ထိုင်းအစိုးရသစ်၏ မြန်မာမူဝါဒ ပြောင်းလဲနိုင်ဖွယ် မရှိ

by Hla Soewai - Oct 05 2023

ဝန်ကြီးချုပ်ဟောင်း သာစင် ရှင်နာဝါထွာ ၏ ဖူထိုင်းပါတီ နှင့် စစ်တပ် လိုလားသည့် အဖွဲ့များ စုပေါင်းစပ်ပေါင်း ဖွဲ့စည်းထားသည့် ထိုင်း ညွှန်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်သည် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။

 

ယင်းသည် ထိုင်းအစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒ အား ကမ္ဘာ စင်မြင့်ကြီးပေါ်မှ တရားဝင် ပြောကြားလာခြင်းလည်း ဖြစ်၍ အားလုံးက အာရုံတစိုက် ရှိခဲ့ကြသည်။

 

အိမ်‌ခြံမြေ သူဌေးကြီး အနေဖြင့် ကမ္ဘာမင်းပေါင်းစုံ အလယ်တွင် ပထမဆုံးအကြိမ် စကားပြောခွင့်ရသော်လည်း သူ့မျက်နှာတွင် ယုံကြည်မှု အပြည့်ရှိကြောင်း ပေါ်လွင်နေသည်ဟု စင်္ကာပူရှိ Channel NesAsia (CNA) တွင် ရေးသားထားသည်။

 

ဝေဖန်သုံးသပ်သူများက ထိုင်းအစိုးရသစ်၏ မူဝါဒသည် စီးပွားရေး အား အသားပေးထားသော်လည်း မြန်မာ အပါအဝင် ၎င်းတို့နှင့် ပတ်သက်နေသော ပြည်ပရေးရာများ အားလည်း မည်သို့မျှ ရှောင်လွှဲ၍ ရမည် မဟုတ်ဟု ဆိုသည်။

 

ထို့အတွက်လည်း သာဗီစင်သည် ထည့်သွင်းစဉ်းစားထားပြီး ဖြစ်ပြီး မြန်မာ ပြဿနာအပေါ် ပရာရွတ် ထားခဲ့သော လမ်းကြောင်းမှ ပြောင်းပစ်ဖို့ ခက်ခဲနေဦးမည်သာ ဖြစ်သည်၊ ပရာရွတ်၏ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နှင့် ပလူးပလဲ ဆက်ဆံခဲ့ခြင်းကြောင့် အာဆီယံ အဖွဲ့အတွင်း ထိုင်း၏ ဂုဏ်သိက္ခာ မှေးမှိန်သွားခဲ့ရသည်။

 

၂၀၂၂ ဇူလိုင်လအတွင်း အာဏာသိမ်း အဖွဲ့၏ တိုက်လေယာဉ်များ ထိုင်း လေကြောင်းပိုင်နက်ထဲ ဖြတ်ကျော်လာ၍ သာဗီစင်သည် "ထိုင်း အချုပ်အခြာ အာဏာ အား ဖေါက်ဖျက်မှု" ဟု ဆိုကာ မသိကျိုးကျွံ ပြုခဲ့သော ပရာရွတ် အား အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ဖူးသည်။

 

မင်းအောင်လှိုင်သည် ထိုင်း အီလစ်များနှင့် ဆက်ဆံရေး ကောင်းမွန်ရန် အထူးတလည် ကြိုးပမ်းခဲ့သူ ဖြစ်သည်ကိုလည်း အားလုံး အသိပင် ဖြစ်သည်။ ထိုင်းဘုရင့် ပရီဗီ ကောင်စီ မှ ကွယ်လွန်သွားပြီ ဖြစ်သော ဥက္ကဌ ဖြစ်သူ ပရမ် တင်ဆူလာနွန်ဒရာကိုပင် သူ၏ မွေးစားသား အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့ဖူးသည်။ ၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် သူ၏ လုပ်ရပ်အား အသေးစိတ် ရှင်းပြထားသော စာတစောင်ကို ပရာရွတ် ထံ ပေးပို့ခဲ့ပြန်သည်။

 

