သာစင်၏ စရိုက်မှန် ပေါ်ပြီ

by Hla Soewai - Sep 04 2023

အပေါ်ယံအားဖြင့် ကြည့်မည်ဆိုလျှင်တော့ ထိုင်းစစ်တပ် အသိုက်အဝန်းနှင့် ဖူထိုင်း ပါတီတို့အ ကြား ရရှိခဲ့သော သဘောတူညီချက်သည် အလုပ်ဖြစ်နေပုံ ရသည်ဟု ယူဆရပေသည်။ ယင်းမှ ထွက်ပေါ်လာသော ညွှန်ပေါင်းအစိုးရသည် ထိုင်းနိုင်ငံ အား စစ်တပ်မှ ကိုးနှစ်ကြာ အုပ်ချုပ်လာမှုကို အဆုံးသတ်သွားစေ ခဲ့သည်။

 

ဖူထိုင်း ပါတီ၏ ခေါင်းဆောင် ဟု ယူဆခြင်း ခံထားရသူ သာစင် ရှင်နာဝါထွာသည် ပြည်ပတွင် ကာလကြာမြင့်စွာ ခိုလှုံနေရာမှ ထိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် အစိုးရသစ်သည်ယခင် စစ်တပ် အသိုက်အဝန်း အုပ်ချုပ်နေသည် ထက်တော့ သာလိမ့်မည်သာ ဖြစ်သည်။ ဒီမိုကရေစီ အရဆိုကလည်း ရွေးကောက်ပွဲတွင် ဒုတိယ မဲ အများဆုံး ရရှိသည့် အတွက် တိုးတက်မှု တခုသု ဆို၍ ရပေသည်။

 

သို့သော် တကယ်တမ်း ဖြစ်လာခဲ့မှု များ နှင့် စာလျှင် အထက်တွင် ပြောခဲ့သည်များသည် အပေါ်ယံ သုံးသပ်မှုမျိုးသာ ဖြစ်ပေလိမ့်မည်။ ယခု ထွက်ပေါ်လာသော သဘောတူညီချက်သည် ထိုင်း တို့အတွက် ဒီမိုကရေစီ အောင်ပွဲ ဖြစ်မလာခဲ့ပေ။

 

ထိုင်းစစ်တပ် နှင့် ထီးနန်း အသိုက်အဝန်းသည် ရွေးကောက်ပွဲတွင် အမှန်တကယ် အနိုင်ရရှိခဲ့သည့် လူကြိုက်များသော ရှေ့သို့ချီ ပါတီအား နည်းမျိုးစုံ ဖြင့် ပိတ်ဆို့ခဲ့ကြသည်၊ ထိုပါတီသည် ၎င်းတို့ အာဏာ ဆုတ်ကိုင်ထားမှု ပြိုကွဲသွားစေရမည် ဟူသော ရွေးကောက်ပွဲ ကတိဖြင့် အနိုင်ရရှိလာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။

 

သာစင်သည် သူ၏ ပါတီ အနေဖြင့် စစ်တပ်နှင့် ဝေးဝေး နေမည်ဟု ကတိပေးထားသည့် ကြားမှ ယခုလိုရှေ့သို့ချီ ပါတီအား အမဲဖျက်ရန် ကြံနေသည့် ထိုင်းစစ်တပ်နှင့်ပင် သဘောတူညီချက် ရယူလိုက်ခြင်းဖြင့် သူသည် ထိုင်း ဒီမိုကရေစီ ၏ မိတ်ဆွေကြီး မဟုတ်ပဲ လက်ရှိ အနေအထားကိုသာ ထိန်းထားလိုသည့် တန်ဆာပလာ တခုသာ ဖြစ်ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။

 

ထိုသို့ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ဖေါ် တိုက်ဖက် ဖြစ်ခဲ့သည့် ရှေ့သို့ချီ ပါတီအား သစ္စာဖေါက်ပြီး လက်တွဲဖြုတ်ခဲ့သည် ဖူထိုင်းသည် ညွှန်ပေါင်းအစိုးရသစ် တွင် စစ်တပ်လိုလားသော ပါတီအား ပါဝင်ခွင့်မရအောင် အနည်းဆုံး ဟန့်တားထားနိုင်သည်။ သို့သော် ထိုသို့ လုပ်ပိုင်ခွင့်များကို သာစင် ပြည်တော် ဝင်ခွင့် ရရေး နှင့် အလဲအလှယ် လုပ် ခဲ့ပြီ ဖြစ်သည်။

 

သာစင်သည် သူ့ အပေါ် စွပ်စဲထားသော အကျင့်ပျက် ခြစားမှု များ ‌ဖြင့် နှစ်ရှည် ထောင်ဒဏ်များ ကျခံဖို့ ရှိနေသော်လည်း ထိုင်းဘုရင်၏ ပြစ်ဒဏ်မှ မကြာမီ အတောအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ ရှိနေသည်။

 

ယခုအခါ သူ့အား ၂၀၀၆ တွင် တကြိမ်၊ ညီမ ဖြစ်သူအား ၂၀၁၄ တွင် တကြိမ် ဖြုတ်ချ အာဏာသိမ်းခဲ့သူ များ နှင့် လက်ချင်းချိတ်ကာ အစိုးရ ဖွဲ့တော့မည် ဖြစ်သည်။

 

