ဝူဟန် ဗိုင်းရပ်စ် ကြောင့် တရုတ် ပြည်တွင် ၁၇ ဦး သေဆုံး

by Hla Soewai - Jan 23 2020

တရားဝင် အခေါ် 2019-nCoV ဆိုတဲ့ ကော်ရိုနာ ဗိုင်းရပ်စ် ပိုး ကူးစက် ခံရခြင်းကြောင့် ဝူဟန် နှင့် အခြား မြို့များတွင် လူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ကြောင်း ဟူဘေး ပြည်နယ် အာဏာပိုင်တွေက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

 

ဝူဟန်သည် တရုတ်ပြည် အလယ်ပိုင်းရှိ စက်မှု နှင့် ကူးသန်း ရောင်းဝယ်ရေး အချက်အခြာ မြို့ကြီး ဖြစ်ပါတယ်။

 

မကြာမီ မှာ ကျရောက်လာမယ့် တရုတ် နှစ်သစ်ကူး ပွဲတော် အတွင်း အခြေအနေတွေ ပိုဆိုးလာနိုင်မယ့် အရေးကိုလည်း အာဏာပိုင်များက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ နှစ်သစ်ကူး ပွဲတော် အတွင်း ပြည်တွင်းပြည်ပ ခရီးသွားမယ့် လူ သန်း ၄၀၀ အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ယခုအချိန်အထိ  ပြည်ပနိုင်ငံများတွင် လူသေဆုံးမှု သတင်းများ မတွေ့ရှိရသေးပါဘူး။

 

၂၀၀၂-၀၃ အတွင်း ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၈၀၀ နီးပါး သေဆုံးသွားခဲ့ရတဲ့ SARS ရောဂါလို ပြင်းထန်တဲ့ လက္ခဏာတော့ မတွေ့ရသေးဖူးလို့  တရုတ် ရောဂါ ကာကွယ်ရေး နှင့် ထိမ်းချုပ်ရေး ဗြူရို က ဆိုပါတယ်။

 

သို့သော် အသက်ရှူ လမ်းကြောင်းမှ တဆင့် ကူးစက်နိုင်သောကြောင့် ပျံ့ပွားနိုင်မယ့် အန္တရာယ် တွေ ရှိနေတယ်လို့  တရုတ် ကျန်းမာရေး ဒုဝန်ကြီး လူဘေးက ဆိုပါတယ်။ တရုတ်နိုင်ငံ အတွင်းရှိ လေဆိပ်များ၊ ဘူတာရုံများ၊ ဆိပ်ကမ်းများ နှင့် ကားဂိတ်များတွင် ခန္ဓာကိုယ် အပူချိန်များကို တိုင်းတာ စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

 

2019-nCoV ကို တရုတ်ပြည် အလယ်ပိုင်း ဝူဟန် မြို့ကြီးတွင် ဒီဇင်ဘာ ၃၁ နေ့က စတင် တွေ့ရှိခဲ့ပြီး နောက်ပိုင်း အခြားမြို့ကြီးများသို့ ပျံ့နှံ့ လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးအား ဝူဟန် ရှိ ပင်လယ် အစားအစာ ရောင်းချတဲ့ ဈေးတန်းမှာ တောရိုင်း တရိစ္ဆာန် များက စတင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ် ဂျပန်၊ ထိုင်း၊ တောင်ကိုရီယား၊ အမေရိကန် နှင့် ဟောင်ကောင်တို့မှာ ကူးစက်မှုများကို သီးခြား ဖြစ်စဉ်များ အဖြစ် တွေ့ရှိရပါတယ်။ ရောဂါလက္ခဏာ များ အဖြစ် အဖျားတက်ခြင်း၊ ချောင်း ခြောက်ဆိုးခြင်း၊ အသက်ရှူ ကျပ်လာခြင်း၊ ဝမ်းလျောခြင်း နှင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း တို့ ဖြစ်ပါတယ်။

 

တရုတ် ရောဂါဗေဒ ပညာရှင်များကတော့ အဆိုပါ ရောဂါပိုးသည် လင်းနို့ မှ လာတာဖြစ်တယ်လို့ ပြောလို့ရပြီး  လင်းနို့ နှင့် လူသားများအကြား မိမိတို့ မသိနိုင်တဲ့ ကြားခံ တခုခု ရှိရမယ်လို့ လည်း ဆိုပါတယ်။

 

လော့စ်အိန်ဂျဲလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက် နှင့် ဟိသရိုး လေဆိပ်များတွင် ဝူဟန်မှ ရောက်ရှိလာသော ခရီးသည်များကို စတင် စစ်ဆေး နေပြီ လို့ သိရပါတယ်။ အာရှ နိုင်ငံများရှိ လေဆိပ်များတွင် တရုတ်ပြည်မှလာသော ခရီးသည်မှန်သမျှကို စီစစ် နေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီယားကတော့ တရုတ် ခရီးသွားများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာမှုကို ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

 

တရုတ် အာဏာပိုင်များမှ လူ ၄၄၄ ဦးအထိ ကူးစက်ခံရမှု ရှိတယ်လို့ နောက်ဆုံး အတည်ပြု ခဲ့ပေမယ့် ယခင်ကလည်း ဖုံးဖုံးဖိဖိ လုပ်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိတာမို့ တရုတ် နိုင်ငံသားတွေက ကြောက်လန့်တကြားနဲ့  မျက်နှာဖုံး စွပ်တွေ အလုအယက် ဝယ်ယူခဲ့ကြလို့ ဆိုင်တွေ မှာ ပြတ်လတ်ကုန်ပြီး မြို့လယ် လူစည်ကားရာ အရပ်တွေမှာ လူသူကင်းမဲ့နေတယ်လို့လည်း သတင်းများက ဆိုပါတယ်။

 

တကမ္ဘာလုံး သတိထားရမယ့် အရေးပေါ် ကူးစက် ရောဂါ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်သင့်မသင့် ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးက အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပနေပါတယ်။

 

မြန်မာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နိုင်ငံ၏ ဝင်ပေါက် ထွက်ပေါက်များ အားလုံး တွင် ကြပ်မပ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် အချက်အလက်များအား ဝန်ကြီးဌာန ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေါ်ပြထားတာ တွေ့ရှိရပါတယ်။