ထိုင်း နိုင်ငံခြား‌ရေး ဝန်ကြီးဟောင်း မှ မြန်မာ အရေးအား နိုင်ငံတကာ၏ တုံဏှိဘာဝေ လုပ်နေမှု အား ပြင်းပြင်းထန်ထန် ဝေဖန်

by Hla Soewai - Oct 10 2023

အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံကြီး များ၏ မြန်မာ အရေး အပေါ် မျက်နှာပြောင်တိုက်ကာ မသိကျိုးကျွံ ပြုနေသည့် အဖြစ်သည် ထင်ရှားသည်ထက် ထင်ရှားလာနေသည်ဟု ထိုင်း ဝါရင့် သံတမန်ဟောင်း တဦး ဖြစ်သူ ကာဆစ် ပီယိုမြ က Insight Myanmar အစီအစဉ်တွင် အနောက်အုပ်စု ၏ ကြောင်သူတော် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

 

ထိုအထဲတွင် ကမ္ဘာတဝှမ်းရှိ ရွေးကောက်တင်မြှောက်ခံ အမတ်များ၊ တိုက်ရိုက် ပတ်သက်နေသူများ၊ သံတမန်များ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အားလုံး ပါသည်ဟုလည်း ဆိုသည်။

 

၎င်းတို့ အားလုံးသည် တုန့်နှေးနေကြပြီး ဆင်ခြေအမျိုးမျိုး နှင့် အကြောင်းရှာရင်း ရပ်ကြည့်နေကြသူများသာ ဖြစ်သည်။ မြန်မာ အရေး နှင့် ပတ်သက်ပြီး အနောက်တိုင်းသည် ၎င်းတို့ လူသိ ရှင်ကြား ကြွေးကြော်ထားသည့် ဒီမိုကရေစီ စံနှုန်းများကို မျက်ကွယ်ပြုကုန်ကြသည်ဟု ဆိုသည်။

 

“ငါတို့ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ပျံ့ပွားအောင် လုပ်နေတယ် လို့ လာပြောမနေကြနဲ့တော့၊ ဖက်ဆစ် ဟစ်တလာ နဲ့ ကွန်မြူနစ် စတာလင် ကို တိုက်ခဲ့တဲ့ သူရဲကောင်း တွေ ဘယ်ရောက်ကုန်ပြီလဲ”

 

ကာဆစ်သည် ယခင် ထိုင်းဝန်ကြီးချုပ် အက်ဘီဆစ် ဗီဂျာဂျီဗာ လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပြီး နိုင်ငံပေါင်း တဒါဇင်ကျော်တွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၍ သူ၏ စကားသည် လွန်စွာ မှ ဩဇာ သက်ရောက်မှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

 

နောက်ထပ် သူ အထူး စိတ်ပျက်မိသည့် နိုင်ငံက ဂျပန် ပင် ဖြစ်သည်ဟု ဆိုသည်။ ဂျပန်သည် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့် အားလျှော်စွာ ယူကရိန်း အရေးတွင် ရုရှားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သလို မြန်မာပြည်ရှိ တော်လှန်ရေး အင်အားစုများ အပေါ် ထိုသို့ သဘောမထားခဲ့ဟု ထောက်ပြသွားသည်။ ဂျပန်သည် မြန်မာနိုင်ငံတွင်းရှိ လူများ အပေါ် စိုးရိမ်မကင်း ဖြစ်ရမည်ထက် စီးပွားရေးအရ ရင်းနှီးမြုပ်နှံနိုင်မည့် အရေး အပေါ် ဦးစားပေး စဉ်းစားများ နေသည်လားဟု တွေးစရာ ဖြစ်လာသည်။

 

ထို့ပြင် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာရွတ် နှင့် စစ်ကောင်စီ တို့ အကြား နွေးထွေးစွာ ဆက်ဆံနေပြီး မြန်မာ အရေး အား လျစ်လျု ရှုနေမှူကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်၊ ၎င်းနေရာ ဆက်ခံသည့် ဆရက်သာ သာဗီဆင် ညွန်ပေါင်း အစိုးရသည်လည်း စစ်တပ်အား သစ္စာခံသော ပါတီများ ပါဝင်နေ၍ ထိုအတိုင်းပင် ဆက်သွားနေဦးမည်ဟု မျှော်လင့်ရကြောင်းလည်း ပြောခဲ့သည်။

 

၎င်း အဓိက ထား ထောက်ပြ ပြောဆိုသွားသည်က အာဆီယံ အဖွဲ့ကြီးပင် ဖြစ်သည်၊ ထိုအဖွဲ့ကြီးသည် မြန်မာ နှင့် ပထဝီ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး အရ ဆက်စပ်နေသော နိုင်ငံများ ဖြစ်၍ အခြား သူများထက် ပို၍ ကြိုးပမ်းဖြေရှင်းသင့်သည်ဟု ဆိုသည်။ အာဆီယံ သံတမန် အားလည်း အလှည့်ကျ မဟုတ်ပဲ အမြဲတမ်း ခန့်အပ်သင့်သည်၊ အာဆီယံ ၏ အချက် ငါးချက်သည်လည်း နှစ်နှစ်ခွဲ ကာလအတွင်း ဘာမျှ ဖြစ်မလာ၍ အနည်း နှင့် အများ ဆိုသလို အောင်မြင်မှု မရတော့၍ အာဆီယံ အနေဖြင့် ပိတ်ဆို့ ဒဏ်ခတ်မှု များ ပြုလုပ်သင့်ပြီဟု ထောက်ပြခဲ့သည်။

 

အာဆီယံ အနေဖြင့် မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိက အဖွဲ့ကြီးကို ထိခိုက်လာနိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဟု ဆိုသည်။ ဥပမာ အားဖြင့် ဆိုက ဒေသအတွင်း နိုင်ငံတခုကို ဖိနှိပ်အုပ်ချုပ်သော အာဏာရှင် စနစ် ဆီ ဦးတည်နေသည်ကို မသိလိုက် မသိဖာသာ ခွင့်ပြုနေမည် ဆိုက မိမိတို့ ဖက်လည်း ပြန်လှည့်လာနိုင်၍ အာဆီယံ အနေဖြင့် ယခုအခါ မြန်မာပြည်သူများ အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရေး များ အတွက် တိုက်ပွဲဝင်ပေးရတော့မည့် အချိန် ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များအားလည်း ဒေသတွင်း ခရီးလှည့်လည်နိုင်ရန် ထိုင်းနိုင်ငံ အနေဖြင့် ခရီးသွားလာခွင့် လက်မှတ်များ ထုတ်ပေးသင့်သည်ဟုလည်း ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ပြီး မိမိတို့ အသွင်လက္ခဏ အသစ်၊ တန်ဖိုး များကို ဖေါ်ထုတ်သင့်ပြီး ဗမာ အဓိက ဝါဒ အစား ဂျာမဏီ၊ ကနေဒါ၊ အမေရိကန် ပြည်ထောင်စုကဲ့သို့ ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရေး အား ပို၍ တက်တက်ကြွကြွ ဆောင်ရွက်ရမည်ဟု လည်း ပြောသွားခဲ့သည်။

 

ကိုးကား - မဇ္ဇျိမ သတင်းစဉ်