ဓါးစန်းရီ

by Hla Soewai - Oct 16 2023

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် ယခုလို အချိန်တွင် ပုဇွန်တောင် အရက်ဆိုင်တခု တွင် အလုပ်လုပ်ကိုင်နေသော ဒေါ်စန်းရီ သည် ရန်ကုန် မြစ် ထဲတွင် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော မြောက်ကိုရီးယား အေးဂျင့် တဦး နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့နေပြီ ဖြစ်သည်။

 

အချိန်ကား ၁၉၈၃ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပြီး မြန်မာသို့ အလည်အပတ် ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် အား လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယား အေးဂျင့်များ ဖေါက်ခွဲလိုက်သော ဗုံး ပေါက်ကွဲမှုကြီးမှ ထွက်ပေါ်လာသော ကျယ်လောင်ပြင်းထန်လှသည့် အသံကြီးသည် ရန်ကုန်မြို့ ၏ နံနက်ခင်းကို ဖုံးလွှမ်းသွားခဲ့သည်။

 

ထိုပေါက်ကွဲသံကြီးသည် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် များ လဲလျှောင်းရာ ဗိမာန်ကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ထိတ်တန်း အရာရှိကြီး ၁၇ ဦး၊ မြန်မာဖက်မှ လေးဦး သေဆုံးသွားခဲ့သည်။

 

သမ္မတ ချန်ဒူးဝှမ် ကတော့ လမ်းခရီး တွင် ကြန့်ကြာနေ၍ အသက်ဘေးမှ လွတ်သွားခဲ့ရသည်။

 

လက်သည် တရားခံများက အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သော်လည်း ရန်ကုန်တမြို့လုံး ယောက်ယက်ခပ်ပြီး ကျန်ခဲ့တော့သည်။

 

ယခုအခါ အသက် ၈၇ နှစ် ရှိပြီ ဖြစ်သော ဒေါ်စန်းရီသည် ဆေးပေါ့လိပ်ကြီးကို ဖွာရှိုက်ရင်း ထိုနေ့က ကြုံတွေ့ခဲ့ရမှု များကို AFP သတင်းဌာနသို့ ယခုလို ပြောပြခဲ့သည်။

 

“နိုင်ငံခြားသားတွေ လက်ချက်ကြောင့် အာဇာနည်ဗိမာန် ဗုံးကွဲသွားတယ် ဆိုတဲ့ သတင်း ကျမ ကြားလိုက်ရတယ်”

 

ပုဇွန်တောင် မြစ်ကမ်းပါး ရှိ အရက်ဆိုင်ထဲရှိ သူမ၏ ဖောက်သည်များကလည်း ဒီထက်ပို၍ ပြောနိုင်သူ မရှိကြဟု ဆိုသည်။

 

“ဗုံးခွဲတဲ့လူတွေကို မိသွားပြီလား လို့ ကျမမေးတော့ မမိ‌သေးဘူး လို ပြောကြတယ်”

 

“ကျမ တို့ နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပြီး စိတ်ရင်း စေတနာ ကောင်းခဲ့တဲ့ အကျိုးကြောင့် နောက်ကျရင် မိမှာပါ လို့ ကျမ က ပြောရတယ်”

 

သို့သော် ထိုသို့ မိအောင် သူမကိုယ်တိုင် လုပ်ရလိမ့်မည် ကိုတော့ ဓါးစန်းရီ ခေါ် ဒေါ် စန်းရီ တယောက် ထိုအချိန်က နဲနဲမျှပင် ရိပ်စားမိခဲ့ခြင်း မရှိသေးပေ။

 

ဒေါ်စန်းရီ သည် အလုပ်ပြီး၍ အိမ်ပြန်လာချိန်တွင်တော့ အမှောင်ထုက ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ရန်ကုန် တမြို့လုံး ရင်တမမ နှင့် ဖြစ်နေကြပြီး ကျုးလွန်သူများကို မရမက ရှာဖွေနေကြပြီ ဖြစ်သည်။

 

အိမ်အပြန်လမ်းတွင် မြစ်ထဲမှ သူခိုးတယောက် ဟု အော်သံဟစ်သံများ ကြားလိုက်ရ၍ အပြေးအလွှား သွားကြည့်လိုက်ရာ မြစ်ကမ်းပါး တွင် လူတရာခန့် နီးပါး ဝိုင်းအုံ အော်ဟစ်နေကြသည်။

 

ဒေါ်စန်းရီသည် မြစ်ထဲက လူ ဘယ်သူ ဘယ်ဝါမှန်း မသိသေးသော်လည်း ထမိန်ကို ခါးတောင်းကျိုက်၍ မြစ်ထဲသို့ ဆင်းလာခဲ့သည်။

