အစ္စရေး ထောက်လှမ်းရေး၏ ဘက်ပေါင်းစုံ မှ ပျက်ကွက်ခဲ့မှု

by Hla Soewai - Oct 16 2023

အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စလမ်မစ် ပါလက်စတိုင်း ဟားမာစ် အဖွဲ မှ အစ္စရေး လုံခြုံရေး စည်း အထပ်ထပ်အား အောင်မြင်စွာ ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် အစ္စရေး နိုင်ငံသား ၈၀၀ ခန့် သေဆုံးခဲ့ရသည်။

 

ထိုသို့ တိုက်ခိုက်နိုင်ရန် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး စစ်အင်အား တဖြေးဖြေး စုစည်း တည်ဆောက်လာမှု ကို အထက်မှ သည် အောက်ခြေ အဆင့်ဆင့်သော အစ္စရေး ထောက်လှမ်းရေး အဖွဲ့သည် စိုးစဉ်းမျှပင် ရိပ်စားမိခဲ့ခြင်း မရှိဆိုသည့် အချက်က ကြောက်မက်ဖွယ် ထွက်ပေါ်လာခဲ့ရသည်။

 

ထိုသို့ ပျက်ကွက်ခဲ့ခြင်းသည် ထောက်လှမ်းရေး သတင်းစုဆောင်းခြင်းနှင့် ရရှိလာသော သတင်းများကို ကောက်ချက်ချ၊ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခြင်း တို့နှင့် အဓိက သက်ဆိုင်နေပေသည်။

 

ပထမ အချက် အဖြစ် အစ္စရေး တို့သည် နယ်ခြားဒေသတွင် အီလက်ထရော်နစ် ဆင်ဆာများ နေရာမလပ် တပ်ဆင်ထားခြင်း၊ သတင်းထောက်လှမ်းရယူသည့် စနစ်ရှိနေခြင်း၊ လမ်းဟောင်း ဖြစ်သော မြေပြင်တွင် ထောက်လှမ်းရေး အေးဂျင့်များ ရှိနေခြင်း အစရှိသည် တို့ ရှိနေသော်လည်း မည်သို့မျှ တားဆီးနိုင်ခဲ့ခြင်း မရှိ ဖြစ်သွားခဲ့ရသည်။

 

အထူးသဖြင့် စစ်ထောက်လှမ်းရေး နှင့် ဂါဇာ နှင့် အနောက်ဖက် ကမ်းပါးကို တာဝန်ယူထားသည် ပြည်တွင်း လုံခြုံရေး အဖွဲ့ ရှင်းဘက် တို့တွင် အဓိက တာဝန်ရှိနေသည်။

 

ဒုတိယ အချက် အနေဖြင့် ၎င်းတို့ စုဆောင်းရရှိခဲ့သော သတင်းများကို ခွဲခြမ်းစိတ်ဖြာ စီစစ်ရေး တွင် တာဝန်ရှိသူများသည် ထိုသို့ တိုက်ခိုက်မှု ကြီး ဖြစ်လာတော့မည်ဟု မှန်ကန်စွာ မသုံးသပ် နိုင်ခဲ့မှုပင် ဖြစ်သည်။

 

ယင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က ယွန်ကစ်ပူး စစ်ပွဲကြီး ဖြင့် အီဂျစ် နှင့် ဆီရီးယား တပ်များ၏ အလစ်တိုက်ခိုက် ခံခဲ့ရမှု နှင့် ပုံသဏ္ဍန်ချင်း တူညီနေပေသည်။ ထိုစစ်ပွဲကြီး ဖြစ်လာမည်ကို အစ္စရေး ထောက်လှမ်းရေး နှင့် စစ်တပ်မှ ကြိုတင် ခန့်မှန်းနိုင်ခဲ့ခြင်း မရှိခဲ့ပြန်ပေ။

 

