တရုတ် ကာကွယ်ရေး ဝန်ကြီး ပျောက်သွားပြန်ပြီ

by Hla Soewai - Sep 21 2023

နိုင်ငံရေး အာဏာ သည် သေနတ်ပြောင်းဝမှ ထွက်သည် ဟု မော်စတုံး ပြောလေ့ ရှိသည်။ ခေါင်းဆောင် အဖြစ် အောင်မြင်ချင်ပါက လက်နက်ကိုင် တပ်များကို ထိန်းချုပ်ထားနိုင်မှ ဟု ဆိုလိုခြင်း ဖြစ်သည်။ လက်ရှိ တရုတ် ခေါင်းဆောင်ကြီး ဖြစ်နေသူ ရှီကျင့်ပင်လည်း ထိုအတိုင်းပင် ယုံကြည်သူ ဖြစ်နေသည်။

 

ထို့အတွက်ကြောင့်လည်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် People's Liberation Army (PLA) အား အလုံးစုံ ပြုပြင် ပြောင်းလဲနိုင်ရန် အတိုင်းအတာ တခုထိ လုပ်ဆောင်လာပုံ ရသည်။ သို့သော် သူ၏ လုပ်ရပ်သည် အကျိုး ဖြစ်ထွန်းလာရမည့်အစား PLA ၏ တိုက်ရည် ခိုက်ရေ အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

PLA အပေါ် နောက်ဆုံးအကြိမ် ထိုးနှက်ခံလိုက်ရသည်က စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်နေ့များတွင် ကာကွယ်ရေး ဝန်ကြီးနှင့် နိုင်ငံတော် ကောင်စီဝင် အဖြစ် ပြီးခဲ့သည့် မတ်လ အတွင်းမှ ခန့်အပ်ခံရသူ ဗိုလ်ချုပ်ကြီး လီရှန်ဖူးအား စုံစမ်းစစ်ဆေးရန် အတွက် ထိမ်းသိမ်းလိုက်သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ အသက် ၆၅ နှစ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး လီ သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ နှစ်ပတ်ခန့်ပင် ရှိသွားပြီ ဖြစ်သည်။

 

စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စီစဉ်ထားသည့် နှစ်စဉ် ပြုလုပ်နေကျ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး နှင့် အစည်းအဝေးတွင်လည်း "ကျန်းမာရေး အကြောင်းပြချက်" ဖြင့် လူစားလဲခဲ့ပြန်သည်။

 

တရုတ် အစိုးရသည် ၎င်းနှင့် ပတ်သက်သော သတင်းများကို အတည်ပြုခြင်း မရှိပေ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးကလည်း ထိုသတင်းကို မသိရဟု ‌မေးမြန်းလာမှုကို ဖြေကြားသွားခဲ့သည်။ 

 

ထိုသတင်းသာ မှန်ကန်ပါက ခြောက်နှစ် အတွင်း ကွန်မြူနစ်ပါတီ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်တဦး ပထမဆုံး အကြိမ် ကြမ္မာဆိုးနှင့် ကြုံခဲ့ရခြင်းဟု ပြော၍ ရပေသည်။

 

ဇူလိုင်လ အတွင်းကလည်း PLA ၏ ဒုံးကျည် တပ်ဖွဲ့များ၏ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်ကြီး လီယုချောင် နှင့် နိုင်ငံရေး မှုး ဖြစ်သူ ဗိုလ်ချုပ်ကြီး ဇူ ရှောင်ဘို တို့အား လည်း မည်သည့် အကြောင်းမှ မပြပဲ ချက်ခြင်းဆိုသလို ရာထူးမှ ဖယ်ရှားခြင်း ခဲ့သည်။ သို့သော်လည်း အကျင့်ပျက် ခြစားခြင်း ကြောင့် သို့မဟုတ် စစ်ရေး လျို့ဝှက်ချက်များ ပေါက်ကြားမှု ကြောင့် ဖြစ်ဖွယ် ရှိသည်ဟု ခန့်မှန်း ပြောဆိုခဲ့ကြသည်။

 

စက်တင်ဘာ ၁ ရက်နေ့တွင်လည်း PLA စစ်ခုံရုံး ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ် ချန်‌ဒေါင်ဖန်း အားလည်း ခန့်အပ်ပြီး ရှစ်လ အကြာတွင် ရာထူးမှ ဖယ်ရှားခဲ့ပြန်သည်။ နာမည်ကျော် ဘီဂျင်း တက္ကသိုလ် ကြီး၏ ကျောင်းဆင်း ဘွဲ့ရတဦး ဖြစ်ပြီး စစ်တပ်၏ တရားဥပဒေ ရေးရာ ဌာန အကြီးအကဲ တဦး ဖြစ်ခဲ့သည့် အပြင် ဟောင်ကောင်ရှိ တရုတ် စစ်စခန်းများ၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်သည်။။

 

