ရုရှား နှင့် မြောက်ကိုရီယား တို့မှ ပေးလာမည့် အန္တရာယ်

by Hla Soewai - Sep 21 2023

ယင်းသည်က ယူကရိန်း အတွက် အကျပ်အတည်း များ ‌ပိုတွေ့လာနိုင်ခြင်းနှင့် အာရှတွင် နျူကလီယား အန္တရာယ်ကြီး တိုးပွားလာနိုင်မည့် အရေးပင် ဖြစ်သည်ဟု ၂၀၂၃ စက်တင်ဘာ ၁၃ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိလာသည့် " The dangers posed by a deal between Russia and North Korea" ဆောင်းပါးတွင် ယခုလို ရေးသားထားခဲ့သည်။

 

မြင်တွေ့လိုက်ရသည့် က စစ်အေးတိုက်ပွဲကြီးကို ပြန်လည် အမှတ်ရစေသည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။ 

 

မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းအား သယ်ဆောင်လာသော အထူး ကျည်ကာ ဇိမ်ခံရထားကြီးသည် ရုရှား အရှေဖျားကို ဖြတ်ကာ ဆိုက်ရောက်လာသည့် အခါတွင်တော့ သူ့အား ရုရှား စစ်တပ်၏ ဘင်ခရာ တီးဝိုင်း ဖြင့် တီးမှုတ် ကြိုဆိုခဲ့ပြီးနောက်တွင် အချိန်ဆိုင်း မနေပဲ ပူတင် နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့ပေတော့သည်။

 

ညစာ စားပွဲတွင် ဘဲသားသုတ်၊ ဂဏန်း‌ ပေါင်း ပေါက်စီတို့အား ဝိုင်အရက် နှင့် မျှောချပြီးချိန်တွင်တော့ ခေါင်းဆောင်နှစ်ဦးသည် လက်ထဲက ခွက်ကို မြှောက်ကာ အနောက်တိုင်း၏ အရင်းရှင် နယ်ချဲ့ဝါဒ ကို "မြင့်မြတ်စွာ တိုက်ပွဲဝင်နေမှု" ဟု ကင်ဂျုံအန်း၏ အပြောအတိုင်း ဖန်ခွက်ချင်း တေ့လိုက်ကြပြန်သည်။

 

ထိုပုဂ္ဂိုလ် နှစ်ဦးစလုံးသည် ရာဇဝင်ဘီးကို နောက်ပြန်လှည့်ချင်နေကြသူများသာ ဖြစ်သည်။ ကင်ဂျုံအန်းသည် စတာလင် ဖန်တီးပေးခဲ့သော အာဏာရှင်၏ မြေးလည်း ဖြစ်သည်။ ပူတင် ကြည့်ပြန်လည်း ဇာဘုရင် ခေတ်က ရွှေထီး ဆောင်းခဲ့ဖူးသည့် အတိတ်ကို လွမ်းဆွတ်တမ်းတနေသူ ဖြစ်နေပြန်သည်။

 

၎င်းတို့နှစ်ဦး အကြား မဟာမိတ် အဖြစ် လက်တွဲလာခြင်းကပင် ရုရှားအား လက်နက် အသစ်အဆန်းများ ပံ့ပိုးပေးလာခြင်းဖြင့် ယူကရိန်း စစ်ပွဲ၏ လားရာကို ပြောင်းလဲသွားအောင် ဖန်တီးနိုင်စွမ်း ရှိနေသည်။ ထိုမျှသာ မကသေး အာရှတွင် နျူကလီယား လက်နက် ပြိုင်ပွဲကြီးကို အရှိန်မြင့်လာစေနိုင်ပြန်သည်။

 

