ထရန့် ၏ တရားခွင်

by Hla Soewai - Jan 22 2020

ထရန့်ကို ရာထူးမှ ဖယ်ရှားဖို့ မျှော်လင့်လို့ မရပေမယ့် ရှေ့လျောက် ဘာဖြစ်လာနိုင်သလဲ ဆိုတာ မသိနိုင်တဲ့ အရာတွေ တပုံတခေါင်းကြီး ရှိနေပါတယ်။

 

ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်ကနေ အာဏာ အလွဲသုံးမှု၊ အောက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို နှောက်ယှက်ဟန့်တားမှုနဲ့ ထရန့်ကို တရားစွဲဆိုခဲ့ပါတယ်။

 

သူရဲ့ ဒီမိုကရက်တစ် ပြိုင်ဖက် သမ္မတလောင်း ဂျိုး ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးဖို့ ၊ ပေးရမယ့် စစ်ရေး အကူအညီကို အသုံးချပြီး ယူကရိန်းကို ဖိအားပေးခဲ့မှု နဲ့  ထိုကိစ္စ စုံစမ်း စစ်ဆေးနေတဲ့ ကွန်ဂရက်ကို နှောက်ယှက်ဟန့်တားမှု တို့ နဲ့ ဖြစ်ပါတယ်။

 

စွပ်စွဲချက် နှစ်ခုလုံးအတွက် မိမိမှာ အပြစ်မရှိကြောင်း သမ္မတ ထရန့် က ငြင်းဆိုခဲ့ပါတယ်။

 

ယခု ဆီးနိတ် တရားခွင် အပြီးမှာ သမ္မတ ထရန့်ကို ရာထူးမှ ဖယ်ရှားဖို့ ရီပတ်ဘလီကင်တွေ ထိမ်းချုပ်ထားတဲ့ ဆီးနိတ်မှာ မဲခွဲ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ နေ့လည်မှာ စတင်ခဲ့တဲ့ဆီးနိတ် တရားခွင်သည် အမေရိကန် သမိုင်းတလျောက်လုံးမှာ တတိယ အကြိမ် ပဲ ရှိသေးတာမို့ ဒါနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ နဲ့ ထွက်ပေါ်လာနိုင်တဲ့ ဝှက်ဖဲများ ကို လေ့လာလိုသူ တွေ သိထားသင့်ပါတယ်။

 

တရားလို ဒီမိုကရက်တစ် အဖွဲ့

 

အောက်လွှတ်တော် ဥက္ကဌ နန်စီ ပဲလိုစီ မှ ဒီမိုကရက် ခုနှစ်ယောက် ကို တရားလို များ အဖြစ် ရွေးချယ် စေလွှတ်လိုက်ပြီး သူတို့ကို မန်နေဂျာ များ လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ၎င်းတို့အားလုံးက ထရန့်သည် နိုင်ငံ လုံခြုံရေး အတွက် အန္တရာယ် ရှိသူ ဖြစ်၍ ရာထူးမှ ဖယ်ရှားဖို့ လိုအပ်တယ်ဆိုတာ လျှောက်လဲတင်ပြကြရမှာ ဖြစ်ပါတယ်။

 

၁။ အဒမ် ရှစ်ဖ် (ကယ်လီဖိုနီယား) - အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီ ဥက္ကဌ

၂။ ဂျယ်ရီ နက်ဒလာ (နယူးယောက်) - အောက်လွှတ်တော် တရားရေး ကော်မီတီ ဥက္ကဌ

၃။ ဟာကီးမ် ဂျက်ဖရီ (နယူးယောက်) - အောက်လွှတ်တော် တရားရေး ကော်မီတီ အဖွဲ့ဝင်

၄။ ဂျေဆန် ကရိုး (ကော်လိုရာဒို) - အောက်လွှတ်တော် အမတ်

၅။ ဆီလ်ဗီယာ ဂါစီယာ (တက္ကဆပ်) - အောက်လွှတ်တော် တရားရေး ကော်မီတီ အဖွဲ့ဝင်

၆။ ဇိုး လာဖ်ဂရင် (ကယ်လီဖိုနီယား) - အောက်လွှတ်တော် တရားရေး ကော်မီတီ အဖွဲ့ဝင်

၇။ ဗယ်လ် ဒါမင်း (ဖလော်ရီဒါ) - အောက်လွှတ်တော် တရားရေး နှင့် ထောက်လှမ်းရေး ကော်မီတီ အဖွဲ့ဝင်