ထိုဗိုလ်ချုပ်ကြီး လေးဦး ခန့်အပ်ခဲ့မှု များကို ရှီကျင့်ပင် ကိုယ်တိုင် အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ၎င်း၏ မှန်ကန်စွာ သုံးသပ်နိုင်စွမ်း ရှိမှူ အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ အလားတူ အရေးပါခဲ့သည့် ဖြစ်ရပ်တခုက ဒီဇင်ဘာလ အတွင်း ၎င်းကိုယ်တိုင် ခန့်အပ်ခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်းအားလည်း မပြောမဆို နှင့် ကျန်းမာရေး အကြောင်းပြပြီး ဖယ်ရှားခဲ့ပြန်သည်။

 

အဆိုပါ ဗိုလ်ချုပ်ကြီး လေးဦးစလုံးသည် ဒုဲးကျည် တပ်ဖွဲ့ နှင့် ဆက်စပ်နေကြသူများဖြစ်သည်၊ ဒုံးကျည် တပ် သည် တရုတ်၏ နျုကလီယား လက်နက်များ နိုင်ငံတကာ နှင့် ရင်ဘောင် တန်းနိုင်ရေး အတွက် ‌ငွေကြေး အမြောက်အမြား ထုတ်နှုတ်သုံးစွဲနေရသည့် အတွက် အတွက် လာဘ်ပေးလာဘ်ယူ မှုများ၊ ငွေအလွဲသုံးစားမှု များ ဖြစ်နိုင်စရာ ရှိနေပေသည်။ ရှီကျင့်ပင်သည် ထိုသို့ ဆရာ မွေး တပည့်မွေး ကွန်ယက်ကြီးတခု အဖြစ် ကြီးထွားလာမည့် အရေးကို ဖြိုခွဲချင်နေပုံရသည်။

 

လီရှန်ဖူးသည် ကာကွယ်ရေး ဝန်ကြီး ဖြစ်သည့်အားလျှော်စွာ အခြား နိုင်ငံများနှင့် ဆက်ဆံရေးတွင်သာ တာဝန်ရှိပြီး စစ်ရေး စီမံချက်များ နှင့် မသက်ဆိုင်လှ၍ PLA ၏ တိုက်စွမ်းရည် နှင့် ပတ်သက်၍ ထိခိုက်စရာ မရှိလှသော်လည်း တပ်တွင်း အထက်ခေါင်းဆောင်ပိုင်း၏ လုပ်ရပ်များအတွက် စိတ်ဓါတ် ကျဆင်းစရာ ဖြစ်လာနိုင်သည်။

 

သေချာသည်က ပြည်တွင်း ပြည်ပတွင် တရုတ်တပ်မတော်၏ ပုံရိပ် ထိခိုက်သွားခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိ ပြဿနာများကြောင့် တိုင်ဝမ် နှင့် ပတ်သက်၍ အ‌မေရိကန် နှင့် ရင်ဆိုင်ရမည့် အရေးတွင် ပိုမို ကျစ်လစ်ပြီး ပို၍ လည်း အပြစ်အနာ အဆာ ကင်းသည့် စစ်တပ်ကြီး အဖြစ် အားကိုးနိုင်မည်လော ဆိုသည်က မရေရာ မသေချာ ဖြစ်လာနေသည်။

 

ရှီကျင့်ပင်သည် လက်ရှိတွင် စီးပွားရေး နှေးကွေးလာနေခြင်း၊ ဒေသတွင်း ပြည်နယ် အစိုးရများ ကြွေးမြီများ ထူပြောလာနေခြင်း၊ သက်ကြီး ရွယ်အို များ ပေါများလာနေခြင်း ဆိုသည့် ပြဿနာများကို ရင်ဆိုင်‌ဖြေရှင်းရဖို့ ရှိနေသည်။ ထို့ကြောင့် ရှီကျင့်ပင် သည် တိုင်းပြည်ကို ထိထိရောက်ရောက် ဆက်၍ အုပ်ချုပ်သွားနိုင်ပါမည်လော ပြည်တွင်းတွင်သံသယ ပွား လာကြပေတော့မည်။

 

ပြည်ပတွင်လည်း တရုတ်ပြည်၏ နိုင်ငံရေး စနစ်သည် အနောက်တိုင်း ပုံစံ လစ်ဘရယ် ဒီမိုကရေစီ နှင့် ယှဉ်လျှင် ပို၍ တည်ငြိမ်မှု ရှိသည်၊ ပို၍လည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်း ရှိနေသည်ဟု ပုံဖေါ်နေမှု များလည်း ထိခိုက်သွားတော့မည် ဖြစ်သည်။

 

၂၀၂၃ ဩဂုတ်လ ၁၅ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းကြီးတွင် ပါရှိသည့် "The mystery surrounding China’s missing defence minister" ဆောင်းပါးကို ကောက်နှုတ် တင်ပြသည်)