တရုတ် နယ်စပ် ရှိ မြန်မာ တို့၏ ကြေကွဲဖွယ် အဖြစ်

by Hla Soewai - Oct 16 2023

စက်တင်ဘာလ အစောပိုင်းမှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ ထောင်ပေါင်းများစွာ သော လူများသည် တရုတ်နယ်စပ်တွင် တန်းစီ တိုးဝှေ့လာနေကြသည်။ ၎င်းတို့အားလုံး စိတ်ထဲတွင် တရုတ်နိုင်ငံတွင်း လူလိမ်ခံရမည့်အရေး၊ မဖြစ်စလောက် လခလေး ပေး၍ ခေါင်းပုံ ဖြတ်ခံရမည့် အရေး၊ မတော်တဆ ဖမ်းဆီးခံရမည့် အရေးများကို ထည့်စဉ်းစားမနေကြတော့ပဲ မိမိနိုင်ငံတွင် နေထိုင် ရသည်ထက် တော့ အပုံကြီး သာပေသေးသည်ဟူသော အတွေးများ ဖြင့် စုပြုံရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။

 

ထိုသို့ စုပြုံရောက်ရှိလာကြခြင်းသည် စက်တင်ဘာ ၄ ရက် နေ့မှစ၍ တရုတ်မှ မြန်မာ မှ အလုပ်သမားများကို ဈေးပေါပေါနှင့် ခိုင်းစေနိုင်ရန် ရည်ရွယ်ပြီး Temporary Border Pass (TBP) ခေါ် ယာယီ နယ်ခြား ဖြတ်ကျော်ခွင့် လက်မှတ်ကို ထုတ်ပေးလာခဲ့ခြင်း ကြောင့် ဖြစ်သည်။ ယခင်က ကိုဗစ် ကြောင့် နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်ထားခဲ့ရာမှ ယခုလို ပြန်လည် စတင်လာခြင်းလည်း ဖြစ်သည်။

 

ကိုဗစ် မတိုင်မီက တနှစ် ခွင့်ပြုချက် ဖြင့် စာအုပ်နီ ဟု ခေါ်သည့် border pass ကို ထုတ်ပေးခဲ့သော်လည်း ယခုလို လူမြင်မကောင်း အောင် အုတ်အော်သောင်းနင်း ဖြစ်မလာခဲ့ပေ။

 

TBP သည် ခဏတဖြုတ် အလည်အပတ် သဘောမျိုး ခွင့်ပြုထားသောလည်း မြန်မာဖက်မှ ထိုလက်မှတ် ရဖို့ အရေး လာရောက်တန်းစီ နေသူများသည် ၎င်းတို့ နိုင်ငံအတွင်းသို့ ဒေသန္တရ ဗဟုသုတ ခရီး လာရောက်ကြမည့် လူများ မဟုတ်သည်ကို တရုတ် အာဏာပိုင်တို့ ကောင်းစွာ သိထားကြပြီးလည်း ဖြစ်သည်။

 

ယခုအခါ လူများ အဆမတန် များပြားလာ၍ TBP လက်မှတ်ရရန် တန်းစီနေမှု ကို အဆင့် နှစ်ဆင့် ခွဲခြားလိုက်သည်၊ ပထမ အဆင့် အဖြစ် TBP ရရန် တိုကင် လက်မှတ် ကို အရင် တန်းစီရသည်၊ တိုကင် ရပြီး သူများ ကို သာ TBP အတွက် တန်းစီခွင့် ပြုခဲ့သည်။ တိုကင် ရပြီးသော်လည်း TBP အတွက် တန်းစီခွင့် ပေးသည့် ရက်သည် တပတ်ကျော် ခွာပြီး ပေးထားသည်ဟု ဆိုသည်။ မူဆယ်ရှိ တည်းခိုခန်းများ တွင် တည ကျပ်ရှစ်ထောင် ဖြင့် တည်းပြီး စောင့်ကြရသည်ဟု ဆိုသည်။

 