သာစင်သည် ထောင်မှ လွတ်ပေးမည့် အချိန်ကို စောင့်နေစဉ် အတွင်း ထိုင်းပြည်သူတို့၏ ခေါင်းဆောင် ဖြစ်ထိုက်သူ ပီတ လင်ဂျရိုနတ်သည် လုပ်ကြံ စွပ်စွဲထားသော အမှုများနှင့် ထောင်နန်းစံရဖို့ ရှိနေသည်။

 

ရေတိုတွင် သာစင် ရယူခဲ့သော သဘောတူညီချက်ကြောင့် ယခင်စစ်ခေါင်းဆောင်များ လက်ထက် ယို့ယွင်းလာနေသော စီးပွားရေးသည် တည်ငြိမ်မှု ပြန်၍ ရလာနိုင်ဖွယ် ရှိနေသည်၊ ၂၀၀၅ နှင့် ၂၀၀၉ အကြားတွင် ထိုင်း စီးပွားရေးသည် အရှေ့တောင်အာရှ တွင် ဒုတိယ နေရာတွင် ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှု ကိုလည်း အများဆုံး ရရှိခဲ့သည်။ အီလက်ထရောနစ် နှင့် ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေး ပိုင်းဆိုင်ရာ စက်မှု လုပ်ငန်းများတွင်လည်း ဒေသတွင်း နိုင်ငံများထက် ခေါင်းတလုံး ပိုမြင့်လာခဲ့သည်။

 

ပြီးခဲ့သည့် ငါးနှစ် အတွင်းတွင်တော့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှူများသည် ထိုင်း ကို ကွေ့ဝိူက်ကာ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံများဆီသို့ ဦးတည်သွားခဲ့သည်။

 

စီးပွား ရေး လုပ်ငန်းရှင် သူဌေးကြီး တဦးဖြစ်‌ သော ဖူထိုင်း၏ ‌ဆရီသာ သာဗီစင် ၏ ဦးဆောင်မှု အောက်တွင် ပြန်၍ ဦးမော့လာအောင် ပြုလုပ်ရမည် ဖြစ်သည်။ သို့မှသာ မတူကွဲပြား‌‌သူ အချင်းချင်း စုပေါင်း စပ်ပေါင်း ဖွဲ့ထားသည့် ဆယ်တစ်ပါတီ ညွှန်ပေါင်း အစိုးရ အား ထိန်းထားနိုင်မည် ဖြစ်သည်၊ အကယ်၍ ညွှန်ပေါင်း အစိုးရ ပြိုလဲသွားခဲ့မည် ဆိုလျှင်တော့ ရွေးကောက်ပွဲ ပြုလုပ်ရဖို့ ရှိနေသည်၊ ထိုအခါတွင်တော့ ရှေ့သို့ချီ ပါတီသည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲထက်ပင် အပြတ်အသတ် အောင်ပွဲ ခံဖို့ အလားအလာ ကောင်းလာတော့မည် ဖြစ်သည်။

 

ဤသည်ကပင် သာစင် ကူညီ ပံ့ပိုးကာ သက်ဆိုးရှည်အောင် လုပ်ပေးခဲ့မှုသည် စစ်တပ် နှင့် ဘုရင့်အသိုင်းအဝိုင်း သာ ကောင်းစားစေမည့် ထိုင်းနိုင်ငံရေး သွားရာ လမ်းကြောင်းကို ထိုင်းပြည်သူများ မနှစ်မြို့ကြ ဆိုသည်ကို လည်း ထင်ဟပ်စေမည် ဖြစ်သည်။

 

ဖူထိုင်းသည် နိုင်ငံ အကျိုးကို ဦးထိတ်ထားမည် ‌ဆိုက ရှေ့သို့ချီ ပါတီ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ် အချို့ကို အတုယူ ဆောင်ရွက်သင့်သည်။

 

လက်ရှိတွင် ထိုင်းပြည်သူ များ အကောင်းဆုံး မျှော်လင့် နိုင်သည်က ရှေ့သို့ချီ ပါတီသည် မည်သူကမျှ မည်သည့်နည်းမျိုး နှင့် မဆို ချေဖျက်နိုင်စွမ်း မရှိသည့် ပါတီကြီး အဖြစ် အင်အားကောင်းလာတော့မည် ဆိုသည်ပင် ဖြစ်သည်။

 

ထိုသို့ဖြစ်လာအောင်လည်း သာစင်က ဖန်တီးပေးခဲ့သည်။ သူ၏ စစ်တပ်နှင့် အပုတ်နံ့ထွက်နေသော ‌သဘောတူညီချက်သည် ထိုင်း ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများကို အမျက်ချောင်းချောင်း ထွက်စေခဲ့၍ ဖူထိုင်း ပါတီ ဌာနချုပ်ရှေ့တွင် ဆူဆူညံညံ ကန့်ကွက်လာကြသည်။

 

ရှေ့သို့ချီ ပါတီ ခေါင်းဆောင်ပိုင်း အနေဖြင့် စစ်တပ်မှ ပြဿနာများ ဖန်တီးပြီး ရန်စလာမည်ကို ရှေ့လျောက် ငြိမ်းချမ်းစွာဖြင့် စည်းလုံး ညီညွတ်သည့် အတိုက်အခံ ပါတီ အဖြစ် ရင်ဆိုင် ရပ်တည်သွားဖို့ သာ လိုအပ် ပေသည်။

 

(၂၀၂၃:ဩဂုတ်လ ၂၃ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသည့် "Thaksin Shinawatra shows his true colours" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)