တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပျောက်ဆုံးနေမှု

by Hla Soewai - Jul 25 2023

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်းသည် ဇွန်လ ၂၅ ရက်နေ့မှစ၍ ယနေ့ထိ “ကျန်းမာရေး” ကြောင့် ဆိုကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားမှု နှင့် ပတ်သက်ပြီး ကောလဟလများ ပျံ့နှံ့လျက် ရှိသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ သူ၏ ကျန်းမာရေး နှင့် ပတ်သက်ပြီး ဆက်လက် သတင်းထုတ်ပြန် ဖို့ မရှိဟု ပြောဆိုလာခဲ့သည်။

 

တချိန်ချိန်တွင် ထိုသို့ မရေမရာ သတင်းများ နှင့် ပျောက်ဆုံးသွားခဲ့မှု သည် တချိန်ချိန်တွင် အဆုံးသတ်သွားမည် ဟု ဖြစ်သည်။ ချင်ဂျန်းသည် သမ္မတ ရှီကျင့်ပင်၏ အနီးကပ် လက်ထောက် အဖြစ်မှ ယခုလို အဆင့်မြင့် ရာထူး သို့ အဆင့်ဆင့် တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ အပြောအဆို မွန်ရည်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသူလည်း ဖြစ်၍ သံမဏိလက်သီး အား ကတ္တီပါ လက်အိပ် စွပ်ထားသူ သံတမန်တဦး အဖြစ် ကျော်ဇောခဲ့သူလည်း ဖြစ်သည်။

 

ချင်ဂန်းသည် နောက်ပိုင်းတွင် ပြန်ပေါ်လာပြီး သူ၏ တာဝန်များ ပြန်လည် ရယူလာချိန်တွင် တရားဝင် ထုတ်ပြန်ထားသော “ကျန်းမာရေး” ကြောင့် ဆိုသည့် စကားအပေါ် နင်းပြီး ရှင်းလင်းကောင်း ရှင်းပြလာလိမ့်မည် ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ ချင်ဂန်းသည် ဆိုးဝါးသည့် အခြေအနေများ နှင့်လည်း ရင်ဆိုင်ကောင်း ရင်ဆိုင်ရလာနိုင်သည်။

 

သို့သော် ဘီဂျင်း၏ ကောလဟလ စက်ရုံကြီးများကတော့ စပိုင်ဇာတ်လမ်း လိုလို၊ အချစ် ဇာတ်လမ်းလိုလို ထင်မြင်ချက် မျိုးစုံကို ဒလကြမ်း ထုတ်လုပ်လျက် ရှိနေသည်။ (ကျွန်တော်ပင်လျှင် ရစ်ချတ် ကွန်ဒွန်၏ နာမည်ကျော် Manchuria Candidate ဝတ္ထုထဲကလိုများ ဖြစ်နေမလားဟု တွေးခဲ့မိသေးသည်)

 

မည်သို့ပင် ဖြစ်စေ အပြင်ပန်းတွင် APPLE , TELSA အရောင်းပြခန်းများ နှင့် ကမ္ဘာ ခေတ်မီ စီးပွားရေး ကြီး ကို ဦးဆောင်နေသည်ဟု အထင်ရောက်နေသည့် တရုတ်သည် အတွင်းတွင်တော့ အပုတ်နံ့ တလှိုင်လှိုင် ဖြစ်နေဆဲဟု ပြော၍ ရပေသည်။ လျို့ဝှက်ချက်များ၊ ကောလဟဟများ နှင့် ပြည့်နှက်နေသော ဘီဂျင်း မြို့တော်ကြီးတွင် နာမည်ကြီး ထင်ရှားသူများ ပျောက်ခြင်းမလှ ပျောက်သွားတတ်ပြီး ပြန်ပေါ်လာသည့် အခါ မျိုး တွင် အကျင့်ပျက် ခြစားမှု၊ သို့မဟုတ် စာရိတ္တဖေါက်ပြန်မှု၊ အစိုးရ အပေါ် အမြင် မကြည်လင်မှု စသည့် အကြောင်း အမျိုးမျိုး နှင့် တရားစွဲ ခံရတတ်လေ့ ရှိသည်။ 

