ရောင်စုံဖြာ ဖုံးလွှမ်းသွားသော ထိုင်း နိုင်ငံရေး

by Hla Soewai - Aug 24 2023

သုံးလ ကြာ သောင်မတင် ရေမကျ ဖြစ်ခဲ့ပြီး နောက် ထိုင်း ပါလီမန် သည် အင်္ဂါနေ့တွင် ဝန်ကြီးချုပ် အဖြစ် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်း သူဌေးကြီး ဆရီသာ သာဗီစင် အား မဲပေး ရွေးချယ် လိုက်ကြပြီ ဖြစ်သည်။ ၎င်းသည် ရှေးရိုးစွဲ စစ်တပ် အသိုက်အဝန်း မှ လက်ခံနိုင်သူ လည်း ဖြစ်သည်၊ မည်သို့ပင် ဖြစ်စေ ထိုင်း နိုင်ငံရေး တွင် မရေရာ မသေချာ မှုများ နှင့် နိုင်ငံရေး အကျပ်အတည်းကြီး ဆီသို့ ဦးတည်နေမှု မှ လမ်းလွှဲပေးနိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

အင်္ဂါနေ့ သည် ထိုင်း ပြည်သူများ ရုပ်မြင်သံကြား က မျက်လုံးမခွာပဲ သဲထိတ်ရင်ဖို ဖြစ်ရပ်များကို စောင့်ကြည့်ရသည့် နေ့ဟုလည်း ပြော၍ ရပေသည်။ ထိုနေ့ မနက်က အာဏာသိမ်း ဖြုတ်ချခံရသော ထိုင်း ဝန်ကြီးချုပ် သာစင် ရှင်နာဝါထွာ သည် ဆယ့်ငါးနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘန်ကောက်သို့ ပြန်လည် ခြေချလာခဲ့သည်။

 

၎င်းအား ချက်ခြင်းဆိုသလို ပင် ရဲအဖွဲ့ ကထိမ်းသိမ်း လိုက်ပြီး တရားလွှတ်တော်ချုပ် တွင် သူ့အား ချမှတ်ထားသော အပြစ်ဒဏ်များကို ဖတ်ကြားပြီးနောက် အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြသည်၊ ၎င်းအား လဒ်စားမှု သုံးမှု၊ အာဏာ အလွဲသုံးစားမှု တမှု နှင့် မျက်ကွယ်တွင် တရားစီရင်ခဲ့ပြီး လည်း ဖြစ်သည်။ သာစင်သည် ထိုသို့ ပြည်တော်ဝင် နိုင်ရန် ယခင်က အကြိမ်ပေါင်း နှစ်ဆယ်ကျော်မျှ ကြိုးပမ်းခဲ့ပြီးလည်း ဖြစ်သည်။

 

ဆရီသာ သည် သာစင်၏ အနီးစပ်ဆုံး လက်တွဲဖေါ် တဦး ဖြစ်သည်၊ သာစင် ယခုလို ပြည်တော်ပြန်ဝင်လာခြင်း သည် ဖူထိုင်း ပါတီ မှ ဖွဲ့စည်းလာမည့် အစိုးရ အဖွဲ့ အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်လျက် ရှိသည်။ ၎င်းအား အစိုးရသစ် နှင့် တစုံတရာ သဘောတူညီမှု ရယူထားပြီး ဖြစ်သည်ဟုလည်း ကောလဟသများ ပျံ့နှံ့လျက် ရှိသည်။

 

သို့သော် ဖူထိုင်း ပါတီမှ ယခင် ပြိုင်ဖက် ဖြစ်သော စစ်တပ်လိုလားသည့် ပါတီကြီး နှစ်ခု အပါအဝင် ပါတီပေါင်း ဆယ်တစ်ခု နှင့် ညွှန်ပေါင်း အစိုးရ ဖွဲ့စည်းလာခြင်း အပေါ် ထိုင်းပြည်သူ အတော်များများက မကျေမနပ် ဖြစ်နေကြသည်။ ဖူထိုင်းသည် ၎င်းတို့နှင့် မည်သည့် အခါမျှ လက်တွဲသွားမည် မဟုတ်ဟုလည်း မဲဆန္ဒရှင်များကို ယခင်က ကတိပေးထားခဲ့ပြီးလည်း ဖြစ်သည်။

 

ပီတ လင်ဂျာရိုနတ်၏ ရှေ့သို့ချီ ပါတီသည် ဘုရင်အား စော်ကားမှု သည် ရာဇဝတ်မှု မြောက်သည် ဆိုသော ဥပဒေ အား အားပျော့သွားစေရန် နှင့် စစ်တပ်ကို နိုင်ငံရေး မှ ဖယ်ထုတ်မည် ဆိုသော ကတိကဝတ်များ နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံရရေး တွင်မူ ဘုရင့်ထီးနန်း နှင့် စစ်တပ် အသိုက်အဝန်း၏ ပိတ်ဆို့ခြင်း ခံခဲ့ရသည်။

