အရှေ့အလယ်ပိုင်း တွင် စစ်မီးကြီး တောက်လောင်လာချေပြီ

by Hla Soewai - Oct 10 2023

ဂျုး လူမျိုးတို့၏ ဆင်းချက် တိုရာ ဘာသာရေး ပွဲတော်နေ့ ဖြစ်သော အောက်တိုဘာ ၇ ရက်နေ့ နံနက်တွင်တော့ အစ္စရေး တို့သည် ဂါဇာကမ်းမြှောင် ဒေသမှ ပစ်လွှတ်လိုက်သော ဒုံးကျည် အစင်းရေ ၂,၀၀၀ ကျော် ကျရောက်ပေါက်ကွဲသည့် အသံဗလံများ ကြားကြောင့် အိပ်ယာမှ အလန့်တကြား နိူးထ လာခဲ့ကြရသည်။

 

နောက်ပိုင်း ထွက်ပေါ်လာသော သတင်းများအရ ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဂါဇာကို အုပ်ချုပ်နေသော ဟာမားစ် ပါလက်စတိုင်း အစ္စလမ်မစ် အဖွဲ့သည် ဒုံးကျည်များသာမက အစ္စရေး နိုင်ငံ အတွင်းသို့ပင် ရောက်ရှိလာကြပြီး ဆအဆက်မပြတ် တိုက်ခိုက်လာနေကြခြင်းပင် ဖြစ်သည်။

 

၎င်းတို့သည် အစ္စရေး နှင့် ဂါဇာအား ပိုင်းခြားထားသော ခိုင်ခန့်စွာ ဆောက်လုပ်ထားသည့် နယ်ခြား အုတ်ရိုး အား ထရပ်ကားများ၊ ဗုံးများ တင်ဆောင်ထားသည့် ဘူဒိုဇာများ၊ စက်တပ်ထားသော ဂလိုက်ဒါ ယာဉ်များ ဖြင့် ထိုးဖေါက် ဖြတ်ကျော်လာခဲ့ကြသည်။ ထို့ပြင် ဟာမားစ် တပ်ဖွဲ့ဝင်များသည် သင်္ဘောများဖြင့် အစ္စရေး ကမ်းခြေစောင့် စစ်စခန်းကိုပါ တိုက်ခိုက်ခဲ့ကြသည်။

 

ဆိုရှယ် မီဒီယာများပေါ်တွင် ပလူပျံလာသော ဓါတ်ပုံများအရ တခါက စစ်အင်အားအရ မိမိတို့ကို မည်သို့မျှ မယှဉ်နိုင်ဟု ယူဆထားသော ဟာမားစ် တို့ကြောင့်အစ္စရေး နိုင်ငံသားများသည် ယခုအခါ မြေအောက်ဘန်ကာများထဲတွင် ထိတ်လန့်တကြား တိုးဝှေ့ ပုန်းအောင်းနေကြရသည်ကို တွေ့မြင်ရသည်မှာ တုန်လှုပ်ခြောက်ခြားစရာပင် ဖြစ်သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးက ‌ရေးသားခဲ့သည်။

 

အစ္စရေး မြို့ငယ်လေးများ၏ လမ်းများပေါ်တွင် ဟာမားစ် တို့သည် ဂျစ်ကားများ၊ မော်တော်ဆိုင်ကယ်များ စီးကာ အရပ်သားများကို ပစ်ခတ်ခဲ့ကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှု ကြောင့် ဂီတပွဲတော်လာ အစ္စရေး ဒါဇင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရသွားခဲ့သည်။

 

အစ္စရေး အရပ်သားများ၊ တာဝန်ချိန်ပြင်ပတွင် ရှိနေသော စစ်သားများ၊ ရဲများက ရရာလက်နက်များဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြသည်။ အစ္စရေး အထူး တပ်ဖွဲ့သည်လည်း နိုင်ငံတောင်ပိုင်းသို့ ဒလကြမ်း ချီတက်လာနေကြသည်ဟု သတင်းများက ဆိုသည်။

 

