ရုရှား နှင့် တရုတ် တို့ အရှေ့အလယ်ပိုင်း အရေး ‌အမြတ်ထုတ် ရန် ကြံစည်နေ

by Hla Soewai - Oct 18 2023

ပြီးခဲ့သည့် ၄၈ နာရီ အတွင်း သတိထားကြည့်မည် ဆိုလျှင် ရုရှားရုရှား နှင့် တရုတ် တို့ အရှေ့အလယ်ပိုင်း အရေး ‌အမြတ်ထုတ် ရန် ကြံစည်နေသည် လက်ရှိ ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း အကြပ်အတည်း အပေါ် သံတမန်ရေး ဖက်တွင် ပျားပန်း ခတ်မတတ် လှုပ်ရှားလာသည်ကို တွေ့ရမည် ဖြစ်သည်။

 

အောက်တိုဘာ ၁၆ ရက်နေ့တွင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် အစ္စရေး ဝန်ကြီးချုပ် နာသန်ယာအူး၊ အီဂျစ်၊ အီရန်၊ ဆီရီယား နှင့် ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ ခေါင်းဆောင်များနှင့် တယ်လီဖုန်း ဖြင့် ဆက်သွယ်စကား ပြောဆိုလာခဲ့သည်။

 

ပူတင်သည် အစ္စရေးတို့ ဖက်မှ သေဆုံးသွားသူများ အတွက် ဝမ်းနည်းကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သော်လည်း လက်သည် ဖြစ်သူ ဟားမားစ် အဖွဲ့ကိုတော့ ရှုတ်ချ ပြောဆိုသွားခြင်း မရှိပေ။ နှစ်ဖက် အပစ်အခတ် ရပ်စဲရန် တောငိးဆိုသွားပြီး လက်ရှိ ပေါ်ပေါက်လာသော ပဋိပက္ခ အတွက် အမေရိကန် အား အပြစ်ပုံချ သွားခဲ့သည်။

 

၎င်း၏ အပြောအဆိုကို ကြည့်၍ အချက် နှစ်ချက်ကို အတည်ပြု၍ ရသည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ ယခုလို ကောက်ချက်ချခဲ့သည်။

 

ပထမ အချက်သည် ရုရှား နှင့် အစ္စရေး အကြား ဆက်ဆံရေး အေးစက်လာနေမှု နှင့် အစ္စရေး-ဟားမားစ် ပဋိပက္ခ ကို အသုံးချ၍ အနောက်အုပ်စုကို အာရုံလွှဲနိုင်ရန် နှင့် ၎င်းတို့ အကြား သပ်လျို နိုင်ရန် ပင် ဖြစ်သည်။

 

ပူတင်၏ ထိုသို့ ကြိုးပမ်းနေမှု ကို ဘီဂျင်းကလည်း ‌ချီးကြူး ထောပနာ ပြုမည်သာ ဖြစ်သည်။ လက်ရှိတွင် ပူတင်သည် ရပ်ဝန်းနှင့် လမ်း စီမံချက် ဖိုရမ်အား တက်ရောက်ရန် ဘီဂျင်း တွင် ရောက်ရှိနေပြီး ရှီကျင့်ပင် နှင့် ‌တွေ့ဆုံရန် ရှိနေသည်။

 

ဂျိုးဘိုင်ဒင်သည် ယနေ့တွင် အစ္စရေးသို့ ရောက်လာဖို့ ရှိနေပြီး အစ္စရေး၏ စစ်ရေးအရ လက်တုန့်ပြန်မည့် အတိုင်းအတာ၊ ဂါဇာသို့ အကူအညီများ ရောက်ရှိ နိုင်ရေး၊ အီရန် နှင့် ၎င်း၏ ‌မွေးစားသား ဟစ်ဘိုလာတို့ ရန်ကို ဟန့်တားနိုင်ရေး တို့ နှင့် ပတ်သက်၍ စနည်းနာဖို့ ရှိနေသည်။

 

နာသန်ယာအူးသည် ပူတင်အား အမြဲလို "dear friend" ဟု ခေါ်ဝေါ် သုံးနှုန်းလေ့ရှိပြီး မကြာမီ နှစ်များ အတွင်းက မော်စကိုသို့ အကြိမ် တဒါဇင်ထက် မနည်း သွားရောက်ခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် အစ္စရေး တို့ ဟားမားစ် ၏ ‌တိုက်ခိုက်မှု ကို မရှုမလှ ခံလိုက်ရသော်လည်း dear friend ပူတင်သည် ကိုးရက်ခန့်ကြာ မှ ဖုန်းဆက်ဖို့ သတိရလာခြင်းသည် အတန်ငယ် အံ့ဩစရာ ဖြစ်နေရသည်။၎င်း၏ နိုင်ငံသား ၁၆ ဦး ခန့် သေဆုံးသွားပြီး ရှစ်ဦး ပျောက်ဆုံးနေမှု အပေါ်လည်း ဟားမားစ်တို့အား ပြစ်တင်ဝေဖန့်သည့် စကား တစုံတရာ ထွက်မလာခဲ့ပြန်ပေ။