 

အသက်အားဖြင့် ၆၀ သာ ရှိသေးသည့် ဆရီသာ သည် ထိုင်း လွှတ်တော် နှစ်ရပ်ပေါင်း၏ မဲ အရည်အတွက် ၄၈၂ မဲ ရရှိခဲ့၍ လိုအပ်သည့် မဲ စုစုပေါင်း ၃၇၄ မဲထက် အပုံကြီး ကျော်လွန်သွားခဲ့သည်။

 

ထိုအရေးကို ကျော်လွှားနိုင်ခဲ့သော်လည်း ယခုအခါ ပို၍ ခက်ခဲသည့် အပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဖူထိုင်းသည် တခါက အပြောင်းအလဲများ ပြုလုပ်မည်၊ စစ်အစိုးရအား တက်တက်ကြွကြွ ဆန့်ကျင်သွားမည်ဟူသော ကတိများ ဖြင့် ရွေးကောက်ပွဲ မဲဆွယ်ခဲ့သော်လည်း ယခု စစ်တပ်နှင့်ပင် ပူးပေါင်း သွား၍ ထိုင်း မဲဆန္ဒရှင်များ၏ တောင်းဆိုထားချက် များ ပြည့်ဝရေး အတွက် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ စစ်တပ်၊ ထီးနန်း နှင့် ထိုင်းပြည်သူများ အကြား တင်းမာနေမှုသည် ရှေ့လျောက် ဆက်လက် ကြီးထွားနေဦးမည့် ပြဿနာလည်း ရှိနေသည်။

 

ဖူထိုင်းသည် ရှေ့သို့ချီ ပါတီမှ ရွေးကောက်ပွဲ ကတိကဝတ်များကို ပြန်လည် ရုတ်သိမ်းရန် ငြင်းဆိုခဲ့သည့်အတွက် လက်တွဲ ဖြုတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤသည်ကို မကျေမနပ် ဖြစ်လာသော ရှေ့သို့ချီ ပါတီ ထောက်ခံသူများသည် ဖူထိုင်း ပါတီ ဌာနချုပ်ရှေ့တွင် ၎င်းတို့၏ ပုံစံတူ ရုပ်ထုကြီး များ ပေါ် သွေးများ လောင်းပြီး မီးတင်ရှို့ ဆန္ဒပြခဲ့ကြသည်။ ထိုင်း ပြည်သူများက ၎င်းတို့၏ ဆန္ဒအား အုပ်စိုးသူ အသိုက်အဝန်း မှ မရမက ချေဖျက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်။

 

ဖူထိုင်းသည် စစ်တပ်အား နိုင်ငံရေးမှ ဖယ်ထုတ်မည်ဟု ထပ်တလဲလဲ ကြွေးကြော် ခဲ့သော်လည်း ယခုအခါတွင်တော့ ဆရီသာ အား ဝန်ကြီးချုပ် ဖြစ်‌ရေး အတွက် စစ်တပ်၏ ထောက်ခံမှု ကို ရယူခဲ့ရသည်။ သို့သော် ရှေ့သို့ချီ အမတ်များကတော့ ဆရီသာ အား ရွေးချယ်မှုကို ကန့်ကွက်မဲ ပေးခဲ့ကြသည်။ ထိုသို့ ဖူထိုင်း မှ စစ်တပ်၏ ပါတီကြီး နှစ်ခု နှင့် လက်ချင်းချိတ်သွားမှု အပေါ် ကန့်ကွက်သွားမည်ဟု အစောပိုင်းကပင် အသိပေးခဲ့ပြီး ဖြစ်သည်။

 

သာစင်၏ ပြည်တော်ဝင်လာမှုသည် ယခင် ဆယ်စုနှစ်က တွေးပင် မတွေးနိုင်လောက် အောင် ဖြစ်ခဲ့ရာမှ ယခုလို ဖြစ်လာခြင်းသည် ထိုင်း နိုင်ငံရေး တွင် ရပ်တည်ချက် ပြောင်းလာခြင်း ကို ထင်ဟပ်လာစေခဲ့သည်။ ထိုင်းရှိ ကြေးရေတက် အသိုက်အဝန်းက သာစင်အား အန္တရာယ်ကြီး အဖြစ် ရှုမြင်ခဲ့ကြပြီး စစ်တပ်သည်လည်း ၎င်း၏ ဩဇာအာဏာသည် ကြောက်စရာ ကောင်းလောက်အောင် ကြီးထွားလာနေပြီ ဆိုကာ အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း သူ၏ ညီမ ဖြစ်သူ ယင်လတ် ရှင်နာဝါထွာ မှလည်း ရှပ်နီ၊ ရှပ်ဝါ အကွဲအပြဲ များ များကြားတွင် နောက်တကြိမ် စစ်တပ်၏ အာဏာသိမ်းခြင်း ခံခဲ့ရပြန်သည်။

