INSIGHT: မလေးရှား စီးပွားရေး နှင့် အာဏာ လွန်ဆွဲပွဲများ

by Hla Soewai - Jan 16 2020

၂၀၂၀ ခုနှစ်သည် မလေးရှား ဝန်ကြီးချုပ်  မဟာသီယာ မိုဟာမက် အနေနှင့် စီးပွားရေး တိုးတက်လာရန် လွန်စွာ မျှော်လင့်ထားသော နှစ် ဖြစ်နေပေသည်။ အထူးသဖြင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာလိမ့်မည်ဟု ယူဆထားခဲ့ ခြင်းကြောင့် ဖြစ်သည်။ ၂၀၂၀ သည် ယခုအခါ ခေါင်းပြူထွက်လာနေပြီ ဖြစ်သော်လည်း စီးပွားရေး သည် ပုံမှန် အတိုင်း တရွေ့ရွေ့ နှင့်သာ သွားနေခဲ့သည်။ ရင်းနှီးမြုပ်နှံသူများ မှ တံခါးလာခေါက်ကြခြင်း မရှိသေးပေ။ အစိုးရ ထိပ်ပိုင်း တွင် မဖြေရှင်းနိုင်သေးသော အာဏာ လွန်ဆွဲပွဲများသည် မလေရှား၏ အိမ်မက်များကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

 

မဟာသီယာသည် ၁၉၉၁ တွင် ပထမအကြိမ် အာဏာရလာစဉ်က စ၍ 2020 Vision ဟူသောအစစ အရာရာ ဖူလုံ ပြည့်စုံမည့် စက်မှု နိုင်ငံ တခု အဖြစ် ပီပြင်လာစေရန် စီမံ ရေးဆွဲထားခဲ့ဖူးပေသည်။ နောက်ပိုင်း နှစ်နှစ်ဆယ် အကြာတွင် သူ၏နေရာကို ဆက်ခံသည့် နာဂျစ်ရာဇတ်သည် ၂၀၂၀ အား လူတဦးချင်း ဝင်ငွေ လွန်စွာ မြင့်မားသည့် နိုင်ငံ ဖြစ်လာစေရမည်ဟု ထပ်မံ ကြွေးကြော်လာခဲ့ပြန်သည်။

 

၂၀၁၀ မှ ၂၀၁၉ အကြား ဆယ်နှစ်တာ ကာလအတွင်း မလေးရှား စီးပွားရေး တိုးတက်မှု နှုန်းသည် ၄.၅% မှ ၇.၄% အကြားတွင် ရှိနေခဲ့သည်။ ယင်းနှင့် အတူ ကမ္ဘာဘဏ်မှ သတ်မှတ်ထားသော လူတဦးချင်း ဝင်ငွေ မြင့်မားမှု စံချိန် ဖြစ်သည့် အနည်းဆုံး တနှစ်လျင် ဒေါ်လာ ၁၂,၂၃၅ ကို ရောက်ရှိလာရမည်ဟု မျှော်လင်ထားခဲ့သည်။ သို့သော် ၂၀၁၈ တွင် ဒေါ်လာ ၁၀,၅၉၀ သာ ရောက်ရှိနိုင်ခဲ့သေးသည်။

 

၂၀၁၈ မေလတွင် အာဏာ ကိုပြန်လည် ရရှိလာခဲ့သော မဟာသီယာ သည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန် နှင့် ကမ္ဘာဘဏ်မှ သတ်မှတ်ထားမှုထက်ပင် ကျော်လွန်ရမည်ဟု ရည်မှန်းလာခဲ့ပြန်သည်။ မလေးရှား အား လက်ရှိ ‘ကျားပေါက်’ အဆင့် အတန်း မှ ‘အာရှ ကျားကြီးများ’ စာရင်းဝင်လာရန်အထိ ဖြစ်ချင်လာခဲ့သည်။

 

သို့သော် ရည်မှန်းချက်သည် တကယ်တမ်း ဖြစ်အောင် လုပ်ရသည်ထက် လွယ်ကူပေသည်။

 