 

“သူက ခါးလည်လောက် ရေနက်တဲ့ နေရာမှ ရပ်နေတယ်၊ ကျမ က ဒီလာ၊ ဒီလာ” လို့ အော်ပြောလိုက်တယ်။

 

သူက ကျမကို စိုက်ကြည့်နေတယ်၊ ကျမ လည်း သူ ဗမာ စကား နားလည်ပုံမရဖူးလို့ ချက်ခြင်း သိလိုက်တယ်၊ ကျမလည်း အင်္ဂလိပ်တွေနဲ့ တွေ့ရင် နောက်သလို ပြောင်သလို ပြောခဲ့ဖူးတဲ့ အင်္ဂလိပ်စကား ကို သွားသတိရလိုက်တယ်”

 

“ဒါနဲ့... Are you my friend? လို့ မေးလိုက်တယ်”

 

လူတွေ အများကြီး အဝိုင်းခံနေရလို့ ဘာလုပ်ရမှန်း မသိဖြစ်နေချိန် ကျမ ရဲ့ စကားကို ကြားလိုက်တော့ “Yes, Yes! Are you Chinese” လို့ ပြန်ပြောတယ်”

 

ရေထဲက လူသည် သူမထံ လက်ကို ကမ်းပေးလာသည်။

 

ထိုအချိန်တွင် ရပ်ကြည့်နေသော လူအုပ်ကြီးထဲမှ လူ သုံးယောက်သည် ဒေါ်စန်းရီ အား ကူညီရန် ရေထဲ ဆင်းလာကြသည်။ ဤသည်ကို မြင်လိုက်၍ ထိုလူသည် ဒေါ်စန်းရီ အား တွန်းထုတ် ပြီး ဘောတံတား ရှိရာသို့ ထွက်ပြေးသွားသည်။

 

ထို့နောက် လက်ပစ်ဗုံးကို ဆွဲထုတ်ပြီး ပင် ဖြုတ်လိုက်သည်၊ သို့ သော် သူ့လက်ထဲတွင်ပင် ပေါက်ကွဲထွက်သွားသည်။

 

“သူ့ ဘယ်ဖက်လက် ပြုတ်ထွက်သွားပြီး၊ ညာဖက်လက်ချောင်း တွေ ပြတ်ထွက်ပြီး လက်မ ပဲ ကျန်ခဲ့တော့တယ်” ဟု ဒေါ်စန်းရီက ပြောပြခဲ့သည်။

 

“အဲ့ဒီနောက် သူလည် မြစ်ထဲကို ခုန်ဆင်းသွားလို့ ကျမလည်း နောက်က ဆင်းလိုက်သွားတယ်၊ ရေပေါ် ပြန်ပေါ်လာတဲ့ အချိန် မှ ကျမက သူ့လည်ပင်း ကို လက်သီးနဲ့ တချက် ထိုးထဲ့လိုက်တယ်”

 

ဒေါ်စန်းရီ နှင့် ရင်ဆိုင်တိုးခဲ့သူသည် သုံးဦးပါ မြောက်ကိုရီးယား ဖေါက်ခွဲရေး အဖွဲ့မှ တဦး ဖြစ်သူ ကင်ဂျင်ဆူး ပင် ဖြစ်သည်။

 

ဒေါ်စန်းရီ ကြောင့် အာဏာပိုင်များက သူ့အား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ စစ်ကြောမေးမြန်းသူများ အား ဝန်ခံခဲ့ခြင်း မရှိသော်လည်း ရုံးတင် စစ်ဆေးပြီးချိန်တွင် သေဒဏ် ချမှတ် ခဲ့သည်။

 

နောက်ထပ် တရားခံ နှစ်ဦး ဖြစ်သော ရှင်ကီ ချူး နှင့် ကင်မင်ချုး တို့အား ရန်ကုန် မြို့ပြင် တနေရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့သည်။

 

အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားပြီး ရှင်ကီချူး သေဆုံးသွားခဲ့ပြီး ကင်မင်ချူးအား လက်ရဖမ်းဆီး နိုင်ခဲ့သည်။ ၎င်းက ဝန်ခံခဲ့၍ တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။ သူသည် အကျဉ်းထောင်ထဲတွင် နှစ်ပေါင်း ၂၅ နှစ်ကြာ နေထိုင်သွားပြီး ကွယ်လွန်သွားခဲ့သည်။

 

