အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း

by Hla Soewai - Oct 10 2023

ဖီလာဒဲလ်ဖီယား ရှိ ဗီလာနိုဗာ တက္ကသိုလ် မှ သမိုင်းဌာန တွဲဖက် ပါမောက္ခ Mrs Lynne Ann Hartnett ပို့ချသည့် “The Great Revolution of Modern History” အခန်း (၂၄) ခန်း ပါ စာတမ်း အား “သမိုင်း အဆက်ဆက် တော်လှန်‌ရေး ကောက်ကြောင်းများ” ခေါင်းစဉ် ဖြင့် အပိုင်း ပေါင်း ၁၈၄ ပိုင်း ခွဲကာ တင်ပြခဲ့မှု အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

 

ထို့အတွက် နောက်ထပ် ဗဟုသုတ ရစေရန် မြန်မာ စစ်ရေး လေ့လာ သုံးသပ်သူ အင်ဒရူး ဆဲသ် မှ ဩစတေးလျှ နိုင်ငံ Griffth Asia Institute တက္ကသိုလ် အတွက် ပြုစုသော သုတေသန စာတမ်း “Intelligence and Intelligence Agencies in Myanmar Since The 2021 Coup” အား တင်ပြရန် ရွေးချယ်ခဲ့ပါသည်။

 

ကျွန်တော်သည် ငယ်စဉ်ကတည်းက ဝါသနာ အလျှောက် မြန်မာ နှင့် ကမ္ဘာနိုင်ငံရေး အား မျက်ခြေ မပြတ် လေ့လာခဲ့မှု များ ကြောင့် ဗဟုသုတ အတန်ငယ် ရှိနေရပြီ ဖြစ်ရကာ၊ ယခုလို နိုင်ငံတွင်း အဓမ္မ ဝါဒီများ ငါ့မင်း ငါချင်း လုပ်နေကြသဖြင့် မျက်စိပိတ် နားပိတ် ခံနေရ၍ မည်သူမျှ မပြောရဲ မဆိုရဲ ဖြစ်နေချိန်တွင် ပြည်ပတွင် ကပ်ပါးယပ်ပါး နေထိုင်နေရသော ကျွန်တော် ၏ ပုခုံးပေါ် သို့ ထိုတာဝန်သည် အလိုလို နေရင်း ကျ‌ရောက်လာပြီဟု ယူဆခဲ့၍လည်း ဖေ့စ်ဘုတ်ပေါ် တွင် (တခါတရံ မလွှဲမရှောင်သာ၍ ခရီးထွက်ရသည့် ရက်များမှ အပ) နေ့စဉ်မပျက် ရေးသားခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ရေးသားရင်းက ကျွန်တော် သတိထားမိလာသည်က ဖတ်ရှုနေသူများ သည် မိုတီ ဟု အတိုကောက် ခေါ်နေသည့် စိတ်အား တက်ကြွဖွယ် အကြောင်းများကို အထူး အားပေးတတ်ကြသည် ဆိုသည်ကိုပင် ဖြစ်သည်။

 

တော်လှန်ရေးကြီး ဆင်နွှဲနေကြချိန်တွင် ထိုသို့ စိတ်အား တက်ကြွဖွယ် အကြောင်းများ နှင့် အဘယ်သို့ များ အမြဲလို ရှိနေပေအံ့နည်း၊ အခက်အခဲများ၊ အနှောက်အယှက်များက မရှိမဟုတ် ရှိစမြဲပင်၊ ထိုအကြောင်းများကို သိထားမှ လည်း ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီနိုင်မည်၊ ကျရောက်လာလတ္တံသော အန္တရာယ်များကို ရှောင်ရှားနိုင်ကြမည် ဖြစ်သည်ဟု ကျွန်တော် ယူဆမိသည်။ တဖက်တွင်လည်း နေ့စဉ်နှင့် အမျှ မွန်းကျပ်လာနေသော ပြည်သူများ သည် ထိုသို့ စိတ်အား တက်ကြွစေနိုင်မည့် အကြောင်းအရာများကို အာသာငမ်းငမ်း မျှော်လင့် တောင့်တနေကြသည်မှာလည်း လွန်စွာမှ သဘာဝ ကျပေသည်၊ သို့သော် အစွန်း မရောက်ဖို့တော့ သတိချပ်ရမည် ဖြစ်သည်။

 

အသက်နှင့် ဘဝများစွာ ကို ရင်း၍ တိုက်ပွဲဝင်နေကြသော ပြည်ချစ်သားကောင်းများ သည် နောင်တချိန်တွင် တိုင်းပြည် အုပ်ချုပ်ရေး တာဝန်များကို မဖြစ်မနေ လွှဲပြောင်း တာဝန်ယူကြရမည့် သူများ ဖြစ်သည်၊ သူတို့ အတွက် အချိန်ရရင် ရသလို သိသင့်သိထိုက်သည်များကို တင်ပြ ပေးနေခြင်းသာ ဖြစ်သည်။

 