 

သာစင်သည် ဆရီသာ အား ကြားခံပြီး ထိုင်းအုပ်ချုပ်ရေး အသိုက်အဝန်း ၏ အကျိုးစီးပွားကို ကိုယ်စားပြုရန် ထိန်းညှိပေးလာဖွယ် ရှိသည်။ ယခင် က သူသည် ဘက်လိုက်မှု ကင်းသည့် တရားခွင် မျိုး တွင် အမှု ရင်ဆိုင်ရမည် မဟုတ်၍ ထိုင်းအား မည်သည့် အခါမျှ ပြန်လာမည် မဟုတ်ဟု ပြောခဲ့၍ သူ့အား မျက်ကွယ်တွင် ထောင်ဒဏ် ရှစ်နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

ယခု ပြည်တော်ဝင်လာခြင်းသည် ဩဇာတက္ကိမ ရှိသော ဘုရင်နှင့် စစ်တပ် အသိုက် အဝန်း အား ပိုနေမြဲ ကျားနေမြဲ ဆက်၍ ရှိရန် အာမခံသည် ဆိုသော အပေးအယူ မျိုး နှင့် ပြန်ရောက်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း ပီတ အား ဝန်ကြီးချုပ် အဖြစ် နောက်တကြိမ် အဆိုပြုခွင့်ရရန် အယူခံ တင်သွင်းခဲ့မှု အား ထိုင်း ဖွဲ့စည်းပုံ တရားရုံးက ပယ်ချခဲ့၍ မိမိတို့အား ထိုင်း၏ ရှေးရိုးစွဲ သမားများ ဖြစ်သည့် နိုင်ငံရေး သမားများ၊ ကုမ္ပဏီကြီး များ နှင့် ဘုရင် အသိုက်အဝန်းမှ မည်သို့မျှ အစိုးရ ဖွဲ့ခွင့် ပြုမည် မဟုတ်ဆိုသည်မှာ ထင်ရှားနေပြီဟု ပါတီ အတွင်းရေးမှုး ချိုင်သာဝပ် တူလာသွန် က သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ဆရီသာ သည် ယခင်က ပီတ ၏ ပြုပြင် ပြောင်းလဲရေးများကို ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လေသံပြောင်းသွားပြီး ဖူထိုင်းသည် မည်သို့သော အပြောင်းအလဲမျိုး မဆို အခိုင်အမာ ဆန့်ကျင်သွားမည်၊ သို့မဟုတ်က နိုင်ငံရေး ပါတီများ နှင့် အထက်လွှတ်တော်၏ ထောက်ခံမှု ရတော့မည် မဟုတ်ဟု ဆိုသည်။

 

ဆီရီသာ သည် ထိုင်း ၏ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံရေး ကုမ္ပဏီကြီး တခုဖြစ်သော ဆန်ဆီရီ ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး နိုင်ငံအား တလွဲတချော် စီမံ အုပ်ချုပ်နေမှု များကို တွေ့လာရ၍ နိုင်ငံရေး လောက သို့ ဝင်ရောက်ရန် စိတ်အား ထက်သန်ခဲ့ခြင်း ဖြစ်သည်ဟု ဧပြီလအတွင်း ရုပ်သံ တွေ့ဆုံခန်းတွင် ပြောဆိုသွားခဲ့သည်၊ သူသည် နိုင်ငံများ နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိလာရန် နှင့် ထိုင်းအား နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု လိုသူများ၏ ပန်းတိုင် ဖြစ်စေရမည် ဟုလည်း ဆိုသည်။

 

ထိုင်း ကျေးလက်နေ လူထုက ၎င်းအား သဘောမကျ ဖြစ်နေသော်လည်း ဘန်ကောက်ရှိ လူလတ်တန်းစားများကမူ စီးပွားရေး အား စီမံခန့်ခွဲနိုင်မည့်သူ အဖြစ် မျှော်လင့်ချက် ထားနေကြသည်။ သူသည် ထိုင်းတွင် လူတန်းစား မညီမမျှ ဖြစ်နေမှု များအား အခွန်တိုးမြှင့် ကောက်ခံခြင်း ဖြင့် ဖြေရှင်းသွားမည်ဟုလည်း ကြွေးကြော်လာခဲ့သည်။

 

ကိုးကား - နယူးယောက်တိုင်းမ်