တကယ်တမ်းကြည့်မည် ဆိုလျှင် ပူတင်လက်အောက် ရောက်နေသည့် ရုရှား သည် ရှေ့လျောက် မြောက်ကိုရီယား ကဲ့သို့ လူ့အဖွဲ့အစည်းအား စစ်တပ်ပုံစံ သွင်းထားသည့် နိုင်ငံမျိုး ထက်ပင် ပို၍ ဆိုးလာနိုင်သည့် အလားအလာများ တွေ့ရမည်သာ ဖြစ်သည်။ ဆိုလိုသည်က အနောက်အုပ်စုနှင့် လုံးဝ အဆက်အသွယ် ဖြတ်ကာ လူ့အသက်ကို ဖက်ရွက်လောက်မှ တန်ဖိုးမထားသည့် သက်ဦးဆံပိုင် ဘုရင် အလား အုပ်ချုပ်ခံရမည် အရေးပင် ဖြစ်သည်။

 

မြောက်ကိုရီယားသည် ဆင်းရဲနွမ်းပါးပြီး သီးခြားနေထိုင်သည့် နိုင်ငံဖြစ်သော်ငြားလည်း ပူတင် အသည်းအသန် လိုအပ်နေသည့် အမြှောက်ကျည်ဆံများ ပိုင်ဆိုင်ထားပေသည်။

 

ရုရှားသည် မနှစ်က တနှစ်တည်းမှာပင် အမြှောက်ဆံ ဆယ်သန်း ခန့် ပစ်ခတ်ထားခဲ့ပြီး ဖြစ်သည်။ ယူကရိန်းသည်လည်း ရုရှားကဲ့သို့ပင် လိုအပ်လာနေသည်။ မြောက်ကိုရီယားသည် လက်နက်ကိုင်တပ်ဖွဲ့များကို နဂိုကတည်းက ဆိုဗီယက် ပုံစံ ဖွဲ့စည်းထားခဲ့သဖြင့် အမြှောက်ဆံများ သန်းပေါင်းများစွာ ရှိနေသည့် အပြင် ဆက်၍ ထုတ်လုပ်နိုင်သည့် အိုမင်းနေပြီဖြစ်သော စက်ရုံများကလည်း အရာမယွင်းပဲ ရှိနေပြန်သည်။ 

 

သို့သော် ပေါက်ကွဲနိုင်မှု တွင်တော့ အားရစရာ မရှိလှပေ၊ ၂၀၁၀ ခုနှစ်အတွင်း တောင်ကိုရီယားအား ချိန်ရွယ် ပစ်ခတ်ခဲ့သော အမြှောက်ကျည် များ၏ ၂၀ ရာနှုန်းသည် ပေါက်ကွဲခဲ့ခြင်း မရှိပေ။ ရုရှား အဖို့ ကတော့ လုံးဝ မရှိတာထက် စာလျှင် တော်ပေသေးသည်ဟု သာ ယူဆကြမည် ဖြစ်သည်။ ထို့ပြင့် မြောက်ကိုရီယား ထံမှ ဒုံးကျည် များ နှင့် ဟောင်ဝစ်ဇာ အမြှောက်ကြီးများလည်း ရနိုင်စရာ ရှိနေပြန်သည်။

 

၎င်းတို့ နှစ်ဦး အကြား ရလာဖွယ် ရှိသည့် သဘောတူညီချက်သည် လက်ရှိ ယူကရိန်း ၏ ထိုးစစ် တိုးတက်မှု နှေးကွေးနေခြင်း အပေါ် များစွာ သက်ရောက်မှု ရှိလာနိုင်သည်။ လက်ရှိတွင် ထိုသို့နှေးကွေးနေမှု အတွက် နည်းဗျုဟာ ပိုင်းနှင့် ပတ်သက်၍ အချင်းချင်း အငြင်းအခုံ ဖြစ်နေကြသည့်အပြင် အနောက်အုပ်စု အပေါ်လည်း အားမလို အားမရ ဖြစ်လာနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

 

