ဒရုန်းရန်ကို ပူးပေါင်းကာကွယ်ပေးကြပါရန် ဒေသတွင်း နိုင်ငံများကို စစ်ကောင်စီ တောင်းဆိုလာ

by Hla Soewai - Sep 30 2023

ပြည်သူ တော်လှန်ရေး အင်အားစုများသည် နေပြည်တော် အနီးရှိ ဧလာ လေတပ်စခန်းနှင့် မြဝတီ ထွေအုပ်ရုံးများကို တောင်ပံတပ် ဒရုန်းများဖြင့် အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့မှု ကြောင့် အာဏာသိမ်း အဖ္ဧဲ့ ထိတ်လန့်စိုးရွံ့လာသည့် လက္ခဏာများကို အထင်အရှားတွေ့မြင်လာရသည်။

 

အာဏာသိမ်း အဖွဲ့ ၏ ဒုတိယ ပြည်ထဲရေး ဝန်ကြီး ဆိုသူ ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်သည် တရုတ်ပြည် ဂန်ဆူး ပြည်နယ်တွင် ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူများ လုံခြုံရေး ကွန်ဖရင့်တွင် "အကြမ်းဖက်သမားများ" မှ ဒရုန်းများ နှင့် တိုက်ခိုက်ခံနေရမှု မြင့်တက်လာနေ၍ ထိုအန္တရာယ်ကြီးကို ဒေသတွင်း နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြပါရန် တောင်းဆိုသွားခဲ့သည်။

 

အလားတူ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရာပြည့်သည်လည်း အင်ဒိုနီးရှားသို့ ရောက်ခဲ့စဉ် အတွင်း ဒရုန်းသည် ၎င်းတို့ အဖွဲ့အား အနာဂတ် တွင် စိန်ခေါ်လာနိုင်သည်ါ အန္တရာယ်ကြီး ဖြစ်လာနေပြီဟု ပြောဆိုသွားခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ အသက်အိုးအိမ် များကို အညှာတာ ကင်းမဲ့စွာ ဂျက်တိုက်လေယာဉ်များ နှင့် ဗုံးကြဲတိုက်ခိုက်နေသူများ၏ အရှက်ကင်းမဲ့စွာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ ပြဿနာက စစ်ကောင်စီ သည် အားလုံးကို သူတို့ တွေးခေါ်သလို မျိုး တွေးကြလိမ့်မည်ဟု ယူဆနေကြခြင်းပင်။

 

ယခုအခါ တော်လှန်ရေး အင်အားစုများသည် ဒရုန်းရန် ကာကွယ်ရန် ၎င်းတို့လက်ဝယ်ရှိထားသည့် jammer များကို ကောင်းစွာ ကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ မကြာသေးမီက ဒရုန်း အစင်းရေ ၄၀၀ ခန့်အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ ဖြန့်ဝေ ပေးခဲ့ပြီ ဖြစ်ကြောင်း အသိပေးထားပြီးလည်း ဖြစ်သည်။

 

လူထု အား နည်းမျိုးစုံ ဖြင့် ဖိနှိပ်သတ်ဖြတ်နေကြ သူ များက ၎င်းတို့ အတွက် အန္တရာယ်ကြီး ကျရောက်နေပါပြီဟု တဆာဆာ ဟစ်ကြွေးလာသည့် အ‌မှုသည် မိကျောင်း မျက်ရည် ကျခြင်းမှ လွဲ၍ အခြား မည်သို့ ယူဆနိုင်ပေမည်နည်း။

 

ယမန်နေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှ ‌ထိုင်း ထောက်လှန်းရေး သတင်းများအား ကိုးကားဖေါ်ပြခဲ့ရာတွင် နိုင်ငံ အတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၃၀၆ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။ ထို့အပြင် ထိုင်း စစ်ဖက်အရာရှိကြီးများပင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် လျို့ဝှက်စွာ တွေ့ဆုံ ‌ဆွေးနွေးခဲ့ကြသည်ဟုလည်း ရေးသားထားသည်။ ဒရုန်းများအားလည်း ထိုင်းဖက်မှ ဝင်ရောက်လာနေ၍ အွန်လိုင်းမှ ရောင်းချနေမှု ကို ပိတ်ပင်ပေးပါရန် ထိုင်းအား မြန်မာ အာဏာသိမ်း အဖွဲ့က တောင်းဆိုထားသည်ဟုလည်း ပါရှိသည်။

 

ပြည်သူများ ‌ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ တရပ်အား လက်နက် အားကိုး ဖြုတ်ချ အာဏာ သိမ်းယူခဲ့မှု ကို အစဉ်အလာ လို ဖြစ်သွားမည်စိုး၍ မည်သည့် နိုင်ငံကမှ အားပေး ထောက်ခံကြလိမ့်မည် မဟုတ်၊ ကိုယ်ဖာသာ ရပ်တည်သွားရတော့မည် ဆိုသည်ကို သိထားသင့်ပေသည်။

