တိုင်းပြည်ကို မီးမှန်အောင်ပင် မလုပ်နိုင်ကြသူများ

by Hla Soewai - Oct 05 2023

အာဏာသိမ်း အဖွဲ့သည် တဖက်က ဘတ်ဂျက် လို ငွေ ပြမှုကြောင့် ငွေစက္ကူ များ ရိုက်နှိပ်ရင်း ငွေတန်ဖိုး အဆမတန် ကျဆင်းကာ ငွေကြေး ဖောင်းပွမှု များ မြင့်တက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ ငွေကြေး ဖောင်းပွလာမှု များကို ဘဏ်အတိုး နှုန်းများ မြှင့်တင်ပေးခြင်းဖြင့် ပြင်ပတွင် ငွေများ လည်ပတ် စီးဆင်းနေသည် ကို ထိန်းချုပ်ကြစမြဲ ဖြစ်သည်။ သို့ သော် နိုင်ငံတွင်းရှိ ဘဏ်စနစ် သည် ချိနဲ့နဲ့သာ ကျန်တော့သည်။ မည်သူကမှလည်း ၎င်းတို့လက်ဝယ်ရှိ ငွေများကို အစုလိုက် အပြုံလိုက် အပ်နှံကြတော့မည်မဟုတ်၊ မွေ့ယာအောက် သိမ်းထားခြင်းသာ စိတ်အချရဆုံး ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်။

 

ထိုသို့‌ သော နည်းဖြင့် ဖြေရှင်း၍ မရနိုင် သည်ကို သိလာသည့် အခါ လူများ လက်ထဲမှ ငွေများအား အခွန် အတုပ်များ တိုးကောက်ခြင်းဖြင့် ထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လူများလက်ထဲတွင် တတ်နိုင်သမျှ ငွေပိုငွေလျံ မရှိပါက သူ့အလိုလို ငွေဖောင်းပွမှု နှုန်း ကျဆင်းသွားမည်ဟု ယူဆလာကြသည်။

 

ထို့အတွက် ယခုအခါ အိမ်ထောင်စုများ နှင့် လုပ်ငန်းရှင်များ ဖက်သို့ လှည့်လာသည်။ ပြည်သူများသည် ၎င်းတို့ထံမှ ရေဖိုး ကို တယူနစ်လျှင် ယခင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ သို့ တိုးမြှင့်လာခဲ့သည်။ ‌မော်တော်ယာဉ် မှတ်ပုံတင်ခြင်းအားလည်း ယာဉ်တစီးလျှင် ငါးသောင်းကျပ်၊ တက္ကဆီဆိုက ကျပ်တသိန်းအထိ ဖြစ်လာသည်။

 

လက်ဝတ်ရတနာ ရောင်းဝယ်ရေး လိုင်စင်အားလည်း ကျပ် ငါးသောင်းမှ သုံးသိန်းအထိ တိုးမြှင့်လိုက် ပြန်သည်။

 

နိုင်ငံတွင်းရှိ အလုပ်သမား အေဂျင်စီများမှ တဆင့် work permit ဖြင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်ကြသည့် ရွေ့ပြောင်း အလုပ်သမားများအား ဝင်‌ ငွေ၏ ၂၅ ရာနှုန့်း ကို တရားဝင်လမ်းကြောင်း မှ လွှဲပေးပြီး ၎င်းတို့ သတ်မှတ်ထားသော ဈေး ဖြင့် ကျပ်ငွေ ပြန်ထုတ်ပေးမည်၊ ထိုသို့ လွှဲပြောင်းရန် ပျက်ကွက်ပါက ပါမစ် သက်တမ်း သုံးနှစ် ကုန်ဆုံးသည့်အခါ ပြန်လည် ထွက်ခွာခွင့် ပြုတော့မည် မဟုတ်ဟု ဆိုသည်။

 

ထိုမျှ နှင့် ပြီးမသွားပဲ ပြည်ပတွင် လုပ်ကိုင်နေသူ အားလုံး ရရှိသော ဝင်ငွေ၏ ဆယ်ရာနှုန်းကို သက်ဆိုင်ရာ နိုင်ငံ၏ သံရုံးများတွင် အောက်တိုဘာ ၁ ရက် နေ့မှစ၍ လစဉ် ပေးဆောင်ရမည် ဟု မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်လာသည်။

 

ဆိုလိုသည် က တနေ့ ၈ နာရီ တလ နာရီ ၁၆၀ လုပ်ရသော သူသည် မင်းအောင်လှိုင်၏ စစ်ရံပုံငွေ war chest အတွက် တလ လျှင် နှစ်ရက်မျှ လုပ်ပေးရမည် ဖြစ်သည်။

 

ပုဂ္ဂုလိက ဆေးရုံ များနှင့် ဓါတ်ခွဲခန်းများမှ ရရှိသော ဝန်ဆောင်မှု များအတွက် တန်ဘိုး၏ ၂ ရာနှုန်း ကောက်ယူမည်ဟု သိရသည်။

 