ပထမ အချက် ကို ဟာမားစ် တို့ ကျော်လွှားနိုင်ခဲ့ခြင်းသည် စစ်ဆင်ရေး သတင်း ကို တင်းကျပ်စွာ ထိန်းချုပ်ထားနိုင်ခဲ့မှု ကြောင့်ပင် ဖြစ်သည်။ ထိုစစ်ဆင်ရေး ကို ကြိုသိခဲ့သူများသည် ဟာမားစ်၏ အတွင်း စည်းဝိုင်းထဲမှ ဖြစ်ပြီး စစ်ဆင်ရေး အတွက် တာဝန် ရှိသူများသည် တယ်လီဖုန်း နှင့် အခြား ဆက်သွယ်ရေး စနစ်များကို အစ္စရေး တို့ ကြားဖြတ် နားထောင်မည် စိုး၍ လုံးဝ အသုံးမပြုပဲ ရှောင်ရှားခဲ့ကြသည်။ အောက်ခြေ စစ်သည်များကို လည်း စစ်ဆင်ရေး နှင့် ပတ်သက်ပြီး တလုံးတပါဒမျှ မဟခဲ့ပဲ နာရီ အနည်းငယ်မျှသာ ကြိုတင် အသိပေးပြီး နယ်ခြားတွင် စုရုံးခိုင်းခဲ့သည်။

 

ယခင်က ထိုသို့ လှုပ်ရှားလာမှု ကို အစ္စရေး တို့ ကြိုတင် ကာကွယ်နိုင်ခဲ့ကြသော်လည်း ယခုအခါတွင် နိုင်ငံ နယ်နမိတ်ထဲ ကီလိုမီတာ ၃၀ အထိ ထိုးဖေါက်နိုင်ခဲ့မှု ကို ဟာမားစ် တို့ ကိုယ်နှိုက်ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။

 

နယ်ခြားဒေသရှိ နေရာလပ်မကျန်အောင် တပ်ဆင်ထားသော ကင်မရာ နှင့် လူခန္တာကိုယ် အပူလှိုင်း ခြေရာခံ ဆင်ဆာ များကို စောင့်ကြည့်ရသည့် လူသစ်တန်း နှင့် အငယ်တန်း အရာရှိများသည် ၎င်းတို့ စကရင် ပေါ်တွင် လက်နက်ကိုင် လူအုပ်ကြီး ချည်းကပ်လာမှုကို ထူးဆန်းမှု အဖြစ် သဘောမထားခဲ့ကြသည်မှာလည်း အံ့ဩစရာဖြစ်နေသည်။

 

ဟာမားစ်တို့ ကြီးစိုးရာ ဂါဇာကမ်းမြှောင်ဒေသသည် အကျယ်အဝန်း အားဖြင့် စတုရန်း ကီလိုမီတာ ၃၆၀ သာရှိပြီး အရှေ့ပိုင်းရှိ အစ္စရေး နယ်ခြား နှင့် မြေထဲပင်လယ် ကမ်းရိုးတန်း နှင့် ဆိုက တဆယ် ကီလိုမီတာ သာ ဝေး၍ ဟာမားစ် တပ်ဖွဲ့ဝင် အချို့သည် အိမ်ထဲမှ လက်နက်စွဲ၍ ထွက်လာလို့ ရနေသည်။ နယ်ခြား တဝိုက်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ရှိနေ၍ ဘူဒိုဇာများ ရှိနေခြင်းကိုလည်း သံသယ မဖြစ်ခဲ့ကြပေ။ ထို့ပြင် ဟာမားစ်တို့သည် သယ်ယူ ပို့ဆောင်ရေး အတွက် အရပ်သုံး ပစ်ကပ် ထရပ်များကို သုံးခဲ့ကြသည်။

 

