ဒီတကြိမ် မင်းအောင်လှိုင် အကြီးအကျယ် အရှက်ကွဲပြီ

by Hla Soewai - Oct 18 2023

တရုတ် သမ္မတ ရှီကျင့်ပင်သည် ရပ်ဝန်း နှင့် လမ်း စီမံကိန်း ထိပ်သီး အစည်းအဝေး တက်ရောက်လာသည့် ရုရှား သမ္မတ ပူတင် မှသည် ထိုင်းဝန်ကြီးချုပ် ဆရက်တာ သာဗီဆင် အထိ အာရှ၊ အာဖရိက၊ လက်တင်အမေရိကား နှင့် ဥရောပ နိုင်ငံ အချို့မှ ခေါင်းဆောင်များ အားလုံးနီးပါးကို ကော်ဇော်နီ ခင်း၍ ကြိုဆို နေကြချိန် တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဖို့ ရုပ်မြင်သံကြား ရှေ့တွင် ငုတ်တုတ် ထိုင်၍ တက်ရမည့် အခြေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

 

ရပ်ဝန်း နှင့် လမ်း စီမံကိန်း တွင် မြန်မာသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသော်လည်း ၎င်းအား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားသည့် စာရင်းမှ တရုတ်က ချန်လှပ်ထားလိုက်ပြီ ဖြစ်သည်။

 

အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များ တွင် ကျင်းပမည့် အဆိုပါ ဖိုရမ်ကြီးအား ၎င်းတို့၏ ခေါင်းဆောင်ကြီး တက်ရောက်ခွင့် ရရေး အတွက် စစ်ကောင်စီ နှင့် နိုင်ငံခြားရေး ဌာန တို့မှ တရုတ်ထံ အကြိမ်ကြိမ် သွားကာ လော်ဘီ လုပ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် တက်ရောက်ခွင့် မရ ဖြစ်သွားရှာပေသည်။

 

တာလီဘန် ခေါင်းဆောင်ပင် ဖိတ်ကြားခဲ့သော ဖိုရမ်ကြီးသို့ မိမိတို့ ၏ ကြီးမြတ်လှပါသည် ဆိုသော ခေါင်းဆောင်ကြီးအား အဘယ်အတွက်ကြောင့်များ ချန်လှပ်ထားခဲ့ရသနည်း ငါ့ရှင်တို့ ဟု မေးခွန်းထုတ်ရမလိုပင် ဖြစ်နေသည်။

 

၎င်းတို့ မှ မဟာမိတ် ကြီး အဖြစ် သတ်မှတ်ထားသော တရုတ်ပြည်မှ ယခုလို ပြုမူလိုက်သည့် အတွက် ပြည်ပ မှ တရားဝင် အစိုးရ အသိအမှတ် ပြု ဆက်ဆံနေပါသည် ဆိုသော အဖြစ်ကို အသည်းအသန် လိုချင်နေသော မင်းအောင်လှိုင် အတွက် အကြီးအကျယ် အရှိုက် ထိုးနှက်ခံလိုက်ရခြင်းလည်း ဖြစ်သည်။

 

၎င်းအစား တရုတ်မှ ကျောသပ်ရင်သပ် နှစ်သိမ့်သည့် အနေဖြင့် လက်ထောက် ဖြစ်သူ မြထွန်းဦးသာ တက်ရောက်ခွင့် ပေးခဲ့သည်။ မြထွန်းဦးသည် စက်တင်လာ လ အတွင်း တရုတ်ပြည် သို့ သွားပြီး ရပ်ဝန်း နှင့် လမ်း စီမံကိန်း ၏ အရေးကြီးသော အစိတ်အပိုင်း တခု ဖြစ်သည့် ယူနန် နှင့် ကျောက်ဖြူ သို့ မီးရထားလမ်း ဖေါက်လုပ်မည့် စီမံကိန်း အား အမြန် အကောင်အထည် ဖေါ်ရန်ပင် မက်လုံး ပေးလာသည့် အထိ မြူဆွယ် ခဲ့ရှာသည်။

 

သို့သော် တရုတ်သည် ကမ္ဘာအလယ်တွင် တာဝန်သိ၊ တာဝန်ယူတတ်သည့် ခေါင်းဆောင် ကြီး အဖြစ် အာရှ-အာဖရိက နိုင်ငံ များ မှ ယူဆလာရန် ကြိုးပမ်းမှု တစိတ်တဒေသ အဖြစ် ထိုကဲ့သို့ ပြည်သူ များကို မဲမဲမြင်ရာ လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်ရန် စေစားနေသည့် ပုဂ္ဂိုလ်အား အစည်းအဝေးသို့ မည်သို့မျှ ဖိတ်ကြားရန် မသင့်ဟု ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

 

ရပ်ဝန်း နှင့် လမ်း စီမံချက် စတင်သည့် ဆယ်နှစ်မြောက် ဖိုရမ်သို့ နိုင်ငံပေါင်း ၁၃၀ နီးပါး မှ တက်ရောက်ကြမည် ဖြစ်ပြီး တရုတ်အတွက် ကမ္ဘာအင်အားကြီး နိုင်ငံ တနိုင်ငံ အဖြစ် ကပြ မည့် အခမ်းအနားလည်း ဖြစ်၍ အလွန်အရေးကြီးနေ၍ သိုးမည်း တကောင်အား ဖယ်ထုတ်လိုက်ခြင်းလည်း ဖြစ်ပေသည်။

 

