မင်းအောင်လှိုင် အား ဖိတ်ကြားချက် ထိုင်းဖက်မှ ပယ်ဖျက်မည်ဟု သတင်းထွက်ပေါ်

by Hla Soewai - Oct 10 2023

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန အထက်တန်း အရာရှိကြီးများ အစည်းအဝေးမှ နိုဝင်ဘာလ ကုန် ပိုင်းတွင် ကျင်းပမည့် ဘင်္ဂလား ပင်လယ် ထိစပ်နိုင်ငံများ၏ ကဏ္ဍပေါင်းစုံ နည်းပညာ နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး BIMSTEC ထိပ်သီး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး မြန်မာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် အား တက်ရောက်ရန် ဖိတ်ကြားထားမှု ရပ်ဆိုင်းရန် ရှိနေသည်ဟု အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ အကြောင်း လေ့လာနေသည့် တရားမျှတရေး ပါတီ အမတ်ဖြစ်သူ ကာနာဗီး ဆွာဆန်း ၏ အပြောအား ကိုးကား၍ မြန်မာနောင်း ၏ အင်္ဂလိပ် ပိုင်း တွင် ဖေါ်ပြထားသည်။

 

 ထိုင်းအစိုးရသည် ၎င်းတို့ လုပ်ရပ်အား ပြန်လည် စဉ်းစားဖို့ ယခုလို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်ဟု ထိုင်း ပါလီမန် အမတ် ကာနာဗီး ဆွာဆန်း က ပြောကြားခဲ့ပြီး ၎င်းတို့ အနေဖြင့် ယင်း စစ်ဗိုလ်ချုပ်အား ဖိတ်ကြားခဲ့ခြင်းကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ကြောင့်ကြ မှုများ ဖြစ်လာနိုင်မည်ဟု ဆိုသည်။

 

 မင်းအောင်လှိုင် အား BIMSTEC ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက် ဖြစ်မည်ဆိုက ၎င်းအား လူသိရှင်ကြား ဖိတ်ကြားခဲ့သည့် ဒုတိယ မြောက် နိုင်ငံ ဖြစ်သွားနိုင်ပေသည်၊ မင်းအောင်လှိုင်သည် ယမန်နှစ် စက်တင်ဘာလ အတွင်း ဗလာဒီဗော့စတော့ တွင် ပြုလုပ်သည့် အရှေ့ဖျား စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ၎င်းကာလကြာမြင့်စွာ စောင့်ဆိုင်း ကြိုးပမ်းခဲ့ရသည့် ရုရှား သမ္မတ ပူတင်နှင့် ခေတ္တခဏ တွေ့ဆုံခွင့် ရခဲ့သည်။

 

 မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ အား မည်သူကမျှ လိုလိုလားလား မရှိပဲ ကိုယ်ကျိုး စီးပွား အတွက် မချစ်သော်လည်း အောင့်ကာနမ်းဆက်ဆံနေကြရသည် ကို ရိပ်စားမိသော်လည်း ထိုအင်အားကြီး နှစ်နိုင်ငံ ၏ မဟာမိတ်သဖွယ် ပြည်တွင်း တွင် တွင်တွင်ကြီး ဝါဒ ဖြန့်နိုင်ရန်က ပိုအရေးကြီးနေပေသည်။

 

 BIMSTEC ထိပ်သီး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းမှု အား ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မျိုး မရှိသေးပေ၊ သို့သော် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီမှ တက်ရောက်ရန် အတည်ပြု ထားပြီး ဖြစ်သည်။

 

 ထိုသတင်း အမှန် ဖြစ်မည်ဆိုက ထိုင်းအစိုးရသည် အစည်းအဝေး ကို အကြောင်းတခုခု ပြပြီး ရက်ရွှေ့ဆိုင်းကာ အသစ် ပြန်လည် ကျင်းပမည့် အချိန်တွင် မင်းအောင်လှိုင် အား ထပ်၍ ဖိတ်ကြားခြင်း မပြုတော့ပဲ မသိမသာ ခေါက်ထားလိုက်ခြင်းဖြင့် နှစ်ဖက် မျက်နှာပျက်ရမည့် အရေးကို ကာကွယ်ချင်ပုံ ရှိသည်။

 

 မင်းအောင်လှိုင် အဖို့က သူ့အား အစည်းအဝေးများသို့ ဖိတ်ကြား မခံရခြင်းသည်မှာ ရိုးနေပြီ ဖြစ်၍ မည်သို့မျှ နေမည် မဟုတ်သော်လည်း ဖိတ်ပြီးမှ မလာနဲ့တော့ အပြောခံရမည်ဆိုက အကြီးအကျယ် အရှက်တကွဲ ဖြစ်သွားနိုင်ပေသည်၊ ထိုသို့ မဖြစ်အောင် ထိုင်း အစိုးရသစ်က လိမ္မာပါးနပ်စွာ ‌ရှောင်ရှားလိုပုံရှိသည်။

 

