စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စီး ဖျက်စီးခံရ

by Hla Soewai - Sep 30 2023

ကချင် လွတ်လပ်ရေး တပ်တော် KIA မှ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ခုနှစ်နာရီ ခန့်တွင် နမ်ပေါင် လေတပ်စခန်း အတွင်းရှိ Chengdu F-7 တိုက်လေယာဉ် နှစ်စီးကို ရောကက်လောင်ချာ များ နှင့် ပစ်ခတ် ဖျက်စီး ပစ်နိုင်ခဲ့သည်ဟု သတင်း ထုတ်ပြန်လာသည်။

 

တရုတ်လုပ် အဆိုပါ တိုက်လေယာဉ် နှစ်စီးသည် မြစ်ကြီးနား မြို့ အနီး အမှတ် (၅၀၃) ဟု ခေါ်သည့် နမ်ပေါင် လေတပ်စခန်း ဝင်း အတွင် လေယာဉ်ဆီ ဝင်ရောက် ဖြည့်တင်းနေစဉ်အတွင်း KIA နှင့် KPDF ပူးပေါင်း တပ်ဖွဲ့ မှ ၁၀၇ မမ ရော်ကက် လောင်ချာ ဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

 

ဒုံးကျည် လေးစီး သည် ပစ်မှတ်ကို တိုက်ရိုက် ထိမှန် သွား၍ ပျက်စီး မီးလောင်သွားသည်ဟု KIA ၏ ရှေ့တန်း သတင်းရပ်ကွက်မှ ပြောကြားခဲ့သည်။ ထိုသို့ ပစ်ခတ်ခြင်း မပြုမီ မိမိတို့ တပ်ဖွဲ့များက အနီးကပ် လေ့လာစောင့်ကြည့်နေကြသည်ဟု လည်း ဆိုသည်။

 

အကြမ်းဖက် စစ်တပ် ဖက်မှ တစုံတရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဟု မဇ္ဇျိမ သတင်းက ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ တပ်ရင်း ၁၂၂၁ နှင့် ၁၂၂၃ သည် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရေထွက်ရွာ ရှိ စစ်တပ်ကင်းစခန်းကို အင်္ဂါနေ့ နံနက် ၅း၁၅ တွင် သိမ်းပိုက် နိုင်ခဲ့ပြန်သည်။

 

စစ်ကောင်စီသည် လက်ရှိ မည်သို့မျှ နှိမ်နှင်းနိုင်စွမ်း မရှိတော့သော ပြည်သူတို့၏ ခုခံတွန်းလှန်စစ်ကို လက်အောက်ငယ်သားများ၏ အသက်များ စတေး၍ ၎င်းတို့ အာဏာကို မည်ကာမတ္တာမျှ ဆုပ်ကိုင်ထား နိုင် လျှင်ပင် တော်လောက်ပြီဟု စိတ်ပိုင်းဖြတ်ထားပုံ ရှိသည်။

 

မည်သည့် ပြည်ပ နိုင်ငံ တနိုင်ငံကမျှလည်း ၎င်းတို့ အား ဝင်ရောက် တိုက်ခိုက်လိမ့်မည် မဟုတ်ဆိုသည်ကို သိထားကြပြီး ဖြစ်သည်၊ အကယ်၍ နောက်ဆုံး တိုက်ခိုက်လာလျှင်ပင် ရုရှား နှင့် တရုတ်တို့အား ပြေးကပ်မည်သာ ဖြစ်သည်။ မင်းအောင်လှိုင်၏ စိတ်ထဲတွင် ဆီရီယား သမ္မတ အာဆတ်အား ရုရှားတို့ အကူအညီ ပေးခဲ့၍ ယခုတိုင် ရာထူးတွင် တည်မြဲနေသည့် အဖြစ်ကို အမြဲလို ရှိနေခဲ့သည်၊ ထို့အတွက် လည်း ရုရှားကို ချက်ခြင်းလို ပြေးကပ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခုအခါ တဆင့်တိုးပြီး ရုရှား နှင့် နျူကလီယား ပူးပေါင်းဆောင်ရွက်ရေး ဆိုကာ တောင်းဆိုလာခဲ့သည်။ သို့သော် ရုရှားသည် ၎င်းတို့ လက်နက် ဖေါက်သည်ကြီးများ ရှိနေသည့် အရှေ့တောင် အာရှ တွင် မတည်မငြိမ် ဖြစ်မည့် အရေး နှင့် အာဆီယံ ၏ ပြင်းထန်စွာ ဆန့်ကျင်လာမည့် အရေးတို့ကြောင့် မည်သို့မျှ ထိထိရောက်‌ရောက် အကူအညီ ပေးကြမည် မဟုတ်၊ ချွေးသိပ်ပေးနေသည့် အဆင့်မျိုး နှင့်သာ ဆက်ဆံနေခြင်း ဖြစ်သည်။ 

 

အမေရိကန် ကလည်း ရုရှား နှင့် နျူကလီယား လေသံပစ်လာသည်ကို တစုံတရာပင် ထည့်သွင်း ပြောဆိုခြင်းမျိုး မရှိပဲ ရုရှားတို့ စစ်လက်နက်များ ထောက်ပံ့နေသည် အဖြစ်ကိုသာ စိုးရိမ်မကင်း ဖြစ်နေကြောင်း သာ ပြောဆိုခဲ့သည်ဟု အင်ဒရူး ဆဲ့လ် မှ ဩစတေးလျှ မဟာဗျူဟာ မူဝါဒ ရေးရာ အင်စတီကျု၏ ဝက်ဆိုက်ဖြစ်သော The Strategist တွင် “Is Myanmar About To Go Nuclear?” ခေါင်းစဉ်ဖြင့် ရေးသားထားသည်။ အိမ်နီးချင်း နိုင်ငံများကမူ မည်မျှအထိ ခရီးရောက်လာနိုင်မည် ကို မူ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