ဟာမားစ်တို့သည် စစ်ဆင်ရေး အတွက် အထူးအထွေ စီစဉ်ခြင်းမျိုး မရှိပဲ လုပ်ရိုးလုပ်စဉ် စာအုပ်ကြီး အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်သည်။ အစ္စရေး ကင်မရာများ နှင့် အခြား ဆက်သွယ်ရေး စနစ်များကို စနိုက်ပါသမားများက ပစ်ခတ် ဖျက်ဆီးပစ်ခဲ့ကြသည်။ အီလက်ထရောနစ် စစ်ဆင်ရေးကို လည်း အသုံးချခဲ့ကြသည်။ အစ္စရေး တပ်များ၏ တောင်ပိုင်းဒေသ ဂါဇာ ဌာနချုပ်အားလည်း သတင်းပေး တပ်လှန့်နိုင်ခြင်း မရှိအောင် ဆက်သွယ်ရေး စနစ်များကို jammer များ သုံး၍ ဟန့်တား နိုင်ခဲ့သည်။

 

ဘူဒိုဇာများ နှင့် နယ်ခြား အုတ်တံတိုင်းအား ဖြိုဖျက်ပြီး ပစ်ကပ် ထရပ်များ ဖြင့် မောင်းဝင်လာခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့အတွက် အကာအကွယ်ရရန် လုပ်ရိုးလုပ်စဉ် အတိုင်း ဒုံးကျည်များ အဆက်မပြတ် ပစ်ခတ် ပေးလာခဲ့သည်။ ထို့နောက်တွင် ဂလိုက်ဒါများ ဖြင့် ရောက်လာသူများ၊ ပင်လယ်ဖက်မှ လှည့်ဝင်လာသူများ နှင့် ပေါင်းစည်း နိုင်ခဲ့ကြသည်။

 

ထိုသို့ ဖြစ်ရမှု တွင် အဓိက တာဝန်ရှိနေမှုသည် အစ္စရေး အစိုးရ ထိတ်တန်း ပိုင်းတွင် နိုင်ငံရေး အရ သုံးသပ်မှု အကြီးအကျယ် မှားယွင်းခဲ့မှု ကြီးပင် ဖြစ်သည်။

 

၂၀၂၁ မေလ အတွင်း အစ္စရေး နှင့် ဟာမားစ်တို့ အကြား ၁၁ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့အပြီးတွင် အစ္စရေး ထောက်လှမ်းရေး အရာရှိများက ဟာမားစ်တို့ နောက်တကြိမ် ပြန်၍ ခေါင်းထောင်လာနိုင်ခြင်း မရှိတော့ပဲ ခေါင်းဆောင်ဖြစ်သူ ယီယာ ဆင်ဝါသည်လည်း စီးပွားရေးကို ပြန်လည် တည်ဆောက်ရန် အာရုံစိုက်နေသည်၊ ထို့အတွက် ဂါဇာအား ၂၀၀၇ ကတည်းက ပိတ်ဆို့ထားသော အီဂျစ် နှင့် အစ္စရေး တို့နှင့် အဆင်ပြေမှ ဖြစ်နိုင်မည်၊ သို့မှသာ ပါလက်စတိုင်း နေ့စား အလုပ်သမားများ၊ ကုန်သည်များ ဝင်ရောက်ခွင့်ရမည် ဆိုသည်ကိုလည်း သဘောပေါက်နေပြီဟု ပြီးခဲ့သည့် စနေနေ့ မနက် အထိ ယူဆထားကြသည်။

 