စီးပွားရေး လုပ်ငန်းများသည်လည်း ၎င်းတို့အပေါ် တိုး၍ ကောက်လာသော အခွန်များကို စားသုံးသူ ပြည်သူများထံ မှ ဈေးမြှင့်ကာ နှိုက်ယူကြမည်သာ ဖြစ်သည်။ ပြည်သူများ အဖို့ တိုက်ရိုက် အခွန် နှင့် သွယ်ဝိုက် အခွန် နှစ်မျိူး ထမ်း‌ကြရတော့မည်သာ ဖြစ်သည်။

 

လေ့လာသူများကမူ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများ အပေါ်တွင်လည်း အခွန် တိုးကောက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းလာကြသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့မှ ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကျပ် ဘီလီယံ နှစ်သောင်းဖိုး ခန့်ရှိ ငွေစက္ကူများ တိုး၍ ရိုက်နှိပ်ခဲ့သည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့၏ စီမံ ဘဏ္ဍာ ဌာနမှ နှစ်စဉ် အခွန်ငွေ ကျပ် ဘီလီယံ ရှစ်ထောင်ခန့် ကောက်ခံရမည်ဟု လျာထားချက် ပေးထားသည် အစရှိသဖြင့် ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

ဇွန်လ မှ အောက်တိုဘာလ သည် မိုးရာသီ ဖြစ်၍ ဆည်များ တွင် ရေပြည့်နေတတ်သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ လယ်မှစ၍ မီးဖြတ်သည့် အချိန်သည် နှစ်ဆတိုးလာနေသည်ဟု သိရသည်။ ပျှမ်းမျှ အားဖြင့် ယခင် တနေ့ လေးနာရီ မှ ရှစ်နာရီအထိ ဖြစ်လာသည်။

 

စက်မှု ဇုန်ရှိ လုပ်ငန်းရှင်များကလည်း ယခင် တနေ့ ခြောက် နာရီ မှ ယခု လေးနာရီ ခန့်သာ ရတော့၍ ဒီဇယ် ဂျင်နရေတာ များ နှင့် လုပ်ငန်းလည်ပတ်နေရ၍ ကုန်ကျစရိတ်များ တိုးလာနေသည်၊ ထိုစရိတ်များ အားလည်း စားသုံးသူ ပြည်သူများသာ ကျခံရတော့မည် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုံများကို မီးမှန်မှန် ပေးနိုင်ဖို့ လုံးပမ်းနေရချိန်တွင် နယူးယောက်တွင် ကုလ သမဂ္ဂ အစည်းအဝေး တက်ရန် ရောက်နေသော ထိုင်း ဝန်ကြီးချုပ် ဆရီသာ သာဗင်စင်သည် တဲလ်ဆာ၊ 

ဂူဂဲလ်၊ မိုက်ကရိုဆော့ဖ် ကုမ္ပဏီ အကြီးအကဲများ နှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံအား ဒေသတွင်း စီးပွားရေး အင်အားကြီး နိုင်ငံ အဖြစ် တမဟုတ်ချင်း ပြောင်းပစ် နိုင်ရန် ရင်းနှီးမြုပ်နှံနိုင်မည့် အခွင့်အလန်းများကို ‌အသေးစိတ် ညှိနှိုင်း‌တိုင်ပင် ဆွေး‌နွေးနေပြီ ဖြစ်သည်။

 

စစ် ခေါင်းဆောင်များကို မည်သို့သော ရည်ရွယ်ချက်မျိုး နှင့် ဖြစ်စေ ထောက်ခံနေကြသူများ အဖို့ ၎င်းတို့သည် မည်မျှ အထိ အရည်အချင်း ရှိပြီး တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် လုပ်ပေးနိုင်ကြမည့် လူများလော ဟု အလေးအနက် စဉ်းစားချိန် တန်ပြီ ဖြစ်သည်။

 

တိုင်းပြည်သည် ၎င်းတို့ကြောင့် လှေလှော်ရင်း တက်ကျိုး ခဲ့ရရှာပြီ ဆိုသည်ကလည်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပြီ ဖြစ်သည်။ 

 

မိမိတို့ မိသားစု ကောင်းစားရေး အတွက် တိုင်းပြည်နှင့် လူမျိုး ရှေ့လျောက် အိမ်နီးချင်း နိုင်ငံများ အလယ်တွင် လူစဉ် မမီ ဖြစ်တော့မည့် အရေး ကို မသိကျိုးကျွံ ပြုနေကြမည်လော။ 

 

မိမိတို့ ပါးစပ်ပိတ်၊ နားပိတ် နှင့် မည်သို့သော ဘဝမျိုးတွင် ရပ်တည်နေရသည်ကို သုံးသပ် ကြည့်သင့်ပြီ ဖြစ်သည်။ နိုင်ငံ နှင့် လူမျိုး ယခုလို သေရေးရှင်ရေး နှင့် ရင်ဆိုင်နေရချိန်တွင် အကြွားအဝါများကို လျော့ကြပါ၊ ဘာမှ မဟုတ်သည့် ကိစ္စများနောက် လိုက်ပြီး အချိန် မကုန်ခံကြပါနှင့်၊ အချိန်တိုင်း တိုင်းပြည်ကို ၎င်းတို့လက်မှ ဘယ်လို ရွေးထုတ်နိုင်မည်ကို စဉ်းစားကြပါ၊ ကူညီကြပါ ဟု တိုက်တွန်းလိုပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!