ယခုတင်ပြမည့် သုတေသန စာတမ်းရှင် မှ မြန်မာ တို့၏ တော်လှန်ရေး ရုတ်ခြည်း ဆိုသလို အောင်မြင် ဖို့ အရေးသည် တပ်တွင်း ပြိုကွဲပြီး ပုန်ကန်မှု ဖြစ်လာခြင်း၊ သို့မဟုတ် ပြည်ပ အစိုးရများမှ ပခုံးထမ်း လေယာဉ်ပစ် ဒုံးလက်နက် မျိုး စစ်ရေး အကူ အညီများ လျို့ဝှက်ပေးလာမှ ဖြစ်နိုင်မည် ဟု သုံးသပ်ထားသည်။

 

တပ်တွင်း ပုန်ကန်မှု ဖြစ်ဖို့က ကိုယ်ကျင့် သိက္ခာတရား ဆို ဂျိုနဲ့လားဟု မေးရသူများ အချင်းချင်း ဝေစားမျှစား လုပ်ကာ ဒေါ်လာ လေးထောင်တန် အရက်နှင့် စည်းစိမ်ယစ်နေကြပြီး အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများ ဆိုကလည်း ကားလေးတစီး၊ ဆိုင်ကယ်တစီး ဝယ်စီးနိုင်လျှင်ပင် ဟုတ်လှခြည်ဟု ထင်နေကြသူ များ ဖြစ်၍ ၎င်းတို့အား မာဖီးယား ဂိုဏ်းဟုပင် ခေါ်ဝေါ် သမုတ်ခံနေရ၍ သိတ်တော့ မျှော်လင့်စရာ မရှိ။

 

အဓိက ကတော့ တော်လှန်‌ရေး အတွက် ပခုံးထမ်း လေယာဉ်ပစ် ဒုံးလက်နက်များ ရမှကို ဖြစ်မည် ဆိုသည်ကို ကျွန်တော်လည်း သဘောတူသည်။ ထိုလက်နက်များ ရမှကို ဖြစ်မည်။ နိုင်ငံတကာ လက်နက်မှောင်ခိုဈေးကွက်ကြီး ဟီး ထနေချိန်တွင် တန်ရာတန်ဖိုး ပေးလျှင် မရနိုင်စရာ မရှိ၊ တခုတော့ ရှိသည်၊ ထိုလက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ် ပစ်ခတ်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးနိုင်မည့် လူတော့ လိုအပ်နေသည်။

 

လက်ရှိတွင် ကရင်၊ ကယားနှင့် ချင်းပြည်နယ် များ အား စစ်ကောင်စီ မှ လက်လွှတ်ရမလို ဖြစ်နေသည်၊ ညောင်လေးပင် တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခြင်း နှင့် အတူ တော်လှန်ရေး မီးတောက်ကြီးသည် ပဲခူးတိုင်းအတွင်း ကူးစက်လာနေပြီ ဖြစ်သည်။

 

ထိုမျှလောက်နှင့် အားရနေ၍ မဖြစ်သေး၊ လေယာဉ်ပစ် ပုခုံးထမ်း လက်နက်များ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ ထိုလက်နက်များကို မရ ရအောင် ရှာနိုင်မှ ဖြစ်မည်။ ထိုလက်နက်များသည် ပြည်သူ များစွာ ၏ အသက်အိုးအိမ် စည်းစိမ် ကို ကောင်းစွာ ကာကွယ်ပေးနိုင်စွမ်း ရှိနေသည်။

 

ရထားပြီး လေ့ကျင့်နေဆဲလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ဤသည်ကလည်း ထိတ်တန်း စစ်ရေး လျိုဝှက်ချက် ဖြစ်၍ ကျွန်တော်လည်း အတိအကျ မသိနိုင်။

 

သုတေသီ အင်ဒရူး ဆဲသ် မှ အဆိုပါ စာတမ်း အတွက် အဖက်ဖက်မှ အကူအညီ ပေးခဲ့ကြသော ဒေးဗစ် စတိန်းဘတ်ခ်၊ ဘာတန် လစ်တနာ၊ ရှောင် တန်နဲလ်၊ မောင်အောင်မျိုး၊ ကင်ဘာရာတွင် ရုံးထိုင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ တို့အား ကျေးဇူးဥကာရ တင်ရှိကြောင်း ဖေါ်ပြထားသည်။

 

စာတမ်းသည် စုစုပေါင်း ၆၆ မျက်နှာ ရှိပြီး၊ ပထမပိုင်းတွင် ဗမာ မှ မြန်မာ အမည် ပြောင်းလဲပုံ နှင့် နောက်ခံ နိုင်ငံရေး သမိုင်းကြောင်းများ ပါရှိလာရာ အားလုံး သိပြီးသား ဖြစ်နေ၍ ကျွန်တော် ချန်လှပ်သွားမည် ဖြစ်ပြီး ခေါင်းစဉ်ပါ စစ်အာဏာရှင်တို့၏ ထောက်လှန်ရေး လုပ်ငန်းများကိုသာ ယခင်လိုပင် အပိုင်းများခွဲ၍ တင်ပြသွားပါမည်ဟု အသိပေးလိုပါသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!