အစ္စရေး အစိုးရ ခေါင်းဆောင်ပိုင်းတွင်လည်း တာဝန် ရှိနေသည်၊ အစ္စရေး ဝန်ကြီးချုပ် နာသန်ယာအူးသည် သူ့ကိုယ်သူ အကြမ်းဖက်သမား များ နှင့် ပတ်သက်လျှင် ကျွမ်းကျင်သူ အဖြစ် ယူဆထားသူ ဖြစ်သည်။ သူသည်လည်း ထောက်လှမ်းရေး ဖက်တွင် ဂါဇာ အတွက် လိုအပ်သလောက် ငွေအား လူအား ချမပေးပဲ အီရန် နှင့် လက်ဘနွန်ရှိ ဟစ်ဘိုလာများကိုသာ အာရုံစိုက်နေခဲ့သည်။ ထို့ပြင် ၎င်း၏ ညွန်ပေါင်း အစိုးရ အဖွဲ့ဝင် လက်ယာ အစွန်းရောက် ပါတီများက လူနေအိမ်ခြေများ တိုး၍ ဆောက်လုပ်နေသော အနောက်ဖက်ကမ်းပါးကိုသာ အာရုံစိုက် ထောက်လှမ်းပေးရန် အမြဲလို တောင်းဆိုနေခဲ့ကြသည်။

 

အမေရိကန် နှင့် အစ္စရေး အရာရှိများကတော့ ယခုထိ အီရန် ၏ ခြေရာလက်ရာများ မ‌တွေ့ရသေးဟု ဆိုသည်။

 

လက်ရှိတွင် ဟာမားစ် ၏ အောင်မြင်သွားမှု နှင့် အစ္စရေး ထောက်လှမ်းရေး ကျရှူံးသွားမှု အား ကမ္ဘာတဝှမ်းရှိ လက်နက်ကိုင် တပ်ဖွဲ့များက သေချာ ကျနစွာ လေ့လာကြမည်လည်း ဖြစ်သည်။ ယခင်က ဆင်ဆာ များ နှင့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သော လက်နက်ကြီးများကြောင့် ရန်သူများ တပ်စုရုံးလာမှု ကို အလွယ်တကူ မြင်လွယ်ပြီး ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့အတွက်ကြောင့်လည်း ယူကရိန်းသည် တပ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်ခြင်းကို ရှောင်ရှားပြီး အုပ်စုငယ်များ ခွဲကာ ထိုးဖေါက်နေခြင်း ဖြစ်သည်။

 

ဟာမာစ် ၏ ထိုးစစ် အောင်မြင်သွားမှုသည် အချက် နှစ်ချက်ကို သက်သေပြနိုင်ခဲ့သည်၊ ပထမ အချက်သည် ကမ္ဘာတွင် နောက်ဆုံးပေါ် စောင့်ကြည့် ထောက်လှမ်းသည့် နည်းပညာများ ရှိနေသော်လည်း အလုံးအရင်းနှင့် ထိုးဖောက်နိုင်စွမ်း ရှိနေခြင်း၊ နောက်တချက်အဖြစ် ဟာမားစ်သည် သမာယိုးကျ အကြမ်းဖက် အုပ်စု သို့မဟုတ် စစ်တပ်ကြီးလို မရပ်တည်‌ တော့ပဲ ဟစ်ဘို လာ အဖွဲ့ကဲ့သို့ လူထု အကြား ကောင်းစွာ ရောနှောနိုင်သည် စွမ်းရည်မြင့် တိုက်ခိုက်ရေး တပ်ဖွဲ အသွင် လှုပ်ရှားနိုင်ခြင်း ဆိုသည်ပင် ဖြစ်သည်။

 

လက်ရှိ ဂါဇာ စစ်ပွဲကြီး အပြီးတွင်တော့ ဖြစ်ခဲ့သမျှ ကို တာဝန်ခံရမည့် သူများ ထွက်ပေါ် လာတော့မည် ဖြစ်သည်၊ ယွန်ကစ်ပူး စစ်ပွဲတွင် အငိုက်မိခံလိုက်ရ၍ ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ မစ္စက် ဂိုလ်ဒါ မေယာ နှုတ်ထွက်ပေးခဲ့ရသည့် အဖြစ်ကို အမှတ်ရ နေကြဦးမည်သာ ဖြစ်သည်။

 

၂၀၂၃ အောက်တိုဘာ ၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "Hamas’s attack was an Israeli intelligence failure on multiple fronts" အား ကိုးကား တင်ပြသည်။