အောက်တိုဘာ ၇ ရက်နေ့ ည‌ပိုင်းတွင်တော့ အစ္စရေး အရေး‌ ပေါ် ကယ်ဆယ်ရေး အဖွဲ့များမှ လက်ရှိတွင် လူ ၂၀၀ ခန့် သေဆုံးသွားပြီဟု သတင်းထုတ်ပြန်ခဲ့သည်။

 

ထိုသတင်းများထက် အစ္စရေး တို့ အတွက် ပို၍ စိုးရိမ်စရာ ကောင်းလာရသည်က ဟာမားစ်တို့ ဖက်မှ ထုတ်လွှင့်သော ဗီဒီယို ကလစ်များထဲတွင် ဖမ်းဆီးမိသွားသော အစ္စရေးအရပ်သားများနှင့် စစ်သားများကို ထရပ်ကားများ အပေါ် အတင်း တွန်းတင်ပြီး ဂါဇာဖက်သို့ ခေါ်ဆောင်သွားကြသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင် ဖြစ်သည်။

 

အစ္စရေး စစ်ဖက် ပြောခွင့်ရ ရေတပ် ဗိုလ်ချုပ်ကြီး ဒင်နီရယ် ဟာဂါရီမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း အတည်ပြု ပြောဆိုသွားခဲ့သည်။ ဟာမားစ် တပ်ဖွဲ့ဝင်များသည် ဂါဇာနှင့် ကပ်လျက်ရှိသော အစ္စရေး နယ်နမိတ် အတွင်း ရှိနေကြဆဲဟု အစ္စရေး စစ်ဖက်မှ ယူဆလျက် ရှိသည်။

 

 အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာသန်ယာအူးမှ "စစ်ကြီး ဖြစ်လာနေပြီ" ဟု နိုင်ငံသို့ အသံလွှင့် ကျေညာသွားခဲ့သည်။ လက်ရှိ အနေအထားသည် စစ်ဆင်ရေး တရပ် ဆင်နွှဲခြင်း သို့မဟုတ် အပြန်အလှန် ပစ်ခတ်ကြသည့် အဆင့်မျိုး မဟုတ်တော့ပဲ စစ်ကြီး ဖြစ်လာနေပြီဟု လည်း ထပ်မံ ပြောဆိုခဲ့ပြန်သည်။

 

"ရန်သူများအား သူတို့ တခါဖူးမျှ မကြုံခဲ့ဖူးသေးသည့် အတိုင်းအတာ မျိုးဖြင့် လက်တုံ့ပြန်သွားမည်၊ ဒင်းတို့ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်" ဟုလည်း ကတိပေးခဲ့သည်။ လောလောဆယ် တွင် လေကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။

 

အစ္စရေး တို့ ချက်ခြင်း လက်ငင်းဆိုသလို လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၉၈ ဦး သေဆုံးပြီး ၁,၆၀၀ ခန့် ဒဏ်ရာရရှိသွားသည်ဟု ပါလက်စတိုင်းဖက်မှ သတင်းထုတ်ပြန်ခဲ့သည်။

 

အစ္စရေးသည် လာမည့် ရက်များ အတွင်း စစ်ဆင်ရေးကြီး တရပ် ဆင်နွှဲရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။ ထောင်ပေါင်းများစွာသော အရံအင်အားများကိုလည်း ဆင့်ခေါ်ခဲ့သည်။

 

အစ္စရေး အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဂါဒီ ရှမ်နီ မှ ဒီတကြိမ်တွင်တော့ ယီဟွာ ဆင်ဝါ နှင့် မိုဟာမက် ဒိဖ် တို့ ကို မဖြစ်မနေ သုတ်သင်သွားမည်ဟု ကြိမ်းဝါးခဲ့သည်၊ ယခင်က အဆိုပါ ဟာမားစ် ခေါင်းဆောင် နှစ်ဦးအား မော့ဆက်မှ ပစ်မှတ်ထား ပြီး လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြသည်။

 