မဟာသီယာ နှင့် သူ၏ အစိုးရ အဖွဲ့သည် ကနဦးကပင် အတွက်အချက် လွဲမှားမှုများဖြင့် စတင်လာခဲ့သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ၎င်းတို့က မလေးရှား၏ စီးပွားရေး နှင့် ဘဏ္ဍာရေး အခြေအနေများကို အဆိုးဖက်မှ ဦးစားပေး ပုံဖေါ်လာခဲ့ကြသည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းများမှာ နာဂျစ် နှင့် ပြဿနာပေါင်း သောင်းခြောက်ထောင် ကိုရင်ဆိုင်နေရသည့် 1Malaysian Development Bank (1MDB) အပေါ် အပြစ် ပုံချ ပြောဆိုလာကြသည်။

 

၎င်းတို့၏ ရည်ရွယ်ချက်သည် နာဂျစ် အစိုးရ အပေါ် လူထု၏ ဒေါသများ ဆူပွက်လာစေရန် နှင့် မဟာသီယာ အား သမိုင်းတွင်မည့် အောင်ပွဲကြီး တရပ် ရရှိသွားစေရန် ဖြစ်သည်။ သို့သော် လိုသည်ထက် ပိုသွားခဲ့ရသည်။

 

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ အပြီး ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာခဲ့သည့် လင်ဂွမ်အင်းသည် မလေးရှား နိုင်ငံ၏ ကြွေးမြီမှာ ရင်းဂစ် တစ်တြီလီယံ (ဒေါ်လာ ၂၄၃.၇ ဘီလီယံ) ရှိနေသည်ဟု ထုတ်ဖေါ် ကြေငြာလိုက်ခြင်းကြောင့် စီးပွားရေး လောက တခုလုံး သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားခဲ့ကြသည်။ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် နာဂျစ် အစိုးရမှ ကြွေးမြီသည် ၆၈၆.၈ ဘီလီယံ ရင်းဂစ် သာ ရှိသည်ဟု ထုတ်ပြန်ထားခဲ့ခြင်း နှင့် အပုံကြီး ကွာခြားနေသောကြောင့်ပင် ဖြစ်သည်။

 

ထိုသို့ ကွာခြားခဲ့ခြင်းသည် နာဂျစ် အစိုးရ၏ ဂုဏ်သိက္ခာ ထိခိုက်သွားခဲ့ရသည် မှန်သော်လည်း ထိုသို့ ကြွေးမြီ များပြားစွာ တင်ရှိနေသည်ကို သိရှိသွားခဲ့ကြသော ရင်းနှီးမြုပ်နှံသူများ အဖို့  ပြန်လည် ပေးဆပ်နိုင်မည့် အပေါ်သံသယရှိလာကာ  လက်တွန့်သွားခဲ့ကြသည်။

 

ပြည်တွင်း အသားတင် ထုတ်လုပ်မှု နှုန်းသည် ၂၀၁၈ ဧပြီ-ဇွန် နောက်ပိုင်းမှစ၍ ၅% အထိ ရောက်မလာနိုင်ပဲ ရှိနေပြန်သည်။ ၂၀၁၉ အတွင်း ရင်းနှီးမြုပ်နှံသူများ ဖက်မှ စိုးရိမ်မကင်း ရှိနေမှုများ ပိုမိုသိသာ လာခဲ့သည်။ ၂၀၁၉ တွင် စက်မှု ကုန်ထုတ် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများသည် ပထမ ကိုးလ အတွင်း ဒေါ်လာ ၃.၅ ဘီလီယံ သာ ရှိခဲ့သဖြင့် ၂၀၁၈ တနှစ်လုံး တွင် ရှိခဲ့ဖူးသော ဒေါ်လာ ၉.၇ ဘီလီယံ နှင့် စာလျှင် အပုံကြီး ကွာခြားနေခဲ့ရသည်။

 

၂၀၁၉ ဇန်နဝါရီ မှ စက်တင်ဘာ အတွင်း အတည်ပြုပေးခဲ့သော ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု စုစုပေါင်းသည် ဒေါ်လာ ၃၅.၄၂ ဘီလီယံသာ ရှိခဲ့ခြင်းကြောင့် ယမန်နှစ်က ရရှိခဲ့သော ဒေါ်လာ ၄၉.၉ ဘီလီယံထက် လျော့နည်းနေပေသည်။

