ကချင် မြေ နောက်တကြိမ် ကြေကွဲရပြန်ပြီ

by Hla Soewai - Oct 16 2023

အီးယူ အဖွဲ့ကြီး မှ ၎င်းတို့ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အကြား လူအခွင့်အရေး ဒိုင်ယာလော့ခ် သို့ အရပ်ဖက် လူ့အဖွဲ့အစည်း အသီးသီး မှ အပြင်းအထန် ကန့်ကွက်နေသည့် ကြားမှ အာဏာသိမ်း အဖွဲ့၏ ကိုယ်စားလှယ် ဖြစ်သူ ဘဲလ်ဂျီယံ နှင့် နယ်သာလန် သံအမတ် ဆိုသူ စိုးလင်းဟန် အား လူရာသွင်း ဖိတ်ကြားခဲ့စဉ်တွင် ကချင်ပြည်နယ်ရှိ စစ်‌ဘေးရှောင် စခန်း ပေါ်သို့ တနင်္လာနေ့ ည သန်းကောင် ခန့်တွင် လက်နက်ကြီးများ နှင့် ပစ်ခတ်လာခဲ့ပြီ ဖြစ်သည်။

 

အဆိုပါ စစ်ဘေးရှောင် ၅၀၀ ခန့် ခိုလှုံနေသော စခန်းသည် ကချင် လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ် ရှိရာ လိုင်ဇာ နှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည့် မုန်လိုင်ခတ် ကျေးရွာတွင် တည်ရှိသည်။

 

ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှူခဲ့သည့် ကချင် ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့မှ ခွန်ဂျာက ဆေးရုံ၏ အတည်ပြုချက်အား ကိုးကားပြီး ယခု အချိန်အထိ လူ ၂၉ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိထားသည်ဟု ရိုက်တာ သတင်းဌာနသို့ ပြောပြချက် အရ သိရသည်။ ထိခိုက်ဒဏ်ရာရသူ များ ထဲတွင် ကလေးငယ် အမြောက်အမြား ပါဝင်နေကြောင်း

ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှုးကြီး နော်ဘူးမှ အတည်ပြုခဲ့သည်။

 

အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်တွင် ယမမမင်း ၏ စေတမန်များ ခေါင်းပေါ် ပျဲဝဲလာသည်ကို မည်သူမျှ သတိမထားမိသဖြင့် ရှောင်တိမ်းချိန်ပင် မရပဲ တရွာလုံး နီးပါး ပျောက်ပျက် သွားခဲ့ရသည်ဟု သတင်းများက ဆိုသည်။

 

တကမ္ဘာလုံးက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြီး အပေါ် အာရုံစိုက်နေချိန်တွင် မြန်မာ စစ်တပ်သည် ၎င်း၏ ပြည်သူများ၊ အမျိုးသမီးများ နှင့် ကလေးများကို လက်လွတ်စပယ် စိတ်ထင်တိုင်း သတ်ဖြတ်နေကြသည်ဟု အရှေ့တီမော သမ္မတကြီး ရာမို့စ် ဟိုတာ မှ ဓါတ်ပုံ အထောက်အထားများ နှင့် သူ၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင် ရေးသား တင်ပြလာခဲ့သည်။

 

ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း ဖားကန့်နယ်မြေ အနမ်ပါရှိ ကေအိုင်အေ အခမ်းအနား ကျင်းပရာ နေရာသို့ အာဏာသိမ်း တပ်များက သူရဲဘော ကြောင်စွာ တိုက်ခိုက်ခဲ့သဖြင့် လူ ၆၀ ခန့် သေဆုံးသွားခဲ့ရပြီးလည်း ဖြစ်သည်။

 

ယခုအခါ အကြမ်းဖက် စစ်တပ်သည် ရှေ့လျောက် နိုင်ငံကို အစိုးရ ပုံစံမျိုးနှင့် ဆက်ပြီး အုပ်ချုပ်သွားရန် မစဉ်းစားနိုင်တော့ပဲ ရန်ကုန် နှင့် ဧရာဝတီတိုင်းမှ လွဲ၍ ကျန် တိုင်း နှင့် ပြည်နယ် ၁၂ ခု စလုံးအား ဗုံးကြဲ တိုက်ခိုက် နေကြရပြီ ဖြစ်သည်။

 

လက်ရှိ တိုက်ခိုက်မှု အပေါ် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ ‌ထိုဒေသတွင် မိမိတို့ စစ်ဆင်ရေး မရှိကြောင်း လက်နက်တိုက် ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟု ဘီဘီစီ သတင်းဌာနသို့ မျက်နှာပြောင်တိုက် လိမ်လည် ပြောဆိုသွားပြန်သည်။

 