 

ပြည်သူ့ တရပ်လုံးက မခံမရပ်နိုင် ဖြစ်လွန်း၍ လက်နက်ကိုင် တော်လှန်လာသည်ကို "အကြမ်းဖက် သမားများ" ဟု ဆင်သေကို ဆိတ်သားရေဖုံးကာ အမျိုးမျိုး ဖုံးဖိ၊ လုပ်ကြံဇာတ်ခင်းနေကြသော်လည်း ၎င်းတို့၏ စကားကို မည်သူကမျှ လက်ခံကြလိမ့်မည် လည်း မဟုတ်ပေ။ ဆက်ဆံနေသူတိုင်းကလည်း အကျိုးလို၍ ညောင်ရေသွန်းနေကြခြင်း ဖြစ်ပြီး မချစ်သော်လည်း အောင့်ကာနမ်း ဆက်ဆံနေကြခြင်းသာ ဖြစ်သည်။

 

၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ အား နိုင်ငံတကာ တရားရုံး၊ နိုင်ငံတကာ စစ်ရာဇဝတ်မှူ များ ဆိုင်ရာ ရုံးတော်များမှ သက်သေအထောက်အထား အပြည့်အစုံ နှင့် စုဆောင်းထားရှိ ပြီးလည်း ဖြစ်သည်။ ထိုရုံးများမှလည်း ကမ္ဘာသိ ထုတ်ပြန်ထားပြီး ဖြစ်သည်။

 

ယနေ့ ဂျှနီဗာတွင် ကျင်းပသော လူ့အခွင့်အရေး ကောင်စီ ၏ ၄၅ ကြိမ်မြောက် အစည်းအဝေးတွင် ဥက္ကဌ ဖြစ်သူ ဗော်လ်ကာ တပ် မှ မြန်မာစစ်တပ်၏ လူထု အပေါ် ဆက်လက်ကျုး‌လွန်နေမှု များကို "စကားအရာနှင့်ပင် ဖေါ်ပြနိုင်စွမ်းမရှိသော ကြေကွဲဖွယ် ဖြစ်ရပ်များ"ဟု အစချီကာ အကျယ်တဝင့် ရှင်းလင်းသွားသည်၊ စစ်တပ်ကို ဆန့်ကျင့် တွန်းလှန်နေသည့် ၎င်းအခေါ် anti-military armed group များ၏ အကြမ်းဖက်မှု များ ရှိနေသော်လည်း စစ်တပ်၏ လုပ်ရပ်များနှင့် နှိုင်းစာလျှင် မည်သို့မျှ မပြောပ‌ လောက်ဟု လည်း ပြောကြားသွားခဲ့သည်။

 

၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကြီးကို တရုတ်၊ ရုရှားတို့ အပါအဝင် နိုင်ငံတကာ မှ အသိအမှတ် ပြုထားပြီး အာဆီယံ၏ အချက် ငါးချက်ဖြင့် ဖြေရှင်းနိုင်မှ ဖြစ်မည် ဆိုသည့် ဘောင်ကို ကျော်၍ ပြောဆိုခြင်းမျိုး မရှိသေးပေ။ 

 

လက်ရှိတွင် နယ်မြေများ ဆုံးရှူံးလိုက်လာသည် နှင့် အမျှ အကြမ်းဖက်စစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်မှု များ အရှိန်မြှင့်လာဖွယ် ရှိနေသည်။

 

နယ်မြေ ဆုံးရှုံး မှု ဆိုသည်နှင့် ပတ်သက်ပြီး စစ်စခန်းများကို လိုအပ်သလို လက်နက် ရိက္ခာ ဖြည့်တင်းနိုင်စွမ်း မရှိတော့ခြင်း၊ ထိုးစစ်များ မဆင်နွဲ နိုင်ခြင်း၊ ရန်ကုန်၊ နေပြည်တော်သွား အဝေးပြေးလမ်းမကြီးများအား လုံခြုံစိတ်ချစွာ အသုံးမပြုနိုင်တော့ခြင်း၊ အုပ်ချုပ်ရေး ပျက်ပြားလာနေခြင်း တို့ ဖြစ်သည်။

 

ထိုသို့ စစ်တပ်ဖက်မှ နယ်မြေများ ပို၍ ဆုံးရှုံးလာ‌ နေသည့် အနေအထားများကို ကရင်ပြည်နယ်တွင် သိသိသာသာ တွေ့လာနေရပြီ ဖြစ်သည်ဟု ကရင် လူမှု အဖွဲ့အစည်း တခု ဖြစ်သော ကရင် ငြိမ်းချမ်းရေး ပံ့ပိုး ကွန်ယက် KPSN မှ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!