 

နာသန်ယာအူးသည် လိုအပ်လျှင် လိုအပ်သလို ဆီရီယား အား လေကြောင်းမှ တိုက်ခိုက်နိုင်ရေး တွင် ရုရှားတို့ ဝင်မရှုပ်အောင် ပူတင် အား စည်းရုံးနေရသည်။ ယူကရိန်း အား ရုရှား ကျူးကျော်တိုက်ခိုက်ခဲ့မှု အား ရှုတ်ချရန် အတန်ကြာ နှောင့်နှေးခဲ့သူလည်း ဖြစ်၍ ပူတင်အား စိတ်ထဲက ညွတ်နေသူဟုပင် ယူဆခံခဲ့ရသည်။ ယူကရိန်းမှ လက်နက်များ ပေးပို့ရန် ‌ပန်ကြားခဲ့မှု ကိုလည်း လိုက်လျောခဲ့ခြင်း မရှိပေ။

 

အစ္စရေး နိုင်ငံသား ၁၅ ရာနှုန်းသည် ရုရှား စကား ပြောဆိုနေသူများ ဖြစ်နေပြန်သည်။ ၎င်းတို့သည် ယခင် ဆိုဗီယက် ခေတ်ကတည်းက အစ္စရေး သို့ ရွှေ့ပြောင်းလာခဲ့သူများ ဖြစ်သည်။ ပူတင်ကလည်း အစ္စရေး အား ဒေသတွင်း အင်အားကြီး နိုင်ငံ တနိုင်ငံ အဖြစိ တ‌လေးတစား ဆက်ဆံခဲ့သည်။

 

သို့သော် ပါလက်စတိုင်းတို့၏ အမျိူသားရေး ဝါဒ အပေါ် ဆိုဗီယက် ခေတ်ကတည်းက ထောက်ခံနေမှု မှ မည်သည့် အခါမျှ ယိမ်းယိုင်သွားခဲ့ခြင်းမျိူးတော့ မရှိပေ။ အစ္စရေး နှင့် ဆီရီယား တခုခု ရွေးရစတမ်း ဆိုလျှင်တော့ ဆီရီယား ဖက်ကို အလေးသာမည်သာ ဖြစ်သည်။

 

ယခုအချိန်အထိတော့ အစ္စရေး အား တိုက်ခိုက်ခဲ့မှု တွင် ဟားမားစ်တို့အား ရုရှားဖက်မှ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ကူညီခံ့သည့် အထောက်အထားများ မတွေ့ရသေးပေ။ သို့သော် ဟားမားစ် တို့ ဂါဇာ တွင် အာဏာရလာချိန်မှစ၍ တနေ့တွင် အသုံးဝင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့်တရင်းတနှီး ဆက်ဆံလာခဲ့သည်။

 

၂၀၁၄ ခုနှစ်အတွင်း အစ္စရေး တို့ ဂါဇာသို့ ဝင်ရောက်လာချိန်တွင် အီရန်တို့ ထံမှ ရရှိထားသည့် ရုရှား လုပ် တင့်ကားဖျက် ဒုံးကျည် အမြောက်အမြားကို တွေ့ရှိခဲ့ကြသည်။

 

ရုရှားသည် အီရန် နှင့် ဆက်ဆံရေး ကောင်းမွန်နေမှု သည်လည်း ကာလကြာမြင့်စွာ ကတည်းက အစ္စရေး တို့ မျက်စိစပါးမွှေး စူးစရာ ဖြစ်နေခဲ့သည်။ ရုရှားသည် ဒရုန်းများ ရရန် အီရန်ထံမှ အကူအညီ တောင်းခဲ့သည်။ ယခုအခါ အီရန် အကူအညီဖြင့် ရုရှားတို့ ကိုယ်ပိုင် ဒရုန်းများ ပြုလုပ်နေပြီ ဖြစ်သည်။ အပြန်အလှန် အနေဖြင့် ရုရှားသည် အီရန်အား ရဟတ်ယာဉ်များ နှင့် လေကြောင်းကာကွယ်ရေး စနစ်များ ‌ပံ့ပိုးပေးခဲ့သည်။ ထိုလက်နက်များသည် အစ္စရေး နှင့် စစ်ဖြစ်လာလျှင် အီရန် အတွက် လွန်စွာ အသုံးတည်မည်လည်း ဖြစ်သည်။

 