 

ကြွေးမီ ဝန်ထုပ်ဝန်ပိုးသည် အတန်ငယ် ပြေလျော့သွားခဲ့သော်လည်း ရင်းနှီးမြုပ်နှံသူများဖက် မှ နောက်ထပ် စိုးရိမ် မကင်း ဖြစ်လာနေရသည့် အခြားအကြောင်းများစွာလည်း ရှိနေပြန်သည်။  ထိပ်ဆုံးမှ ရှိနေသည့်အကြောင်းမှာ အသက် ၉၄ နှစ်ထဲ ရောက်လာနေပြီ ဖြစ်သော မဟာသီယာ သည် ယခင် ရန်သူဟောင်းမှ မဟာမိတ် ဖြစ်လာသူ အန်ဝါ အီဘရာဟင်အား သူ ကတိပေးထားသလို  အာဏာ လွှဲပြောင်း ပေးရေး ကို တွန့်ဆုပ်လာနေသဖြင့် နိုင်ငံရေးတွင် မရေရာ မသေချာ မှုများ ဖြစ်ပေါ်လာနေခြင်းများကြောင့်ဖြစ်သည်။

 

အာဏာလွှဲပြောင်းပေးရေး ကို အချိန်အတိအကျ ပြောနိုင်ခြင်း မရှိသည့်အပေါ်လည်း လက်ရှိ နှင့် နောက်ပိုင်း ရင်းနှီးမြုပ်နှံလိုသူ များအကြား သို့လော သို့လော ဖြစ်လာနေသည်။ အထူးသဖြင့် စတော့ ဈေးကွက်တွင် အဆိုးဝါးဆုံး ထိခိုက်လာနေရသည်။

 

Bloomberg စီးပွားရေး မှ ထုတ်ပြန်သော စာရင်းဇယားများအရ ကွာလာလမ်ပူ တွင် ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့ ပိုင်ဆိုင်ထားသော ရှယ်ယာ စုစုပေါင်း ဒေါ်လာ ၂.၇ ဘီလီယံ ခန့်ကို ထုတ်ရောင်းခဲ့ကြသည်ဟု သိရသည်။ အာရှ ဈေးကွက်တွင် အကြီးမားဆုံး ရှယ်ယာ များ ခဝါချမှုများထဲတွင် တခုအပါအဝင် ဖြစ်လာခဲ့သည်။

 

လောလောဆယ်တွင် မဟာသီယာ ၏ လူကြိုက်မများသော ဆုံးဖြတ်ချက်များ နှင့် ရွေးကောက်ပွဲတွင် ပေးထားသော ကတိမတည်ခဲ့မှုများ ကြောင့် လူထုထောက်ခံမှု ကျဆင်းလာနေခဲ့သည်။ နိုင်ငံရေး လေ့လာသူများ ကမူ မဟာသီယာသည် အန်ဝါအား မကြာမီ ကာလအတွင်း အာဏာလွှဲပြောင်း ပေးဖွယ်မရှိဟု ခန့်မှန်းနေကြသည်။ မဟာသီယာ ကမူ ၂၀၁၈ ရွေးကောက်ပွဲကာလအတွင်း ပြောခဲ့သလို နှစ်နှစ်အတွင်း လွှဲပြောင်းပေးမည်ဖြစ်ပြီး အချိန်ကျလာသည်နှင့် လွှဲပြောင်းပေးမည် ဆိုသည်များကို ယခုတိုင် ပြောဆိုလျက် ရှိနေဆဲပင်။

 

မဟာသီယာ သည် သူ၏ စိတ်ထဲတွင် အန်ဝါ၏ ယခင် လက်ထောက် နှင့် မဟာမိတ် ဖြစ်သူ အက်ဇ်မင် အလီ ကို လွှဲပေးရန် ပိုပြီး လိုလားနေသည်။ အန်ဝါ၏ လူထု တရားမျှတရေး ပါတီ အတွင်း တွင် အက်ဇ်မင်ကို ထောက်ခံနေသူများ က အန်ဝါအပေါ် တိုး၍ ဆန့်ကျင်လာနေကြပြန်သည်။