အထက်ပါ မန်နေဂျာ ခုနှစ်ဦး ထဲမှ ခြောက်ဦး သည် ထိတ်ထိတ်ကျဲ တက္ကသိုလ်ကြီးများမှ ဥပဒေ ကျောင်းဆင်းများ ဖြစ်ကြပါတယ်။ ကျန်တယောက်မှာ ဗယ်ဒါမင်းဖြစ်ပြီး အော်လန်ဒိုရဲအဖွဲ့ရဲ့ ယခင် အကြီးအကဲ ဖြစ်ခဲ့ဖူးတာကြောင့် သူမသည် ဥပဒေ ရေးရာ တွင် ထဲထဲဝင်ဝင် သိတဲ့သူ တယောက်ဖြစ်ပါတယ်။

 

ထရန့် ဖက်မှ ခုခံချေပမည့် အဖွဲ့

ထရန့် အနေနဲ့ တရားခွင်ကို ရောက်လာဖို့ မရှိဖူးလို့ ယူဆရပါတယ်။ သူ့ကိုယ်စား ဝါရှင်တန် ရှိ အကျော်ဒေးယျ ရှေ့နေကြီး တွေက ခုခံ သွားကြမှာ ဖြစ်ပါတယ်၊

၁။ ပက် ချစ်ပီလုံး (အိမ်ဖြူတော် ဥပဒေရေးရာ အကြံပေး)

၂။ ဂျေး ဆီကူလို (ထရန့် မှ အမှု အတွက် ငှားရမ်းထားသူ)

၃။ ကင်း စတား (ယခင် ဘီလ် ကလင်တန် အမှု ကို စုံစမ်း စစ်ဆေးခဲ့သူ)

၄။ အလန် ဒါရှိုဝဇ် (ထင်ရှားသော ရှေ့နေကြီး)

သူတို့ လေးယောက်စလုံးသည် ထရန့် ကိုယ်စား ခုခံခြေပ ကြရမှာ ဖြစ်ပြီး တဖက်က တရားလို မန်နေဂျာများနဲ့ သက်သေများကို ပြန်လှန် စစ်ဆေး မေးမြန်းခွင့် ရှိပါတယ်။

 

အထက်လွှတ်တော် အမတ်များအားလုံး မှာ ဂျူရီ လူကြီး များ အခန်း ကဏ္ဍ ကနေ ပါဝင်ကြရမှာ ဖြစ်ပြီး အမှု လျှောက်လဲ ပြီးသွားရင် သမ္မတကို ရာထူးကနေ ဖယ်ရှားသင့် မသင့် မဲပေးကြရမှာ ဖြစ်ပါတယ်။ သီအိုရီ အရတော့ ဘက်မလိုက်ပဲ မှန်တဲ့ဖက်ကနေ အဆုံးအဖြတ် ပေးပါမယ်လို့ ကျမ်းကျိမ်ကြရပါတယ်။ သို့သော်လည်း အတော်များများက ပွဲမစမီကပင် သူတို့ ဘယ်လို မဲပေးမယ်ဆိုတာ ထုတ်ဖေါ်ပြောဆိုထားပြီး ဖြစ်ပါတယ်။ ရီပတ်ဘလီကင် များက လောလောဆယ် အမတ်နေရာ စုစုပေါင်း ၁၀၀ ထဲမှာ အနည်းငယ် အသာစီးက ရထားပြီး ဖြစ်နေတဲ့အပြင် သမ္မတ ကို ရာထူးမှ ဖယ်ရှားဖို့က အမတ်စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံ (ဒီနေရာမှာ ၆၇ မဲ) က ထောက်ခံမဲ ပေးရမှာ ဖြစ်ပါတယ်။

 