အစ္စရေး ၏ ဟားမားစ် အပေါ် လက်တုံ့ပြန်မှု ကြောင့် ပဋိပက္ခသည် အာရပ်ကမ္ဘာသို့ ကူးစက်ပျံ့နှံ့သွားသည် အထိ ဖြစ်လာမည်ကို ပူတင်သည် စိုးရိမ်မကင်း ဖြစ်မည့် အနေအထားမျိုး မတွေ့ရပေ။

 

ဟားမားစ်တို့သည် အနောက်အုပ်စုမှ ယူကရိန်းအပေါ် အာရုံစိုက်နေမှု ကို လမ်းလွှဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။

 

ဂျိုးဘိုင်ဒင်သည် ယူကရိန်းအား ထပ်မံ အကူအညီ ပေးရေးအား ကွန်ဂရက်၏ အတည်ပြုချက် ရရေး အတွက် အစ္စရေး အား အကူအညီ ပေးရန် နှင့် တွဲပြီး တင်ပြလာခဲ့ပြီ ဖြစ်သည်။

 

အရှေ့အလယ်ပိုင်းတွင် စစ်မီးကြီး ကူးစက်တောက်လောင်လာမည် ဆိုလျှင် ယူကရိန်းသို့ ပေးသည့် လက်နက် အကူအညီများ သေချာပေါက် လျော့ကျသွားမည်သာ ဖြစ်သည်။

 

ထို့အတွက် စစ်ပွဲကြီး လက်ရှိ အနေအထားထက် ကျယ်ပြန့်မသွားရေးကို အမေရိကန်သည် အပြင်းအထန် လုံးပမ်းနေသည့် လက္ခဏာ အဖြစ် ဒေသတွင်းသို့ လေယာဉ်တင် သင်္ဘောကြီး နှစ်စင်း စေလွှတ်လာသည့်အပြင် နိုင်ငံခြားရေး ဝန်ကြီး ပင် ပေါက်ချ လာခဲ့သည်။ အထူးသဖြင့် အစ္စရေးသို့ ‌ဒုံးကျည် ၁၅၀,၀၀၀ ခန့် ချိန်ရွယ်ထားသည့် လက်ဘနွန် တောင်ပိုင်းရှိ ဟစ်ဘိုလာ တို့ ဝင်ပါမလာရန် အမေရိကန် တို့ ဟန့်တားသွားနိုင်ဖို့ ရည်ရွယ်ထားသည်။

 

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကျဆင်းနေသော ရေနံဈေးနှုန်းများ ပြန်၍ မြင့်တက်လာနိုင်သဖြင့် ရုရှား နှင့် အီရန်တို့ အကျိုးများဖို့ ရှိနေသည်။ ပူတင် အတွက်လည်း ယူကရိန်း စစ်ပွဲအတွက် ငွေကြေးအရ မြိုးမြိုးမျက်မျက် သုံးနိုင်တော့မည် ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အမေရိကန် တို့ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖန်တီးနိုင်ပြန်သည်။ လက်ရှိတွင် ဟားမားစ်တို့ကြောင့် အစ္စရေး နှင့် ဆော်ဒီအာရေးဗီယား အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ချုပ်ဆိုနိုင်ရန် ‌ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော အကြောင်းများကြောင့် တရုတ်သည်လည်း အစ္စရေး တို့ ကျေနပ်ရာ ကျေနပ်ကြောင်း ဖြစ်ရန် ဟားမားစ်တို့အား ရှုတ်ချပေးခဲ့ခြင်းမျိုးပင် မရှိခဲ့ပေ။ စိုးရိမ်မကင်း ဖြစ်ကြောင်းလောက်သာ ထုတ်ဖေါ် ပြောဆိုခဲ့သည်။ လက်ရှိ အစ္စရေး တို့ စစ်ပြင်ဆင်နေမှု နှင့် အမေရိကန် လေယာဉ်တင် သင်္ဘောများ ဝင်ရောက်လာနေမှု ကို ယှဉ်တွဲ ပြောဆိုခြင်းဖြင့် ဖြစ်ပွားလာမည့် စစ်ပွဲကို အမေရိကန် တို့ ဦးဆောင် လာနေသယောင် တရုတ် သတင်းဌာနများက ပြောဆိုနေကြသည်။

 

ရုရှားကဲ့သို့ပင် တရုတ်သည် အရှေ့အလယ်ပိုင်းစစ်နွံအိုင် ကြီး အတွင်း အမေရိကန်တို့ ရုန်းမထွက် နိုင်အောင် ဖြစ်လာမည့် အရေးကို ကြီတ်ပြီး ဆုတောင်းနေပြီ ဖြစ်သည်။

 

(၂၀၂၃ ‌အောက်တိုဘာ ၁၇ အီကော်နော်မစ် မဂ္ဂဇင်းပါ "Putin’s plan to profit from the Israel-Hamas war" ဆောင်းပါးကို ကိုးကားသည်)

 

ဓါတ်ပုံ - The Guardian (UK)