လတ်တလော တွင် ရုရှားရော၊ ယူကရိန်းပါ လက်နက်ကြီးကျည်များ ပြတ်လတ်နေမှု တွင် သူမသာ ကိုယ်မသာ ဖြစ်နေကြသည်။ အကယ်၍ ရုရှားသာ ၎င်းတို့ အလွန်အမင်း လိုအပ်နေသော လက်နက်ကြီး ကျည်များ ရရှိသွားမည်ဆိုက ယူကရိန်း တပ်များကို ခေါင်းမဖေါ်နိုင်အောင် ပစ်ခတ်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။ ယူကရိန်း၏ ထိုးစစ်ကိုလည်း ဟန့်တား နိုင်မည် ဖြစ်သည့်အပြင် လာမည့် ဆောင်းရာသီတွင် ယူကရိန်းတပ်များအား တဖြေးဖြေး နှင့် အမှည့်ချွေသလို ချေမှုန်းလာနိုင်မည် ဖြစ်သည်။

 

မြောက်ကိုရီယားကလည်း အလကားမတ်တင်း ကူညီဖို့တော့ မရှိ၊ ရုရှားထံမှ လိုချင်စရာ ရှိနေပြီးလည်း ဖြစ်သည်။ သက္ကရာဇ်၂၀၀၀ ကျော် နှစ်များအတွင်း တရားမဝင် နျူကလီယား လက်နက်များ ထုတ်လုပ်နေသည်ဆိုကာ နိုင်ငံတကာ မှ ဝိုင်းဝန်း ပိတ်ဆို့ ဒဏ်ခတ်ထားမှု အား ရုရှားမှ သဘောတူ လက်မှတ်ရေးထိုး ထားခဲ့သည်။

 

ယခု အပတ် သူတို့နှစ်ဦး တွေ့ဆုံမည့် နေရာ ကို အာကာသ ယာဉ် စခန်းဖြစ်သည့် ဗော်စတိုချီနီ ကို ရွေးချယ်ခဲ့ခြင်းသည်ကပင် ဘာတွေ ဖြစ်လာနိုင်သည်လဲ ဆိုသည်အပေါ် မှန်းဆရန် သိပ်မခက်လှသည့် သဲလွန်စ ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ကင်ဂျုံအန်းသည် ၎င်း၏ နျူကလီယား ဒုံးကျည်များ၏ ပစ်ခတ်နိုင်မှု အကွာအဝေး၊ စိတ်ချ ယုံကြည်ရမှု နှင့် လိုအပ်သလို အလျော့အတင်း လုပ်နိုင်ရန် တို့အတွက် ရုရှား၏ ဒုံးကျည်နည်းပညာများကို တောင်းဆိုလာဖွယ် ရှိနေသည်။ ထိုပြင် ရုရှား ဂြိုလ်တု နှင့် ရေငုပ်သင်္ဘောများ၏ လျို့ဝှက်ချက်များကိုလည်း မချွင်းမချန် သိ‌ချင်နေသည်။

 

မည်သို့သော သဘောတူညီချက်များ ထွက်ပေါ်လာစေကာမူ ရှေ့တန်းရှိ ယူကရိန်း စစ်သည်များ အတွက် လတ်တလော ထိခိုက်စရာ ဖြစ်လာနိုင်သည်။ အာရှရှိ လက်ရှိ နျူကလီယား ချိန်ခွင်လျှာကိုလည်း ပြောင်းလဲသွားစေနိုင်သည်။

 

မြောက်ကိုရီယား အာဏာပိုင်များသည် အပြောင်းအလဲ မြန်ပြီး ခုတမျိုး တော်ကြာတမျိုး စီမံခန့်ခွဲနေကြသူများ ဖြစ်သည့်အပြင် မနာလို ဝန်တိုစိတ် ရှိသူများလည်း ဖြစ်သည်။ တောင်ကိုရီယားအား မီးလောင်တိုက်သွင်း ပစ်မည်ဟု မကြာခဏဆိုသလို ခြိမ်းခြောက်ကြသည့် အပြင် လက်ရှိ ပူတင် နှင့် မတွေ့မီကလေးမှာပင် တောင်ကိုရီယား ဖက်သို့ တာတိုပစ် ဒုံးကျည် နှစ်စီး ပစ်လွှတ်ခဲ့ပြန်သည်။