သူတို့ အားလုံးသည် ထရန့် ၏ အမှုကို တည်ဆောက်ခြင်း၊ ခုခံ လျှောက်လဲခြင်း အစရှိသည်တွေမှာ ပါဝင်ကြရဖို့ မရှိသော်လည်း လုပ်ထုံးလုပ်နည်းများ၊ အဆိုတင်သွင်းလာမှုများ နဲ့ သက်သေများ ခေါ်ယူခွင့် ရှိမရှိ တို့ကို အဆုံးအဖြတ် ပေးကြရဖို့ ရှိနေပါတယ်။

 

နှစ်ဖက်စလုံးကို မေးခွန်းတွေ မေးခွင့်ရှိပေမယ့် တိုက်ရိုက် မေးမြန်းခွင့် မရှိပဲ တရားသူကြီးချုပ် မှတဆင့် မေးမြန်းကြရမှာ ဖြစ်ပါတယ်။

 

ဒီ အမှုကို ကြားနာရာမှာ ခုံသမာဓိ လူကြီး အဖြစ် ဆောင်ရွက်ပေးရမယ့် လူကတော့ အမေရိကန် ဗဟို တရားရုံး တရားသူကြီးချုပ် ဂျွန် ရော်ဘတ် ပဲ ဖြစ်ပါတယ်။

 

သို့သော် ခုံသမာဓိ လူကြီး ဖြစ်တဲ့ ဂျွန် ရော်ဘတ် အနေနဲ့ သာမန် တရားခွင်များလို တဖက်နဲ့ တဖက် ကန့်ကွက်မှု များ အပေါ် (sustain or overrule) ဆုံးဖြတ်ခွင့် မရှိပေမယ့်  မေးတာကို သက်သေက မဖြေဆိုရင်တော့ တရားရုံးကို မထီမဲ့မြင့် ပြုမှုလို့ သတ်မှတ်ပေးခွင့် ရှိနေပါတယ်။ ဒါ့အပြင် လျှောက်လဲမှုတွေက အမှုနဲ့ သက်ဆိုင်ခြင်း ရှိမရှိကိုလည်း ဆုံးဖြတ်ပေးနိုင်ပါတယ်။ (ဆိုလိုတာကတော့ အမှုနဲ့ မပတ်သက်တဲ့ အကြောင်းအရာတွေ ပြောဆိုလာရင် ဖြစ်ပါတယ်)

 

ဒီနေ့ အင်္ဂါနေ့ မှာ ဘယ်လို ပုံစံ မျိုး နဲ့ တရားးခွင်ကို ပြုလုပ်သွားမယ့် အရေး အပြီးသတ် စည်းကမ်းချက်တွေ ချမှတ်ကြရမှာပါ၊ ဥပမာ အားဖြင့် တရားလို နဲ့ ချေပသူများ အနေနဲ့ အချိန်မည်မျှကြာကြာ ပြောခွင့်ရှိ မရှိ မေးခွန်းများ မေးခွင့်ရှိမရှိ အစရှိတာတွေ ဖြစ်ပါတယ်။ အရေးကြီးဆုံးမှာ သက်သေများ ခေါ်ယူနိုင်မှု ရှိမရှိ ဆိုတာပဲ ဖြစ်ပြီး ဒီအရေး တွေ အားလုံးကို ဆီးနိတ် လူများစု၏ ခေါင်းဆောင် မစ်ချ် မက်ကွန်နယ် က ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

 

ကလင်တန် အမှု မှာတော့ ငါးပတ်ကြာမြင့်ခဲ့ပါတယ်၊ အဲ့ဒီအမှုမှာ တဖက်ကို အမှု အတွက် လျှောက်လဲသို့မဟုတ် ချေပ ဖို့  စုစုပေါင်း ၂၄ နာရီ သတ်မှတ်ပေးထားပြီး အထက်လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေ ဖြေဆိုရန် ၁၆ နာရီ စီ သတ်မှတ်ပေးထားခဲ့ပါတယ်၊

 

ကလင်တန် ကို အိမ်ဖြူတော်မှာ သူရဲ့ ကိုယ်ရေးကိုယ်တာ မိန်းမရှုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ကြတဲ့ ရီပတ်ဘလီကင် တွေ အဖို့ အခုလို နိုင်ငံ အကျိုးစီးပွားကို ကိုယ်ကျိုး အတွက် အသုံးချခဲ့မှု နဲ့ ဒီမိုကရက်တွေရဲ့ တရားစွဲဆိုမှုကို ဘယ်လိုမှ ပြောဆို ကန့်ကွက်ခွင့် မရှိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