စီအိုင်အေ ၏ အစီရင်ခံစာ တွင် အာဇာနည်ဗိမာန် ဗုံးခွဲမှု သည် ပြုံးယမ်း နှင့် ဆက်စပ်နေကြောင်း “အခိုင်အမာ ယုံကြည်ရလောက်သည့် သွယ်ဝိုက် သက်သေ အထောက်အထားများ” ရှိနေခဲ့သည်ဟု ဖေါ်ပြထားသည်။

 

ထိုသို့ မဖြစ်ပွားမီ နှစ်လ အလိုတွင် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် အာဇာနည် ဗိမာန်သို့ လာရောက် ပြီး လွမ်းသူ ပန်းခွေ ချသွားခဲ့၍ ၎င်းတို့ အဖို့ အနေအထားကို အသေအချာ လေ့လာပြီး စီစဉ် နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

 

ပြီးခဲ့သည့် နှစ်ပတ်အတွင်း မြောက်ကိုရီးယား ကုန်တင်သင်္ဘော တစီးသည် ရန်ကုန် ဆိပ်ကမ်းတွင် ကုန်ချ ခဲ့၍ ထိုအဖွဲ့ သည် မည်သို့ မည်ပုံ ဝင်ရောက်လာနိုင်သည် ဆိုသည်ကလည်း ကိုက်ညီမှု ရှိနေသည်ဟု ပါရှိသည်။

 

မြန်မာ တရားရုံးမှ ကိုရှီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အမိန့်ပေး ခိုင်းစေချက်အရ ဖေါက်ခွဲရေး သမားများက ကျုးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

 

ထို့နောက်တွင်တော့ မြန်မာ အစိုးရသည် ပြုံယမ်း နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်း နှစ် နှစ်ဆယ် အကြာတွင် သံတမန် ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ကြသည်။

 

မြောက်ကိုရီးယား အေးဂျင့်များသည် ၁၉၇၀ ခုနှစ်တွင် ဆိုးလ်ရှိ သင်္ချိုင်းတခုသို့ ရောက်ရှိလာသော ထိုစဉ်က သမ္မတ ဖြစ်သူ ပတ်ချုံဟီးအား ရေဒီယို အဝေးထိန်း စနစ် ဖြင့် ဖောက်ခွဲ၍ လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည်ဟု စီအိုင်အေ က ဆိုသည်။

 

နောက်ပိုင်းတွင် အစိုးရသည် ဒေါ်စန်းရီ နှင့် သုံးဦးအား ဂုဏ်ပြု အခမ်းအနား ပြုလုပ်ပေးခဲ့ပြီး အဝတ်အထည် နှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။

 

ထို့နောက်ပိုင်းတွင်တော့ မည်သူ တဦးတယောက်မျှ ပေါ်မလာကြတော့ပဲ ယခုအခါ သူမလက်ထဲတွင် မှေးမှိန် ဟောင်းနွမ်းနေပြီ ဖြစ်သော “ဂုဏ်ပြု မှတ်တမ်းလွှာ” စာရွက်ကလေးသာ ကျန်ခဲ့ပေတော့သည်။

 

သို့ သော် ဒေါ်စန်းရီသည် လူသိများ ထင်ရှားလာခဲ့ပြီး သူမအကြောင်း မှတ်တမ်းတင် ရုပ်ရှင်များ နှင့် မြန်မာ့ သတင်းမီဒီယာများ တွင် ဆောင်းပါးများ ပါရှိလာခဲ့သည်။

 

ယခုအခါ သူမသည် မိသားစု ဝင်များ မရှိတော့၍ တကိုယ်တည်း ဖြင့် အိမ်နီးချင်းများ၏ ပေးစာကမ်းစာ ဖြင့် ရပ်တည်နေရရှာသည်။

 

သို့သော် သူမ၏ မြစ်ထဲက စွန့်စားခဲ့မှု နှင့် ပတ်သက်ပြီး တခါဖူးမျှ နောင်တ ရခဲ့ခြင်း မရှိဟု ဆိုသည်။

 

“ကျမ နိုင်ငံအတွက် ကျမ ရအောင် ဖမ်းပေးခဲ့တာ။ တခါတုံးက ကျမတို့ ဗိုလ်ချုပ်လည်း လုပ်ကြံ ခံခဲ့ရတယ်၊ ယခု သူဂူကိုလည်း ထပ်ပြီး ဖျက်ဆီးပစ်ကြတယ်။ အဲ့တာကြောင့်လည်း ကျမ အမိဖမ်းနိုင်အောင် မြစ်ထဲ ဆင်းသွားခဲ့တာပဲ”

 

“ကျမတို့ နိုင်ငံကို ဒီလို လာစော်ကားတာ ခံနေလို့ မဖြစ်ဘူး” ဟု ဒေါ်စန်းရီ ခေါ် ဒါးစန်းရီ က ပြောပြခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!