 

လက်ရှိတွင် တရုတ်ပြည်တွင် အပူလှိုင်းကြီး ဝင်ရောက်နေချိန်တွင် အထက်တန်းလွှာများ နှင့် နိုင်ငံခြား သံအမတ်ကြီးများသည် သူတို့ ခြံဝန်းထဲရှိ ဥယာဉ် များ၊ ဧည့်ခန်းများထဲတွင် ဘီယာစုပ်ရင်း ချင်ဂန်း ပျောက်ဆုံးနေမှု အပေါ် ထင်မြင်ချက်များ ဖလှယ်နေကြပြီ ဖြစ်သည်။ ယခင်က သူ့တွင် ထိုသို့ နိုင်ငံခြားရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲ သို့ မလာရောက်နိုင်သည်အထိ ဖြစ်ရအောင် ယခင်က အဘယ်သို့များ ကျန်းမာရေး ချို့ယွင်းမှုများ ရှိနေခဲ့လည်း ဆိုသည် အပေါ် လေ့လာ သုံးသပ်ခဲ့ကြသည်။ အချို့ကလည်း တရုတ် အင်တာနက် အာဏာပိုင်များက ချင်ဂန်း နှင့် ပတ်သက်သော ကွန်မန့်များကို ဖယ်ရှားပစ်နေသည် လက္ခဏများ တွေ့ရလေမလား၊ သူနှင့် နီးစပ်သည်ကို ကြွားဝါလိုသော မိတ်ဆွေ တဦးဦး၏ မှတ်ချက် တစုံတရာ တွေ့လေမလား ပိုက်စိတ်တိုက် ကြည့်ခဲ့ကြပြန်သည်။

 

တရုတ်၏ ပြင်းထန်လှသော နိုင်ငံရေး စည်းမျဉ်းများအရ ချင်ဂန်းသည် လူမသိ သူမသိ ဖြစ်သွားခဲ့လျင် အခြေအနေ မကောင်းဟု ဆိုရမည် ဖြစ်သည့် အပြင်၊ သူ နှင့် ပတ်သက်၍ အင်တာနက် ပေါ်တွင် ဆင်ဆာ မလုပ်ခဲ့ခြင်းကပင် အာဏာရ အသိုက်အဝန်းရှိ မိတ်ဆွေများက သူ့အား စွန့်ခွာ ကုန်ကြပြီလားဟု တွေးစရာ ဖြစ်လာရသည်။

 

မည်သို့ပင် ဖြစ်စေ ချင်ဂန်း ပျောက်ဆုံးမှု ၏ ပဟေဠိကို မဖြေရှင်းနိုင်သေးသော်လည်း တရုတ်ပြည် တွင် နိုင်ငံရေး အာဏာ ကို မည်သို့မည်ပုံ ကိုင်တွယ် ကျင့်သုံးနေသည် ဆိုသည်နှင့် ပတ်သက်၍ သင်ခန်းစာ ယူစရာ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။ 

 