စစ်အာဏာသိမ်း အဖွဲ့နှင့် အခြား ပတ်သက်မှုများလည်း ရှိနေပြန်သည်။ ထိုင်းအတိုက်အခံ ပါတီ ဖြစ်သော ရှေ့သို့ချီ ပါတီ၏ စုံစမ်း ဖေါ်ထုတ်ချက်အရ စစ်တပ် ခန့်အပ်ထားသည့် အထက် လွှတ်တော် အမတ် အူပါကစ် ပါချာရီယန်ကွန်း နှင့် အမေရိကန်၏ နာမည်ပျက် စာရင်းသွင်းခံထားရသူ မြန်မာ ကရိုနီ တဦး ဖြစ်သည့် ထွန်းမင်းလတ် နှင့် လုပ်ငန်း ချင်း ဆက်သွယ်နေသည်ကို သိရှိခဲ့ရသည်၊ ထွန်းမင်းလတ်သည် စစ်အာဏာသိမ်း အဖွဲ့၏ လက်နက် ပွဲစား တဦး ဖြစ်ပြီး ကာဆီနို လုပ်ငန်းများ၊ စွမ်းအင် နှင့် သတ္တုတူးဖေါ်ရေး များတွင်လည်း ပါဝင် ပတ်သက်နေသူ ဖြစ်သည်။ ထွန်းမင်းလတ်အား ဘန်ကောက်ရဲ အဖွဲ့မှ ၂၀၂၂ စက်တင်ဘာလ အတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

 

(မင်းအောင်လှိုင်နှင့် အဖွဲ့သည် ငွေကြေး ပြတ်လတ် လာနေ၍ ငွေယိုပေါက်များကို လိုက်လံ ပိတ်ဆို့ရန် သူ ကိုယ်တိုင် တာဝန်ပေးချက်အရ သူ၏ အနီးကပ် စစ်ဗိုလ်ချုပ်များ နှင် ကရိုနီ အများအပြား အား အကျင့်ပျက် ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှု များ နှင့် ဖမ်းဆီးခဲ့သော်လည်း ထွန်းမင်းလတ် အိမ်တွင် ထိုင်းရဲ အဖွဲ့မှ သိမ်းဆည်းရမိသော မင်းအောင်လှိုင် သားသမီးများ အမည်ပေါက် ငွေစာရင်းစာအုပ်များ၊ ကွန်ဒို များ ပိုင်ဆိုင်ထားမှု စာရွက်စာတမ်းများ အရေး ကို ပြည်တွင်းတွင် တလုံးတပါဒမျှ မဟရဲ ကြသည့် အပြင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် တရားရုံး သက်သေ အဖြစ်မှ ပယ်ဖျက်ပေးရေး ကို မြန်မာဖက်မှ ကြိုးစားပေးခဲ့ရသည်။)

 

ပရာရွတ် ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဒွန် ပရာမူဒွင်နိုင်းမှ ပြီးခဲ့သည့် ဇွန်လ အတွင်း အာဏာသိမ်း အဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းရွှေ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့မှ ကိုယ်စားလှယ်များ အား "အလွတ်‌သဘော" အမည်တပ်ကာ ဆွေးနွေးပွဲ ပြုလုပ် ပေးခဲ့သဖြင့် အာဆီယံ အဖွဲ့ကြီး အတွင်း သဘောကွဲလွဲမှု များ ဖြစ်လာခဲ့သည်။

 

မလေးရှား၊ စင်္ကာပူ နှင့် အင်ဒိုနီးရှားတို့မှ ထိုအစည်းအဝေးကို သပိတ်မှောက်ခဲ့သည်။ အာဆီယံသည် အချက် ငါးချက်အား စွဲကိုင်ထားပြီး စစ်ကောင်စီ မှ ပြည်သူများ အ‌ပေါ် အကြမ်းဖက်မှု များ ကျုးလွန်နေသရွေ့ လူရာသွင်း မဆက်ဆံရန် ဆုံးဖြတ်ထားသည့် ကြားမှ ထိုင်းက စည်းဖေါက်လာခြင်း ဖြစ်သည်။

 

(စစ်ကောင်စီ အဖို့က ၎င်းတို့ အရေးနိမ့်နေဆဲဟု ယူဆနေသရွေ့ ပြည်သူများ အပေါ် အကြမ်းဖက် ဆက်ဆံနေဦးမည်သာဖြစ်သည်၊ အာဆီယံ အစည်းအဝေး တက်ရယုံမျှနှင့် မင်းအောင်လှိုင်သည် သူ၏ ခနော်နီ ခနော်နဲ့ ပလ္လုင် ကို အဘယ်သို့များ အလှူပ်ခံနိုင်ပေမည်နည်း။)

 