 

ဝှက်ဖဲများ

 

ဆီးနိတ် တရားခွင် မစမီမှာပဲ ဝှက်ဖဲတွေ တချပ်ပြီး တချပ် ထွက်ပေါ်လာခဲ့ပါတယ်။

 

လောလောဆယ် တရားစွဲဆို ခံထားရတဲ့ လက်ဗ် ပါနားစ် က ထရန့် သည် သူရဲ့ ပြိုင်ဖက် ဖြစ်လာနိုင်ခြေ ရှိနေတဲ့ ဂျိုး ဘိုင်ဒင် ကို စုံစမ်း စစ်ဆေးဖို့ ဖိအားပေးရာမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေတယ်လို့ မကြာမီ က MSNBC နဲ့ တွေ့ဆုံမေးမြန်းခန်း မှာ ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါတယ်၊ သူသည် ထရန့် ရဲ့  ဥပဒေ အကျိုးဆောင် ရူဒီ ဂျူလီယာနီ ရဲ့ လုပ်ဖေါ်ကိုင်ဖက် ဖြစ်ပြီး ယူကရိန်းကို ကိုယ်တိုင်ကိုယ်ကျ သွားကာ ရာဇသံ ပေးခဲ့ရတယ်လို့ ဆိုပါတယ်၊ ရာဇသံကတော့ ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရေး မလုပ်ဖူးဆိုရင် အမေရိကန် က ပေးရမယ့် အကူအညီတွေကို ဆိုင်းငံ့ထားမှာ ဖြစ်တဲ့အပြင် သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ကို အမေရိကန် ဖက်က တဦးတလေမှ တက်ရောက်မှာ မဟုတ်ဖူး ဆိုတာပဲ ဖြစ်ပါတယ်။

 

ဒီအတွက် တရားခွင်ကနေ ဆင့်ခေါ်မယ့် သက်သေတွေ က မထင်မှတ်ထားတာတွေ ထုတ်ဖေါ်ပြောဆိုလာနိုင်စရာ ရှိနေပြီး ဒီမိုကရက်ဖက်က ဘယ်လို ဝှက်ဖဲတွေ ထုတ်ပြလာမယ်ဆိုတာ မသိနိုင်တဲ့ အတွက် သက်သေ ခေါ်ယူ စစ်ဆေးရေးကို ရီပတ်ဘလီကင်တွေဖက်က အကြောက်အကန် ဟန့်တားလာကြမှာလည်း ဖြစ်ပါတယ်။

 

ဒီမိုကရက် ဆီးနိတ် လူနည်းစု ခေါင်းဆောင်  ရှူးမား ကတော့ အနည်းဆုံး သက်သေ လေးဦး ခေါ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်၊ ဒီ လေးဦးကတော့ အမျိုးသား လုံခြုံရေး အကြံပေး ဖြစ်ခဲ့သူ ဂျွန် ဘိုလ်တန်၊ အိမ်ဖြူတော် ယာယီ ဝန်ထမ်း အကြီးအကဲ မစ်ခ် မူလ်ဗေနီ၊ မူလ်ဗေနီ ရဲ့ အကြီးတန်း လက်ထောက် ရောဘတ် ဘလဲယား ၊ စီမံခန့်ခွဲရေး နှင့် ဘတ်ဂျက်ဌာနရှိ အမျိုးသား လုံခြုံရေး ဆိုင်ရာ တွဲဖက် ဒါရိုက်တာ မိုက်ကယ် ဒပ်ဖီ တို့ ဖြစ်ပါတယ်။ စက်တင်ဘာ လ က အိမ်ဖြူတော်ကနေ စွန့်ခွာသွားရတဲ့ ဘိုလ်တန် နဲ့ ပါနားစ်ကတော့ ဆီးနိတ်က ခေါ်ရင် အစစ်ခံမယ်လို့ ပြောဆိုပြီး ဖြစ်ပါတယ်။

 

