နိုင်ဂျား အာဏာသိမ်းပွဲ၏ နောက်ဆက်တွဲများ

by Hla Soewai - Aug 13 2023

နိုင်ဂျား စစ်သားများသည် လွန်ခဲ့သော အပတ်က သမ္မတ အား ဖြုတ်ချခဲ့ချိန်မှစ၍ ကသောင်းကနင်း ဖြစ်လာခဲ့မှုများက ပို၍ ဆိုးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

 

The Economic Community of West African States (ECOWAS) ခေါ် အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အဖွဲ့ကြီး မှ အာဏာသိမ်း စစ်ဗိုလ်ချုပ်များအား တပတ်အတွင်း သမ္မတ မိုဟာမက် ဘာဇိုရမ်အား အာဏာပြန်လည် အပ်နှင်းရန် ပြောလာခဲ့သည်။ ထိုသို့ မလုပ်ဟု ဆိုက အင်အားသုံး ဝင်ရောက် ဖြေရှင်းရမည်ဟု ဆိုသည်။

 

အပြောနှင့် အလုပ်ညီရန် ဩဂုတ်လ ၂ ရက် ဗုဒ္ဓဟူးနေ့ တွင် ECOWAS အုပ်စုမှ ကာကွယ်ရေး ဦးစီးချုပ်များ တနေကုန် တွေ့ဆုံပြီး အစီအစဉ်များ ရေးဆွဲလာကြသည်။

 

ချပ် နိုင်ငံ သမ္မတ မှ ဝင်ရောက် ဖြန်ဖြေပေးရန် ကြိုးစားခဲ့သော်ငြားလည်း အာဏာသိမ်း အဖွဲ့မှ အလျော့ပေးမည့် အလားအလာများ မတွေ့ခဲ့ရပေ။ ထိုအစား နိုင်ငံရေးသမားများကို ထပ်၍ပင် ဖမ်းဆီးလာခဲ့သည်။

 

အင်္ဂါနေ့တွင် ယခင် နိုင်ဂျားအား ကိုလိုနီ ပြုခဲ့သော ပြင်သစ် သံရုံးအား ရုရှား အလံများ ကိုင်ဆောင်ထားသော ဆန္ဒပြသမားများက တိုက်ခိုက်လာခဲ့၍ ဥရောပ နိုင်ငံသားများ အား ရွှေ့ပြောင်း ‌ပေးခဲ့ရသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အကယ်၍ ECOWAS မှ စစ်ရေး အရ ဝင်ရောက်စွက်ဖက်လျှင် လူထု၏ ဆန့်ကျင် တွန်းလှန်မှု များ နှင့် ရင်ဆိုင်ရလိမ့်မည် အပြင် သွေးထွက်သံယို မှုများ ဖြစ်ပေါ်လာလိမ့်မည် ဟု သတိပေးသည့် အနေဖြင့် ထိုသို့ ဆန္ဒပြပွဲများ ထပ်မံ ပြုလုပ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

 

ECOWAS သတ်မှတ်ထားသော နောက်ဆုံးရက်သည် ဩဂုတ်လ ၅ ရက်နေ့ တနင်္ဂနွေ နေ့တွင် ရောက်လာခဲ့ပြီ ဖြစ်၍ ၎င်းတို့ ရာဇသံ အတိုင်း တပ်များကို စေလွှတ်ရန်သာ ရှိတော့သည်။ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော နိုင်ဂျီရီယား၊ အိုင်ဗရီကိုစ်၊ ဆီနီဂေါ နှင့် ဘီနင် နိုင်ငံများက တပ်များ စေလွှတ်ပေးမည်ဟု ကတိပြုလာကြသည်။

 

စစ်အာဏာသိမ်း အဖွဲ့မှ မိမိတပ်များမှ မည်သို့သော စွက်ဖက်မှုမျိုး မဆို “ချက်ခြင်း လက်ငင်း ချွင်းချက် မရှိ” တုန့်ပြန်သွားမည်ဟု ကြွေးကြော် လာခဲ့သည်။ 

 

ဂျီဟတ်ဝါဒီများ၏ ဒဏ်ကို အလူးအလဲ ခံနေရသော အိမ်နီးချင်း မာလီ နှင့် ဘူကီနာ ဖာဆို နိုင်ငံများအား အုပ်ချုပ်နေကြသော စစ်ဗိုလ်ချုပ်ကြီးများက နိုင်ဂျားအား ဝင်ရောက်စွက်ဖက်ခြင်းသည် ၎င်းတို့ အပေါ် စစ်ကျေညာလိုက်ခြင်းသာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။ ထိုနှစ်နိုင်ငံသည် စစ်အာဏာသိမ်း မှု ကျုးလွန်ခဲ့ကြ၍ အဖွဲ့ဝင် ဆယ့်ငါးနိုင်ငံ ပါဝင်သော ECOWAS အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းခြင်း ခံထားရသည်။

 

ပြီးခဲ့သည့် သောကြာနေ့တွင် ECOWAS ၏ ဖြန်ဖြေရေး အဖွဲ့သည် သမ္မတ ဘာဇိုရမ်ကို၎င်း၊ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဒိုရာမိန်း တီချီယာနီ နှင့် ၎င်း တွေ့ဆုံခြင်း မရှိပဲ ပြန်လာခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ECOWAS တပ်များသည် နောက်ဆုံးရက် ကျော်လျှင် ကျော်ခြင်း ဝင်ရောက်လာဖို့ တော့ မရှိသေးပေ။ ကနဦးတွင် တပ်များအား နယ်စပ်ဒေသများ တွင် ကြိုတင် နေရာချထားခြင်း မျိုး ဖြင့် ဖိအား များ ပေးလာဖို့ ရှိနေသည်။

 

ထိုအတောအတွင်း နှစ်ဖက်စလုံးက အချိန်တန်လျှင် တဖက်ဖက်မှ လျော့ပေးလာနိုင်ခြင်း၊ သို့မဟုတ် မျက်နှာ မပျက်စေမည့် ဖြေရှင်းမှုမျိုး ထွက်ပေါ်လာနိုင်ခြင်း မျိုး ရှိလာနိုင်သည်ဟု မျှော်လင့်နေကြသည်။

 

လက်ရှိတွင် အာဏာသိမ်း အဖွဲ့မှ အလျော့ပေးမည့် အလားအလာများ မတွေ့ရသေးပဲ စစ်တပ်ကို ထောက်ခံသူများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ လမ်းပေါ်တွင် ကင်းလှည့်နေကြသည်ကို တွေ့ရသည်။

 

စစ်တပ်ကလည်း ရုရှား ကြေးစားတပ် ဝဂ္ဂနာ အဖွဲ့ အား အကူအညီ တောင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ပြင်သစ်ကမူ ECOWAS ၏ ဝင်ရောက်စွက်ဖက်မှု ကို ထောက်ခံကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

နောက်ဆုံး ရရှိသော သတင်းအရ အာဏာသိမ်း စစ်ဗိုလ်ချုပ်များမှ နိုင်ဂျား လေကြောင်းပိုင်နက် ကို အကန့်အသတ် မရှိ ဖြတ်သန်း ခွင့် ပိတ်ပင်လိုက်ပြီဟု သိရသည်။