 

၎င်းက စစ်ကောင်စီသည် ၎င်းတို့၏ ဘဏ္ဍာတိုက်ထဲမှ ငွေများ အလျင်အမြန် ကုန်ခမ်းစေသည့် ပြည်တွင်းစစ်၊ ဆိုးရွားလိုက်လာနေသော စီးပွားရေး၊ အုပ်ချုပ်ရေး ယန္တရား ပြိုလဲလာနေမှု၊ နိုင်ငံအနှံ လူထု ကျပ်တည်းသည်ထက် ကျပ်တည်းလာနေချိန်တွင် တန်ဖိုးကြီးလှသော နျုကလီယား ဓါတ်ပေါင်းဖို ကြီး အား အဘယ်အတွက် တည်ဆောက်ခြင်နေရသနည်း၊ ရုရှား နှင့် ဆက်ဆံရေး ခိုင်မြဲ နေရန် အကြောင်းရှာနေခြင်းလော၊ ထိုအတွက်ကြောင့် နှင့်လည်း ထိုမျှအထိ လုပ်စရာ မလိုဟု ဆိုသည်။

 

နောက်တကြောင်းက မြန်မာသည် မည်သည့် ပြည်ပနိုင်ငံ ၏ ခြိမ်းခြောက်မှု ကို ယခုထိ မခံရသေး ပါပဲ ပဲ နျူလက်နက်များ ပိုင်ဆိုင်လိုခြင်းသည် ပြည်တွင်း တွင် သာ သုံးစွဲဖို့ ရှိနေသည်၊ သို့သော် မြောက်ကိုရီယား ကဲ့သို့ ၎င်းတို့ အား မည်သူကမျှ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိပဲ၊ ခြိမ်းခြောက်နိုင်ယုံ သက်သက် ဖြင့် သေတပန် သက်တဆုံး အာဏာကို ဆုပ်ကိုင်သွားခြင်၍ လော ဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

 

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကမူ စစ်တပ်သည် မကောင်းဆိုးဝါး အလား ယုတ်ညံ့သည့် အကြံအစည်များ ရှိနေပြီး ဖြစ်၍ ဘာမဆိုလုပ်ရန် ဝန်မလေးသူများဟု သုံးသပ်နေကြသည်ဟု ဆောင်းပါးတွင် ပါရှိခဲ့သည်။

 

လက်ရှိတွင် ၎င်းတို့ အချင်းချင်းကြား အက်ကြောင်းထလာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် အတွက် ကံကောင်းနေသည်က စစ်ဗိုလ်ချုပ်များသည် အကျင့်ပျက် ကိုယ်ကျိုး ရှာနိုင်ရန် သာ လုံးပမ်းနေကြသူများ ဖြစ်ပြီး မည်သည့် အုပ်စု၊ မည်သူ့အောက်တွင်မှ သစ္စာခံ နေကြခြင်းမျိုး မရှိခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့အား ငွေရပေါက် ရလမ်း ဖန်တီးပေးနိုင်သူသည်သာ အခရာ ဖြစ်သည်။ ၎င်းတို့ အတွက် ရပေါက် ရလမ်း မရှိလျှင် နည်းမျိုးစုံ ဖြင့် ခြေထိုးကာ ဒုက္ခပေးမည့်လူများ ခြည်းသာ ဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံတကာ ဖိအားများက ၎င်းတို့ အပေါ် စုပြုံကျရောက်လာနေပြီ ဖြစ်သည်၊ ကုလ လူ့အခွင့် အရေး ကောင်စီ အကြီးအကဲ ဖြစ်သူ ဗော်လ်ကာ တပ် ၏ အစီရင်ခံစာ နှင့် မိန့်ခွန်းသည် အပြင်းထန် ဆုံးဖြစ်လာခဲ့သည်၊ ၎င်းမှ နေ့စဉ်နှင့် အမျှ မြန်မာပြည်သူများ သတ်ဖြတ်ခံနေရပြီ ဖြစ်၍ ယခုလို မှိန်းနေ၍ မဖြစ်တော့ပဲ ဘယ်လို လုပ်ကြမလဲဟု ထပ်၍ စဉ်းစားဖို့ လိုနေပြီဟု ကမ္ဘာခေါင်းဆောင်များကို တိုက်တွန်းသွားခဲ့သည်။

 

ထို့အပြင် လုံခြုံရေး ကောင်စီ အနေနှင့်လည်း ထိုသို့ ရာဇဝတ်မှု ကျူးလွန်သူများအား နိုင်ငံတကာ စစ်ရာဇဝတ်မှု ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးရန်လည်း တောင်းဆိုသွားခဲ့သည်။

 

၎င်း၏ စိတ်ထဲတွင်လည်း မြန်မာ စစ်ဗိုလ်ချုပ်များ၏ ကျုးလွန်နေမှုများကို သက်သေ အထောက်အထား များစွာ နှင့် အရေးယူရန် ပြောဆိုနေပါလျက် နှင့် ကုလသမဂ္ဂ အပါအဝင် မည်သူကမျှ တုပ်တုပ်မျှ မလှုပ်ပါက ၎င်း၏ အဖွဲ့အစည်းသည် အဘယ်အတွက်ကြောင့်များ ရှိနေဖို့ လိုပေမည်နည်းဟု တွေးပင် တွေးလာနိုင်လောက်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!