အဓိက အချက် အဖြစ် အာဆီယံ အဖွဲ့ဝင်များ၏ အချက် ငါးချက် ပါ ဆုံးဖြတ် ချက် အား မလိုက်နာသည့် အတွက် ၎င်းတို့ ထိပ်သီး အစည်းအဝေးသို့ပင် ဖိတ်ကြားခြင်း မရှိသူ ကို အာဆီယံ အား ထောက်ခံနေသည့် တရုတ် အဖို့ မည်သို့မျှ မလွန်ဆန် ရဲအောင် ဖြစ်သွားခဲ့ရသည်။

 

မြထွန်းဦးသည် ယခုအခါ နိုင်ငံတကာ စင်မြင့်တွင် နာမည် ထွက်လာနေပြီ ဖြစ်ပြီး တရုတ်မှ ၎င်းအား နာမည် ပျက်နေပြီ ဖြစ်သော မင်းအောင်လှိုင် အစား စစ်ခေါင်းဆောင် အဖြစ် ရွေးချယ် ချင်ပုံ ရှိနေသည်ဟု ယူဆရသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ဗိုလ်သန်းရွှေ နှင့် သွားတွေ့ပြီး ၎င်းအား ထိန်းထိန်း သိမ်းသိမ်း လုပ်ပေးရန် ပြောခဲ့ဖူးသည်။

 

ထိုအစည်းအဝေးသို့ ဖိတ်ကြားခဲ့မည် ဆိုလျှင် တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ကြီး ရှီကျင့်ပင်သည် မင်းအောင်လှိုင် နှင့် လက်ဆွဲ နှုတ် ဆက်ရတော့မည် ဖြစ်ပြီး စစ်ကောင်စီ ၏ ဝါဒ ဖြန့် စက်ယန္တရား ကြီး အား မသိလိုက် မသိဖာသာ နေမည် မဟုတ်ပဲ တဂျုန်းဂျုန်း ဖြင့် လည်ပတ်ကာ အကြီးအကျယ် ဝါဒ ဖြန့်ကြတော့မည့် အရေးကို ထိတ်လန့်နေရှာသော ကြောင့်လည်း ဖြစ်ပေမည်။

 

ပူတင်သည် မည်သည့် ဝါဒမှ ကိုင်စွဲထားခြင်း မရှိပဲ ဇာဘုရင် ခေတ် ရုရှားတို့ တန်ခိုး ထွားခဲ့သည့်အဖြစ်ကို ပြန်ရရန်၊ အမေရိကန်တို့ မှ ကြောက်ရွံ့ခဲ့ရသည့် ဆိုဗီယက် ခေတ် မျိုး တမ်းတနေသူဖြစ်၍ သူ့အနေနှင့် လုပ်ရဲသော်လည်း ကျောမွဲ အလုပ်သမား၊ လယ်သမား တို့ ဖက်မှ မားမားမတ်မတ် ရပ်တည်နေသည် ဆိုသော တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး အဖို့ မဝံ့မရဲ ဖြစ်ရှာသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင်သည် ရုပ်မြင်သံကြား ရှေ့တွင်သာ ထိုအစည်းအဝေးကို ငုတ်တုတ် ထိုင်ကြည့်ခွင့် ရသွားသည့် အဖြစ် သည် မြန်မာ ပြည်သူများ အတွက် အောင်ပွဲကြီး ဖြစ်သွားခဲ့ပေပြီ။

 

သို့သော် တရုတ် သမ္မတ ကဲ့သို့ ပင် သဘော မထားနိုင်ပဲ မိမိတို့ ရရှိနေသော မဆိုသလောက် သော အရိုးအရွင်းသာသာ ရှိနေသည့် အခွင့်အရေးများကို မက်မောစွာ ဖြင့် NCA နှစ်ပတ်လည် အစည်းအဝေး သို့ သွားတက်ခဲ့ရှာသည့် ABSDF မှ ဒုဥက္ကဌ မျိုးဝင်း နှင့် အပေါင်းအပါ နှစ်ဦး အား လုပ်ငန်း တာဝန်များမှ ရပ်ဆိုင်းလိုက်ပြီး အဖွဲ့၏ မူဝါဒ သဘောထား များ ကို ဆန့်ကျင် လုပ်ဆောင်မသွားရန် ABSDF အဖွဲ့မှ ကျေညာချက် ထုတ်ပြန်လိုက်သည်။

 

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF မှ NCA သည် ၎င်းတို့အတွက် ပျက်ပြယ်သွားပြီ ဖြစ်၍ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် မလိုတော့ဟု ကရင်အမျိုးသား သမဂ္ဂ၊ ချင်း အမျိုးသား တပ်ဦးတို့ နှင့် အတူ လူသိရှင်ကြား ကျေညာထားခဲ့ပြီး ဖြစ်ပါလျှက် ၎င်းတို့ အဖွဲ့မှ ပုဂ္ဂိုလ် သုံးဦး အစည်းအဝေး ခမ်းမထဲ ရောက်ရှိနေ၍ အဖွဲ့မှ ယခုလို ပြတ်သားစွာ အရေးယူလိုက်ခြင်းလည်း ဖြစ်ပုံရသည်။

 

ပုံတွင် ကမ္ဘောဒီယား ဝန်ကြီးချုပ် ဇနီးမောင်နှံ နှင့် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ တို့ ဇနီးမောင်နှံ တို့ ဘီဂျင်း လေဆိပ်သို့ ပျော်ရွှင်စွာ ရောက်ရှိလာကြသည်ကို တွေ့နိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!