ဇူလိုင်လ ထဲတွင် ပရာမူဒွင်နိုင်းမှ မင်းအောင်လှိုင်၏ လက်ထဲ အကျဉ်းသား အဖြစ် ဖမ်းဆီးခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ယင်းသည် လက်ရှိ ဥက္ကဌ ဖြစ်သည့် အင်ဒိုနီးရှားအစား ဝင်ပြီး မင်္ဂလာ ယူလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုင်းသည် မြန်မာ နှင့် စီးပွားရေးအရ ထဲထဲဝင်ဝင် ပတ်သက်နေပြန်သည်။ ထိုင်းအစိုးရမှ ၅၁ ရာနှုန်းပိုင်ဆိုင်ထားသည့် စွမ်းအင် ကုမ္ပဏီ PTT သည် မြန်မာ နှင့် ဖက်စပ် လုပ်ကိုင်နေသည့် Brighter Future ၏ ရှယ်ယာ ၃၅ ရာနှုန်းကိုလည်း ပိုင်ဆိုင်ထားပြန်သည်။

 

၂၀၂၂ ဒီဇင်ဘာလ အတွင်း နော်ဝေး အစိုးရ မှ မြန်မာတွင် လူ့အခွင့်အ‌ ရေး ချိုးဖောက်နေမှု များကြောင့် နိုင်ငံပိုင် ရံပုံငွေ များ PTT တွင် မြုပ်နှံထားမှု ကို ထုတ်ယူသွားခဲ့သည်။

 

စက်တင်ဘာလ ထဲတွင် အတိုက်အခံ လွှတ်တော် အမတ် ဖြစ်သူ ကနားဗီး ဆူဘီဆန် သည် မပွင့်တပွင် လေသံတိုးတိုးဖြင့် တပ်ခ်ပြည်နယ် အမ်ဖန်း ခရိုင်ထဲသို့ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော မြန်မာ တပ်သားများ ဝင်ရောက် စခန်းချနေသည်ကို စုံစမ်းစစ်ဆေးပေးရန် ပါလီမန်တွင် တောင်းဆိုခဲ့သည်။ မြန်မာဖက်ခြမ်းတွင် မြန်မာ စစ်တပ် နှင့် KNLA တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေစဉ် အတွင်း ဖြစ်သည်။

 

ထိုသို့ မြန်မာ စစ်သားများ ထိုသို့ ရဲရဲတင်းတင်း လာရောက် စခန်းချရဲသည်မှာ ထိုင်းစစ်တပ်ဖက်မှ မသိမသာ ခွင့်ပြုထားသောကြောင့်ဟု ၎င်းက ပြောခဲ့သည်။

 

ထိုင်းစစ်တပ်က ၎င်းတို့ မြန်မာ ဖက်နှင့် နီးနီးကပ်ကပ် ဆက်ဆံနေရခြင်းသည် နိုင်ငံ လုံခြုံရေး ကြောင့် ဖြစ်သည်ဟု အမြဲလို ဆင်ခြေပေးလေ့ရှိတတ်သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ နောက်ပိုင်းတွင် ထိုင်း အာဏာပိုင်များက တိုက်ပွဲများမှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာကြသည့် မြန်မာ ဒုက္ခသည်များကို ပြန်၍ မောင်းထုတ်လာခဲ့သည်။ သို့သော် နယ်ခြားဒေသများမှ ထိုင်းအာဏာပိုင်များကမူ မြန်မာ ဒုက္ခသည်များအား အကူအညီ ပေးခဲ့ကြသည်၊ ကုလ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ မှ ထိုင်း ၏ စာရင်းဇယားများအား ကိုးကား ‌ဖေါ်ပြရာတွင် ၂၀၂၁ ဖေဖေါ်ဝါရီ မှ ၂၀၂၃ ဇွန်လ အတွင်း မြန်မာ ဒုက္ခသည် ၄၀,၀၀၀ ကျော် ယာယီ ခိုလှုံခဲ့ကြသည်ဟု ဆိုသည်။

 

အာဏာ သိမ်းခဲ့ပြီးချိန်မှစ၍ လူ ၆,၀၀၀ ခန့် သေဆုံးသွားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

သာဗီစင် အစိုးရသည် ပရာရွတ် ကဲ့သို့ မြန်မာ စစ်ခေါင်းဆောင်များ နှင့် ဖက်လှဲတကင်း လုပ်မည်တော့ မဟုတ်ပေ။ သို့သော်လည်း စစ်ခေါင်းဆောင်များ၏ နိုင်ငံသားများ အား ရက်စက်ကြမ်းကြုပ်စွာဖိနှိပ် အကြမ်းဖက်နေမှုများ အဆုံးသတ်မည့် အလားအလာများ မရှိက အာဆီယံ၏ စည်းလုံး ညီညွတ်ရေး နှင့် ထိုင်း၏ အခန်းကဏ္ဍ အပေါ် သံသယ ပွားနေကြဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - CNA