 နောက်ထပ် မြန်မာ နှင့် ပတ်သက်ပြီး ဩစတေးလျှ တွင် အခြေအတင် ပြောရဖို့ ဖြစ်လာသည်က ဩစတေးလျှ A-League မှ မကာသာ ဘူးလ် အသင်းသည် စက်တင်ဘာလ ကုန်ပိုင်းက ရန်ကုန် ရှိ လူသူခြောက်ကပ်နေသော သုဝဏ္ဏ အားကစားကွင်းတွင် အာရှ ဘော်လုံး ကွန်ဖက်ဒရေးရှင်း AFC ခြေစစ်ပွဲ လာရောက် ကစားခဲ့မှု အပေါ် ကစားသမား များ၏ လုံခြုံရေးကို ထည့်သွင်း မစဉ်းစားပဲ စေလွှတ်ခဲ့ခြင်း အပေါ် ဝေဖန်ပြစ်တင်ခံလျက် ရှိသည်။

 

 ဩစတေးလျှ အစိုးရ နိုင်ငံခြား နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ “မြန်မာသို့ ခရီးမသွားရန်” အကြံပေး စာ ထုတ်ပြန်ထားပါလျှက် နှင့် ကစားသမားများ စေလွှတ်ခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ ဘော်လုံး အသင်း တာဝန်ရှိသူများက သွားရောက်မကစားပါက ‌ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်ခံရမည့် အပြင် ပြိုင်ပွဲမှ နှစ် နှစ်အထိ ထုတ်ပယ်ခံရဖို့ ရှိနေ၍ ဟု ခုခံ ပြောဆိုခဲ့ကြသည်။

 

 ရှောင်တန်နဲလ်ကမူ ယခုလို သွားရောက်ကစားခဲ့ခြင်းသည် ဉာဏ်အမျှော်အမြင် မရှိသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

 

 ယခုအခါ ဩစတေးလျှ သို့ လာရောက် ကစားရန် ရှိနေသည့် Shan United အသင်းအား ဗီဇာ ထုတ်မပေးရန် တောင်းဆိုနေကြပြီ ဖြစ်သည်။

 

 မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ဖာသာလည်း မနေနိုင်၊ လုပ်ချင်နေသည်မှန်သမျှ ကို ကိုယ်တိုင်လည်း မလုပ်နိုင်၊ ၎င်းတို့ နှင့် ကျေးဇူးကန် ကျေးဇူးစား ရှိနေသည့် အလား ရွေးကောက်ပွဲ ကိစ္စ၊ နိုင်ငံသားများ အပေါ် ဇီဝ မှတ်တမ်း ယူမည့် အရေး၊ နျူကလီယား ကိစ္စ အစရှိသည် တို့ကို တရုတ်၊ အိန္ဒိယ၊ ရုရှား တို့အား အကူအညီ ပေးကြပါရန် လှည့်ပတ် တောင်းဆိုနေကြသည်။ ၎င်းတို့နှင့် မဖြစ်မနေ ဆက်ဆံဖို့ ဖြစ်လာပါကလည်း လူကြားကောင်းအောင် အကြောင်းရှာနေရပြန်သည်။

 

 ထိုနိုင်ငံများကလည်း ၎င်းတို့အား အကူအညီ ပေးချင်ကြသော်လည်း လူမဆန်သည့် လုပ်ရပ်များ ကျုးလွန်နေခြင်းကြောင့် စိတ်ရှိတိုင်း မကူညီရဲ ဖြစ်နေကြသည်။

 

 ယခုလည်း တရုတ်၏ ရပ်ဝန်းနှင့် လမ်း စီမံချက် ဆယ်နှစ်မြောက် ထိပ်သီး ဆွေးနွေးပွဲသို့ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေး အသည်းအသန် လုံးပမ်းနေကြပြန်သည်။

 

 နိုင်ငံတော် အတိုင်ပင်ခံမှ သူမအား အခွင့်အာဏာ အလွဲသုံးစား မှု လာဘ် ယူမှုများ ဖြင့် စွပ်စွဲထားသော အမှု ခြောက်မှု အား ပြန်လည် စဉ်းစားပေးရန် ဦးတိုက် လျှောက်ထားချက်ကို ဗဟိုတရားရုံးက ကြားနာစစ်ဆေးရန် ငြင်းပယ်လိုက်သည်ဟု သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမဖက်က တရားဥပဒေ အပေါ် ယုံကြည်သက်ဝင်ဆဲ ဖြစ်သည်ဟု ပြသလိုဟန်ရှိပြီး ယခုလို ငြင်းပယ်မည်ကိုလည်း ကြိုတင် တွက်ဆထားပြီး ဖြစ်ပုံရသည်၊ ယခုအခါ သူမ၏ နိုင်ငံသား တဦး၏ ရသင့်ရထိုက်သော တရားဥပဒေ လမ်းကြောင်းမှ ခုခံပိုင်ခွင့်ကို မည်သည့် အကြောင်းမျှ မပြပဲ ပယ်ချလိုက်ပြီ ဆိုသည်ကို ကမ္ဘာအား အသိပေး နိုင်ခဲ့၍ ၎င်းတို့ အပေါ် နိုင်ငံရေး အရ ထိုးနှက် နိုင်ခဲ့ပြန်သည်။

 

 ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!