ဒုက္ခသည် စခန်းအား တိုက်ခိုက်မှု သတင်းသည် ကမ္ဘာသတင်းစာမျက်နှာ တိုင်း လိုလိုတွင် ပါရှိလာပြီ ဖြစ်၍ ၎င်းတို့အား ထောက်ခံနေကြသူများ အဖို့ လွန်စွာ မှ ကသိကအောက်နှင့် အလကားနေရင်း သိက္ခာကျပြီးရင်း ကျနေရပြီလည်း ဖြစ်၍ ယခုလို လိမ်ညာနေရခြင်းပင် ဖြစ်သည်။

 

၎င်းတို့အား ထောက်ခံနေသည့် ပြည်တွင်းရှိ လူများသည် တိရိစ္ဆာန်သာသာ အတွေးအခေါ်များသာ ရှိ၍ ထိုသို့ လိမ်ညာပေးရန် ပင် မလိုပေ။

 

ယခု စစ်ကောင်စီမှ စနစ်တကျ အကွက်ချ တိုက်ခိုက်ခဲ့မှု အား တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ "အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်" ဟု ဆိုကာ တိုက်တွန်းလာပြီး ဗြိတိသျှ သံရုံး မှလည်း နိုင်ငံသားများအား တိုက်ခိုက်နေမှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိုသို့ တိုက်ခိုက်မှုအား ရှုတ်ချကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

ယခုအခါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ရှစ်နှစ်မြောက် အခမ်းအနားကို နေပြည်တော်တွင် အကြီးအကျယ် ပြုလုပ်ရန် ပြင်ဆင်လျက် ရှိနေသည်။ ထိုအခမ်းအနား မတိုင်မီ ၎င်းတို့အား ဆန့်ကျင်နေသည့် ကေအိုင်အေ အား နမူနာ ကြည့်ထားကြ ဆိုသည့် သဘောနှင့် တိုက်ပြ လိုက်ခြင်းဟု ယူဆ၍ ရနေပေသည်။ သို့သော်လည်း တော်လှန်ရေး ဖက်တွင် အခိုင်အမာ ရပ်တည်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စစ်တပ်၏ အသက်ငင်နေ၍ ရရာ ကောက်ရိုးမျဉ် ကို ဆွဲနေသည့် လုပ်ရပ် မျိုး ဖြစ်၍ မည်သူမှ အနားသို့ပင် သီကြလိမ့်မည် မဟုတ်ဟု ကေအင်ယူ အလုပ်အမှု ဆောင် အဖွဲ့ဝင် ဖဒိုစောတောနီးက မှတ်ချက်ပေးသွားခဲ့သည်။

 

ယခု အချိန်အထိ ထိုသို့ စိတ်ထင်တိုင်း ကျုးလွန်ကြသူများအား သတိပေးခြင်း မျိုးပင် ထွက်မလာကြပဲ "လွန်စွာ စိုးရိမ် မကင်း ဖြစ်ရကြောင်း" ဆိုသည့် စကားကိုသာ ကမ္ဘာတဝှမ်းရှိ နိုင်ငံရေး သမားများက အရှက်မရှိ ရေရွတ်နေကြဆဲပင် ဖြစ်သည်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း နိုင်ငံတကာ စင်မြင့်ပေါ်တွင် လက်နက်နှင့် လေယာဉ်ဆီများ မရောင်းချဖို့ ၊အာပေါက်မတတ် ပြောဆိုတင်ပြခဲ့ပြီးလည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ကချင်ပြည်သူများ ဖက်က အပြည့်အဝ ရပ်တည်ကြောင်း၊ ထိခိုက် သေဆုံးရသူ များ အတွက် တရားမျှတ မှု ရရှိအောင် မိမိတို့ အစွမ်းရှိသမျှ အတူတကွ ဆောင်ရွက်မည်ဟု ကတိပြုလာခဲ့သည်။

 

ကုလသမဂ္ဂသည် မြန်မာပြည်တွင် ဖြစ်ပျက်နေသည်များကို လက်ရှောင်နေပြီး အာဆီယံကိုသာ လွှဲချလျက် ရှိနေသည်၊ ကုလ ဌာနေ ကိုယ်စားလှယ် အသီးသီးသည်လည်း မင်းအောင်လှိုင် ထံ ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပြီး ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် နှစ်နှစ်ခွဲကျော် ကာလအတွင်း စစ်ရာဇဝတ်မှုများကို အတားအဆီး မရှိ ကျုးလွန်ခွင့် ရနေသည်ကို ကြည့်ခြင်းအားဖြင့် ကျွနုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် ယဉ်ကျေးမှု အရည်ခြုံထားသော ကြီးနိုင်ငယ်ညှင်း သမားများ ကြီးစိုး မင်းမူနေကြပြီလောဟု တွေးစရာ ဖြစ်လာရသည်။

 

ပြည်သူ တို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!