လက်ရှိတွင်တော့ ထိုသို့ ဖြစ်ခဲ့ရမှု များ အတွက် အစ္စရေးထောက်လှမ်းရေး အား အပြစ်ဖို့နေပြီ ဖြစ်သည်။ သို့သော် ထောက်လှမ်းရေး ဖက်သာမက အစ္စရေး ခေါင်းဆောင်ပိုင်းတွင်လည်း တာဝန်ရှိနေသည်။ ၎င်းတို့က ဂါဇာရှိ ဟာမားစ် ခေါင်းဆောင်ပိုင်းသည် အစ္စရေး နှင့် အကြီးအကျယ် ထိတ်တိုက်ရင်ဆိုင်ရမည့် အရေးကို ရှောင်ပြီး ဂါဇာတွင် အုပ်ချုပ်ရေး ခိုင်မြဲသည်ထက် မြဲအောင် အာရုံစိုက်နေကြသည်ဟု မှားယွင်းစွာ ယူဆထားခဲ့ကြသည်။

 

ယခုအခါ ပါလက်စတိုင်း လက်နက်ကိုင်များ အစ္စရေး မြို့ရွာများ အတွင်း လက်နက်များ ကိုင်ဆောင်၍ လှည့်လည် သွားလာနေသည့် မြင်ကွင်းကြောင့် အစ္စရေး တို့ အကြီးအကျယ် အရှက်ရစရာ ဖြစ်သွားခဲ့ရသည်။ ဝန်ကြီးချုပ် နာသန်ယာအူး၏ ခေါင်းဆောင်မှု အပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ၎င်းသည် အစ္စရေး၏ လွတ်လပ်သော တရားစီရင်‌ရေး အား အစိုးရ၏ ထိန်းချုပ်မှု အောက် သွတ်သွင်းနိုင်ရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှု အတွက် ၎င်း၏ လက်ယာအစွန်းရောက် အစိုးရ သည် လူထု၏ အပြင်းအထန် ဆန့်ကျင်နေမှု နှင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

 

ဟာမားစ်တို့မှ ပါလက်စတိုင်း သမ္မတ မာမွတ်အဘာစ်၏ အကြမ်းမဖက် သံတမန် နည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရေး ဆိုသည့် မူဝါဒ အလုပ်မဖြစ်ကြောင်း လူထုကို လှုပ်နှိုး လိုက်ခြင်းဖြစ်သည်။ တဖက်တွင်လည်း အစ္စရေး နှင့် သံတမန် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းလာနေသော အာရပ် နိင်ငများအား ပါလက်စတိုင်း ပြဿနာသည် ဆုံးခန်းတိုင်ခြင်း မရှိသေး ဆိုသည်ကို သတိပေးနိုင်ခဲ့သည့် ဘေးထွက် အကျိုးများလည်း ထွက်ပေါ်သွားခဲ့သည်။

 

လက်ရှိတွင်တော့ ဟာမားစ်တို့ အောင်ပွဲခံနေကြပြီ ဖြစ်သည်။ "အစ္စရေး သည် အင်အားတောင့်တင်းသော နိုင်ငံ မဟုတ်တော့ ဆိုသည်ကို ငါတို့ ပြသနိုင်ခဲ့ပြီ၊ ငါတို့အခု သူတို့ကို အနိုင်ယူနိုင်ခဲ့ပြီ၊ ဒီလို အနိုင်ယူနိုင်ဖို့ စစ်တပ်ကြီးတောင် သုံးစရာမလိုပဲ တပ်မ တတပ်လောက်နဲ့ပဲ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ" ဟု ဟာမားစ် ပြောခွင့်ရ ဂါဇီ ဟာမက် က ပြောလာခဲ့သည်။

 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်မှ မိမိတို့ အစိုးရမှ အစ္စရေး အား မယိမ်းမယိုင် အခိုင်အမာ ဆက်လက် ထောက်ခံသွားမည်ဟု ဆိုပြီး ဗြိတိန် နှင့် ကနေဒါ ဝန်ကြီးချုပ်တို့မှလည်း အစ္စရေး၏ ခုခံ ကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။