 

မဟာသီယာ အနေဖြင့် အာဏာ လွှဲပြောင်းရေး ကို တွန့်ဆုပ်နေမည် ဆိုလျှင် ၂၀၂၃ တွင် ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲတွင် အာဏာရ ညွှန်ပေါင်းအဖွဲ့၏ အောင်နိုင်ရေး အလားအလာ သည် ထိခိုက်လာဖွယ် ရှိနေပြန်သည်။ မဟာသီယာ သည် မကြာမီက ရိုက်တာ နှင့် အင်တာဗျူးတွင် အနည်းဆုံး နိုဝင်ဘာလ အတွင်း ကျင်းပရန် ရှိနေသော အာရှ-ပစိဖိတ် စီးပွား ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဆွေးနွေးပွဲ အထိ ဆက်နေသွားမည်ဟု ပြောခဲ့သည်။

 

ယခုနှစ် အတွင်း အီလက်ထရောနစ် ပစ္စည်းများ၊ စားအုံးဆီ၊ LNG နှင့် ရေနံစိမ်း များ ပြည်ပသို့ တင်ပို့မှု အပိုင်းတွင် တိုးမြှင့်လာဖွယ်ရှိပြီး ပြည်တွင်း တွင်လည်း အခြေခံ အဆောက်အအုံ ပိုင်းများတွင် တည်ဆောက်ရေး စီမံကိန်းများ ပြန်လည်စတင်လာဖွယ် ရှိနေသဖြင့် ဆောက်လုပ်ရေး ကဏ္ဌတွင် တိုးတက်မှုများ ရှိလာနိုင်သည်။

 

အစိုးရ သည် ဂျီဒီပီ ၏ ၁၅% ခန့် ရှိသော ခရီးသွားကဏ္ဌ မြှင့်တင့်ရေးကိုလည်း အထူး မျှော်လင့်နေသည်။ ၂၀၂၀ ကို ‘Visit Malaysia Year’ အဖြစ် သတ်မှတ်ထားပြီး ခရီးသွား အေဂျင်စီများက အပြိုင်အဆိုင် ဈေးချ ပေးကာ ခရီးသွားများ ကို ဆွဲဆောင်လာနေကြသည်။ ယခုနှစ် အတွင်း ခရီးသွား သန်း ၃၀ ခန့် ရောက်လာနိုင်ရန် ရည်မှန်းထားပြီး ၎င်းတို့ထံမှ ဒေါ်လာ ၂၅ ဘီလီယံ အထိ ရရှိနိုင်မည်ဟု ခန့်မှန်းလျက် ရှိနေကြသည်။ ယမန်နှစ် က ကိုးလအတွင်း ကောက်ယူရရှိခဲ့သော စာရင်းဇယားများအရ ခရီးသွား ၂၀.၁ သန်း သာ ဝင်ရောက်လာခဲ့သည်။ ခရီးသွားများ တိုးမြှင့်နိုင်ရန် ယခုနစ် တနှစ်ပတ်လုံး အိန္ဒိယ နှင့် တရုတ် နိုင်ငံသားများအား ၁၅ ရက် ဗီဇာ လိုအပ်ခြင်းမရှိပဲလာရောက်ခွင့်ကို ပြုထားသည်။

 

သို့သော်လည်း ထိုသို့ ခရီးသွားများ လာရောက်နိုင်ရန်သည် အန်ဝါ ထံသ်ု့ အာဏာ ကို ချောချောမွေ့မွေ့ လွှဲပြောင်းနိုင်ရေး အပေါ် မူတည်လျှက် ရှိနေပေသည်။

 

ရည်ညွန်း၊  ၊ ဇန်နဝါရီ ၁၄ ရက် နေ့ ထုတ် Nikkei Asia Review တွင် ပါရှိသော  “Malaysia Economy Stands to Lose in Mahathir-Anwar Power Game” မှ ထုတ်နှုပ် တင်ပြသည်။