အကယ်၍ ချင်ဂန်းသည် တကယ် ပင် မကျန်းမမာ ဖြစ်ခဲ့လျှင် သူ၏ ကျန်းမာရေး အခြေအနေအပေါ် တရားဝင် သတင်းထုတ်ပြန်ခဲ့လျှင်ပင် ကောလဟသများ အတန်ငယ် ပပျောက်သွားနိုင်ပေသည်။ သို့သော် တရုတ်တွင် ထိုကဲ့သို့ အိပ်ယာထဲ လဲနေရလောက်အောင် ဖြစ်ပျက်နေသည်များ ကို ထုတ်လွှင့်ပြောဆိုခြင်းသည် နိုင်ငံရေး အရ မလုပ်သင့် မလုပ်ထိုက် မှု အဖြစ် ယူဆ၍ ရှောင်ရှားလေ့ရှိသည်။ ဤသည်က လူတဦး၏ ကိုယ်ရေး ကိုယ်တာ နှင့် ပတ်သက်ပြီး စောင့်စည်းရမည် ဆိုသည့် သဘောမျိုး နှင့်တော့ မဟုတ်။ ခေါင်းဆောင်များသည် ကျန်းမာ သန်စွမ်းရမည် ဟု ခံယူထားခြင်းကြောင့်သာ ဖြစ်သည်။ တရုတ်ပြည် တွင် ကိုဗစ် ဖြစ်ခဲ့ပါသည်ဟု ဝန်ခံခဲ့သော ခေါင်းဆောင် တဦးတလေမျှပင် ထွက်မလာခဲ့ပေ။

 

ချင်ဂန်း၏ နိုင်ငံခြားရေး ဝန်ကြီး ရာထူးသည် ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ ကော်မရှင် အကြီးအကဲ ရာထူး ရယူထားသော ဝမ်ယီထက် အဆင့်အားဖြင့် နိမ့်နေဆဲပင် ဖြစ်သည်။ ထို့အတွက် ချင်ဂန်း၏ လူမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့မှုသည် အရေးပါသော်လည်း ထူးထူးခြားခြား ဖြစ်စဉ်တော့မဟုတ်၊ ဝမ်ယီသည် နိုင်ငံခြားရေး ဝန်ကြီး မဟုတ်တော့သော်လည်း တရုတ်၏ ထိတ်တန်း သံတမန်ကြီး အဖြစ် ရပ်တည်နေဆဲပင် ဖြစ်၍ သူ၏ ဩဇာအာဏာ၊ အဆက်အသွယ်များ၊ ဆရာသမားများ၊ မိသားစု ဝင်များ ၏ အရှိန်အဝါ ကြီးမားနေဆဲပင် ဖြစ်သည်။ 

 

ချင်ဂန်းသည် ဝမ်ယီ၏ တပည့်အရင်း ဖြစ်ခဲ့သည် ဆိုသော အချက်သည်လည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်သာ ဖြစ်သည်။ ချင်ဂန်းသည် ယခင်က ဒုဝန်ကြီး နှင့် အမေရိကန် သံအမတ်ကြီး အဖြစ် ရောက်လာပြီး တခဏ အတွင်းမှာပင် ယခုလို အရေးပါသော ဝန်ကြီး ရာထူး ကို ရရှိလာသည့် အပြင် ၂၀၂၂ တွင် ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် အထိ ဖြစ်လာခဲ့ရသည်ကပင် မနာလို မရှု့စိမ့် နိုင်စရာ များ ဖြစ်လာရသည်။ ၂၀၁၄ မှ ၂၀၁၇ အတွင်း အမေရိကန် သံအမတ်ကြီး ဖြစ်လာစဉ် အတွင်း အောင်မြင်မှု များ ရလာခဲ့ခြင်းသည် ဝမ်ယီ၏ အဆက်အသွယ်များကို အသုံးချ နိုင်ခဲ့၍သာ ဖြစ်သည်။

 

ချင်ဂန်းသည် ခေတ်မှီ ဆန်းသစ်သော အမြင် ရှိပြီး နိုင်ငံ အကျိုးစီးပွား နှင့် ပတ်သက်လာလျှင် လက်တွေ့ကျကျ နှင့် လက်ခံလာအောင် ပြောနိုင်ဆိုနိုင်စွမ်း ရှိသူ ဖြစ်သည်။

 