ဒီနေရာမှာ ပြဿနာ ရှိနေတာက ရီပတ်ဘလီကင် ဖက်မှ ၅၃ နေရာ ရထားပြီး ဒီမိုကရက်က ၄၇ နေရာမို့ သက်သေခေါ်ဖို့ ဒီမိုကရက်ဖက်က နောက်ထပ် လေးမဲ လိုနေတာပဲ ဖြစ်ပါတယ်။ အချို့ ရီပတ်ဘလီကင်တွေကတော့ သက်သေ ခေါ်ဖို့ မဲပေးပါမယ်လို့ အလွတ်သဘော အာမခံထားပြီးသား တွေ ရှိနေတယ်လို့ အေပီ သတင်းတရပ်က ဆိုပါတယ်။

 

ထရန့်ကတော့ ဂျိုး ဘိုင်ဒင်တို့ သားအဖကို သက်သေခေါ်စေချင်နေပါတယ်၊ ယူကရိန်း ဓါတ်ငွေ့ ကုမ္ပဏီဖြစ်တဲ့ Burisma ဘုတ်အဖွဲ့မှာ ဘိုင်ဒင် ရဲ့ သား ဖြစ်သူ ဟန်တား ဘိုင်ဒင်က ပါဝင်နေတယ့် ကိစ္စကို လူသိရှင်ကြား မေးမြန်းစေချင်နေပါတယ်၊ ဒါမှ သူရဲ့ ပြိုင်ဖက် ဖြစ်တဲ့ ဂျိုး ဘိုင်ဒင် အပေါ် မဲဆန္ဒရှင်တွေအကြား သံသယ မျိုးစေ့တွေ ချပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဒီမိုကရက်တွေ ဖက်ကတော့ ထရန့် ကို ရာထူးမှ ဖယ်ရှားနိုင်ရန် ဖြစ်ဖွယ်မရှိဘူးလို့ တွက်ဆထားကြပြီး ထရန့် ကိုယ်တိုင် နဲ့ ထရန့်ကို ထောက်ခံမဲပေးခဲ့တဲ့ အမတ်တွေက အမှန်တရားကို မျက်ကွယ်ပြုခဲ့သူများလို့ မဲဆန္ဒရှင်များအကြား ထင်မြင်လာအောင် နိုင်ငံရေးအရ အသေအချာ တွက်ပြီး ထိုးနှက်နိုင်ဖို့ ဖြစ်ပါတယ်၊ ဒီမဟာဗျူဟာ နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက ဆီးနိတ်ကို ပြန်လည် သိမ်းပိုက်ဖို့ လက်နက် စုဆောင်းတဲ့ ပွဲလို ယေဘုယျ ယူဆလို့ ရပါတယ်။

 

ဒါတွေကို သိထားပြီး ဖြစ်တဲ့ ရီပတ်ဘလီကင် တွေက မဲဆန္ဒရှင်တွေလည်း ကြာရင် မေ့သွားအောင် တရားစွဲဆိုထားမှုတွေကို ဆီးနိတ်မှာ မြန်မြန်ပြီးသွား ရန် မျှော်လင့် နေကြပါတယ်။

 

ယခု လောလောဆယ် ဆွစ်ဇာလန် နိုင်ငံ ဒါဗို တွင် ကျင်းပနေသော ကမ္ဘာစီးပွားရေး ဖိုရမ်ကို တက်ရောက်နေတဲ့ ဒေါ်နယ် ထရန့်ကလည်း လာမယ့် ရွေးကောက်ပွဲ အတွက် ယခု စွဲချက်တင်ထားမှုမှာ သူ့အနေနဲ့ ဘာအမှား မှ မကျူးလွန်ခဲ့ဖူး ဆိုတဲ့ clean sheet မျိုး လိုချင်နေတာ ဖြစ်ပါတယ်။

 

နေ့စဉ် အရှေ့တိုင်း စံတော်ချိန် မနက် ၁၀ နာရီ (မြန်မာ စံတော်ချိန် ည ၁၂း၃၀) မှာ ကြားနာမှု ကို စတင်မှာ ပါ။ တနင်္ဂနွေနေ့မှ လွဲပြီး ပြီးတဲ့ အထိ နေ့စဉ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ကိုးကား ။   ။ CBC NEWS