြန် လမ်းမကြီး စီမံကိန်း တစိတ်တပိုင်း အဖြစ် မြစ်ကြီးနားနဲ့ ၂၅ ကီလိုမီတာ အကွာရှိ နန်ဂျင်း တွင် အကျယ် ဧက ၄,၇၀၀ ရှိ ဒေါ်လာ သန်း ၄၀၀ ခန့် ကုန်ကျမယ့် စက်မှုဇုံတခု တည်ဆောက်ဖို့ ရှိနေပေမယ့် ဖယ်ထုတ်ခြင်း ခံရသူ တွေနဲ့ အငြင်းပွားမှုတွေ စတင် ပေါ်ပေါက်လာနေပါတယ်။

 

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီကလည်း ကချင် အပါအဝင် ဒေသကြီး သုံးခုမှာ လယ်ယာ နှင့် စားသုံးသီးနှံများ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ကို ဒေါ်လာ ၃၈ သန်း ကုန်ကျမယ့် ငါးနှစ် စီမံကိန်း နဲ့ လာရောက် အကောင်အထည် ဖေါ်နေပြီး မူးယစ်ဆေးစွဲသူ တွေ အတွက် ဒေါ်လာ ၆ သန်း ကုန်ကျမယ့် အစီအစဉ်တခု အကောင်အထည် ဖေါ်နေပါတယ်။

 

တရုတ် သမ္မတ ခရီးစဉ် သည် အိန္ဒိယ သမုဒ္ဒရာ ကို မျက်စောင်းထိုးပြီး ရောက်လာတာ ဖြစ်တဲ့ အတွက် အဆိုပါ ခရီးစဉ် မှ ထွက်ပေါ်လာမယ့် ရလဒ် များကို အိန္ဒိယကလည်း အနီးကပ် စောင့်ကြည့်နေမှာ လည်း ဖြစ်ပါတယ်။