၂၀၁၇ နိုဝင်ဘာလ အတွင်း ဘီဂျင်းသို့ ရောက်လာခဲ့သည့် ဒေါ်နယ် ထရန့် ၏ ခရီးစဉ်အတွင်း ချင်ဂန်းသည် သံတမန်ရေး ကျင့်ထုံးများ အတွက် အဓိက တာဝန်ယူရသူ ဖြစ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း တရုတ်ပြည်ဖက်မှ ကြိုးနီစနစ်များကို ဖယ်ရှားပေးနိုင်ခဲ့ပြီး တင်းမာလာသည့် အခြေအနေများကို လည်း ပြေလည်အောင် ဖြေရှင်း ပေးနိုင်ခဲ့သည်။ ထိုစဉ်က အိမ်ဖြူတော် အကြီးအကဲ ဂျွန် ကယ်လီ နှင့် တရုတ် လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူ တဦး အကြား ထိုးမည်ကြိတ်မည် အထိ ဖြစ်သွားခဲ့၍ ဝင်ရောက် ဖြန်ဖြေ ပေးခဲ့ရဘူးသည်။

 

လိုအပ်လျှင် ခြိမ်းချောက်ဖို့လည်း ဝန်မလေး ဆိုသည်ကိုလည်း ပြခဲ့ဖူးသည်။ ၂၀၂၁ မတ်လ အတွင်း အီးယူ မှ ရှင်းကျန်း ပြည်နယ် အတွင်း ဖိနှိပ်နေမှုများ နှင့် ပတ်သက်ပြီး စီးပွားရေး ဒဏ်ခတ်သည့် သတင်း ကို ရလျှင် ရခြင်း ဘီဂျင်း ရှိ အီးယူ သံအမတ်အား ည သန်းကောင် ရုံးသို့ ဆင့်ခေါ်ခဲ့သည်၊ သံအမတ်မှ ညသန်းကောင် ဖြစ်နေ၍ မလာနိုင်ဟု ငြင်းဆန်ခဲ့သည့် အခါတွင်တော့ သူ့သံရုံး နှင့် ပတ်သက်၍ ရှေ့လျောက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ သံရုံးရှိ တရုတ် ဝန်ထမ်းများ၏ လုံခြုံရေး ကို တာဝန် မယူ နိုင် အစရှိသဖြင့် ခြိမ်းချောက် ပြောဆိုကာ အိပ်ယာထဲမှ ဆွဲထုတ်နိုင်ခဲ့သည်။

 

ချင်ဂန်းသည် နိုင်ငံခြား ဧည့်သည် တော်များ နှင့် တွေ့သည့်အခါတိုင်း အနောက်တိုင်း အကြောင်း နှံ့နှံ့ စပ်စပ် သိထား သူ အဖြစ် ပြောဆိုဆက်ဆံနိုင်ခဲ့သည်၊ ထိုသို့ သိထားသူ ဖြစ်လာ၍ အနောက်တိုင်းအား အိမ်နိမ့်စံ ဘဝ နှင့် ဖြစ်နေသော်လည်း မောက်မာနေဆဲ၊ ကြောင်သူတော် လုပ်နေဆဲဟု သူ့စိတ်ထဲတွင် စွဲထင်လာခဲ့သည်။

 

သို့သော်လည်း ချင်ဂန်း ပျောက်ကွယ်နေမှုကို တရုတ်ပြည်၏ နိုင်ငံခြား သံတမန် အသိုက်အဝန်း ကတော့ စိတ်မကောင်းခြင်း ကြီးစွာ ဖြင့် စောင့်ကြည့်နေဆဲပင် ဖြစ်သည်။ ရှီကျင့်ပင့် လက်အောက် တရုတ်ပြည်သည် တနေ့တခြား ပို၍ ပဟေဠိ ဆန်လာနေပြီ ဖြစ်သည်။ သို့သော် လူတော်လူကောင်းများ ပျောက်ဆုံးသွားမှု ကို တော့ လူများက မေ့နိုင်ကြမည် မဟုတ်ပေ။

 

၂၀၂၃ ဇွန်လ ၂၀ ရက်နေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းပါ “China’s foreign minister goes missing” ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။