 

အခြားနိုင်ငံများက မြောက်ကိုရီယား၏ စစ်ရေး စွမ်းရည် တိုးတက်လာနိုင်မှု အတွက် ရတက်မအေး ဖြစ်လာကြသည်နှင့် အမျှ လက်နက်များ အပြိုင်အဆိုင် တပ်ဆင်လာနိုင်သည်။ အကယ်၍ သာ ကင်ဂျုံအန်း မှ နျူ ဒုံးကျည်အား ရေငုပ်သင်္ဘောမှ ပစ်ခတ် နိုင်စွမ်း ရှိလာမည် ဆိုလျှင် အိမ်နီးချင်း နိုင်ငံအားလုံးလိုလို အထိတ်တလန့် ဖြစ်လာကြမည်သာ ဖြစ်သည်။

 

လက်ရှိ ဖြစ်ပေါ်လာနိုင်သည့် အလားအလာအပေါ် တွင် တရုတ်သည် မည်သည့်အနေအထားဖြင့် ရပ်တည်သွားမည်ကို ခန့်မှန်းနိုင်စွမ်း မရှိ ဖြစ်နေသည်၊ သို့သော် တရုတ်သည် ထိုအာဏာရှင် နှစ်ဦးစလုံးပေါ်တွင် အထိုက်အလျောက် ဩဇာအာဏာ ရှိနေသည်။

 

တရုတ်သည် ယူကရိန်း နှင့် ရုရှား အကြား နှစ်ဆယ်ရာစု နှစ် ပုံစံအတိုင်း သမာရိုးကျ စစ်ပွဲဆင်နွဲနေသရွေ့ ရေရှည်လာသည်နှင့် အမျှ ဥရောပ နှင့် အမေရိကား အကြား သွေးကွဲလာနိုင်ဖွယ် ရှိသည် ဆိုကာ ကြိတ်၍ သဘောကျနေသည်၊ သို့သော် နျူလက်နက်များ ပျံ့ပွားလာမည့် အရေးကိုတော့ ရတက်မအေး ဖြစ်လာပေမည်။ ရုရှားနှင့် မြောက်ကိုရီယား အကြား ထွက်ပေါ်လာနိုင်သည့် သဘောတူညီချက်သည် တရုတ်၏ ရပ်တည်မှု ကို စမ်းသပ်လာမည်သာ ဖြစ်သည်။

 

အနောက်အုပ်စု အဖို့လည်း ရုရှား နှင့် မြောက်ကိုရီယား အပေါ် ဒီထက်ပို၍ ထိထိရောက်ရောက်ဒဏ်ခတ်နိုင်စရာ မကျန်တော့၊ လုပ်နိုင်သည်က ယူကရိန်းအား လက်ရှိထက် ပို၍ ပံ့ပိုးနိုင်ရန် လက်နက်ခဲယမ်းများ စုဆောင်းလာဖို့သာ ရှိပေတော့သည်။

 

မော်စကို နှင့် ပြုံယမ်းအကြား လက်နက်နှင့် ပတ်သက်၍ မည်သို့သော သဘောတူညီချက်မျိုး ရရှိခဲ့သည်ကို အများသိအောင် ‌ဖေါ်ထုတ်ရမည် ဖြစ်ပြီး အာရှ ရှိ မဟာမိတ်များအားလည်း အမေရိကန်၏ နျူကလီယား ထီးရိပ် ဖြင့် ဆက်၍ အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း ထပ်လောင်း အာမခံ ပေးရမည်လည်း ဖြစ်သည်။