ထို့အတွက် ရက်ပေါင်းများစွာ အိပ်စား ကာ တန်းစီ နေကြရပြီး နေရာရောင်းစားသော မှောင်ခိုဈေးကွက်လည်း ပေါ်လာခဲ့သည်၊ တနေရာစာ အတွက် ကျပ် နှစ်သိန်း အထိ ပေးဝယ်ယူနေရသည်၊ တန်းစီရင်း မူးမေ့လဲကျသူများ ရှိလာ၍ မူဆယ်မြို့ ရှိ ကယ်ဆယ်ရေး အဖွဲ့ ကွန်ယက်က စောင့်ကြပ် အကူအညီ ပေးနေကြရသည်ဟု သိရသည်။

 

စက်တင်ဘာလ ကုန် အထိ တိုကင် ၈,၀၀၀ ခန့် ထုတ်ပေးပြီး ဖြစ်သည်ဟု စစ်ကောင်စီ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

 

TBP သည် မြန်မာနိုင်ငံသားများအား တရုတ် နိုင်ငံတွင်း သုံးရက်မှ ၁၃ ရက်အထိ လည်ပတ်ခွင့် ပြုထားသည်။ ထိုလက်မှတ်ရရန် ကျပ်တထောင် ပေးသွင်းရသည်ဟု ဆိုသည်။ 

 

ကိုဗစ် မဖြစ်ခင် TBP လက်မှတ်ဖြင့် အလုပ်ရှာပြီး လုပ်ကိုင်နေသူများသည် ယခုအခါ အလုပ်လက်မဲ့ ဘဝနှင့် တရုတ်တွင် သောင်တင်နေသည်ဟု သိရသည်။ 

 

TBP ကပ် ရပြီးသူများသည် ခွင့်ပြုထားသော ရက်အတွင်း အလုပ် ကို ရှာကြရမည် ဖြစ်၍ ထိုအကြောင်း ကို သိထားသော အလုပ်ရှင်များ သည် ဈေးနှိမ်၍ ခိုင်းကြမည်သာ ဖြစ်သည်။ ထိုသို့ ခိုင်းသော အလုပ်ရှင်များကလည်း တရုတ် အာဏာပိုင်များ အချိန်မရွေး ဝင်ရောက် ဖမ်းဆီးမည့် အရေးကို စိုးရွံ့နေကြရသည်ဟု ဆိုသည်။ သို့သော် တရုတ်ပြည်တွင် တလ ရသော လုပ်ခသည် မြန်မာပြည်တွင် သုံးလေးလ နှင့် ညီနေ၍ လည်း စွန့်စားကြခြင်း ဖြစ်သည်။

 

နိုင်ငံတကာ ရွှေ့ပြောင်း ဝင်ရောက်မှု ကွန်ယက် ကြီး၏ ယမန်နှစ် အတွင်း ထုတ်ပြန်သော စာရင်းဇယားများအရ စီးပွားရေး ကျပ်တည်းလာမှု နှင့် ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံမှ နှစ်စဉ် လူပေါင်း ၄၀,၀၀၀ ခန့် ထွက်ခွာနေသည်ဟု ဖေါ်ပြထားသည်။

 

ယခုအခါ နယ်များရှိ အရွယ်ကောင်း လူငယ်မှန်သမျှ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွာနေကြ၍ လယ်လုပ်ရန် သူရင်းငှားပင် ရှာမရ ဖြစ်လာနေသည်။

 

ပြည်သူတို့၏ ခွင့်ပြုချက် တစက်ကလေးမျှ မရှိပဲ လက်နက်အားကိုး ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသူများ၏ စွမ်းဆောင်ရည်က အားလုံး မြင်တွေ့နေကြပြီး ဖြစ်သည်၊ ထိုသို့ စွမ်းဆောင်ရည် မရှိသည့်အပြင် တိုင်းပြည် ဘဏ္ဍာများကိုပင် အလွဲသုံးစား လုပ်နေကြသည်ကလည်း ဖုံးမရ ဖိမရ ဖြစ်လာခဲ့သည်။

 

၎င်းတို့သာ ဆက်၍ အုပ်ချုပ်သွားမည်ဆိုက သိတ်မကြာတော့သော အချိန်တွင် ဘင်္ဂလားဒေ့ရှ် နှင့် လာအို နယ်စပ်တွင် မြန်မာများ ယခုလို တန်းစီ နေကြရမည့် အဖြစ် နှင့် ကြုံရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

အချက်အလက် ကိုးကား - Frontier Myanmar