ဥရောပ အမှိုက်များ မြန်မာပြည် ရောက်ပြီ

by Hla Soewai - Oct 18 2023

ရန်ကုန်ရှိ အလုပ်သမား လူတန်းစားများ နေထိုင်ရာ ရွှေပြည်သာ မြို့ တွင် တမီတာ ခန့် မြင့်သော ပလပ်စတစ် အမှိုက်ပုံကြီး ပေါ်ထွက်လာသည် ကို စုံစမ်းစစ်ဆေးရာမှ အနောက်နိုင်ငံများ မှ အမှိုက်များ ဖြစ်နေသည်။

 

ယခင်က ဘော်လုံးကွင်းသည် ယခုအခါ အနောက်နိုင်ငံမှ လာရောက်စွန့်ပြစ်သော အမှိုက်များ နှင့် ပြည့်နှက်နေပြီး မိုးရာသီ အတွင်း ရေများ ပိတ်ဆို့နိုင်ခြင်း နှင့် မီး အန္တရာယ်နှင့် လည်း ကြုံတွေ့နိုင်ဖွယ် ရှိနေသည်။ အချို့နေရာများ တွင် အမှိုက်များအား ဖွဲကြမ်းများ၊ သဲများ နှင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။

 

တကမ္ဘာလုံး၏ ပလပ်စတစ် စွန့်ပစ် ပစ္စည်းများ သည် တနှစ်လျှင် တန်ချိန် သန်းပေါင်း ၄၆၀ ခန့် ရှိလာနေသည်။

 

ယခုအခါ ပြည်သူများသည် ၎င်းတို့ ပတ်ဝန်းကျင်တွင် အမှိုက်များ စုပုံလာနေခြင်းကိုပင် ကန့်ကွက် ပြောဆိုရဲကြခြင်း မရှိပဲ ထိုအမှိုက်များကြောင့် အနံအသက် ဆိုး များ ရှုရှိုက်နေရသည့် အဖြစ် ကြောင့် ရေရှည်တွင် ကျန်းမာရေး ထိခိုက်လာနိုင်သည့် အဖြစ် နှင့် ကန်ဇွန်းရွက် ခူးစားခွင့် မရတော့သည့် အဖြစ်ကိုပင် လာရောက် မေးမြန်းသည့် AFP သတင်းထောက်အား တိုးတိုးတိတ်တိတ် ပြောဆိုငြည်းတွားသွားခဲ့ရှာသည်။

 

Lighthouse Reports နှင့် ပါတနာ အဖွဲ့ ၆ ဖွဲ့မှ စုံစမ်းစစ်ဆေးချက်တွင် အမှိုက်များသည် မြန်မာပြည်ထဲမှ ထွက်ရှိလာခြင်း မဟုတ်ပဲ ထိုအထဲမှ အချို့သည် ဂျာမဏီ၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ပိုလန် ကဲ့သို့သော အ‌နောက်နိုင်ငံများ မှ ဖြစ်နေသည်။

 

ထိုအမှိုက်များ မြန်မာပြည်ထဲသို့ မည်သို့ မည်ပုံ ရောက်ရှိလာသည်နှင့် မည်မျှ အတိုင်းအတာ အထိ ဝင်‌ရောက်နေသည်ကိုမူ သဲသဲကွဲကွဲ မသိရ‌သေးဟု ဆိုသည်။ စုံစမ်းစစ်ဆေးသူများမှ ထိုင်း နိုင်ငံ မှ တဆင် တရားမဝင် ဝင်ရောက်လာဖွယ် ရှိနေသည်ဟု သံသယ ရှိနေကြသည်။

 

သို့သော် ကုလသမဂ္ဂ ၏ ကုန်သွယ် ကူးသန်းမှု ဆိုင်ရာ အချက်အလက်များအရ ၂၀၂၁ တွင် ထိုင်း နိုင်ငံမှ တန်ချိန် ၇,၅၀၀ ဝင်ရောက်လာခဲ့သည်ဟု ဖေါ်ပြထားသည်။ နယ်နမိတ်ခြင်း ရှည်လျားစွာ ထိစပ်နေပြီး အကျင့်ပျက် ခြစားမှူ များ ကြောင့် မည်သူမျှ ထိထိရောက်ရောက် စစ်ဆေးပုံမရှိဟု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

မြန်မာ တွင် စွန့်ပစ် ပလပ်စတစ် ပစ္စည်းများ သည် သန့်ရှင်းပြီး ပစ္စည်း အသစ် တမျိုး ပြန်လည် အသုံးပြုနိုင် ခြေ ရှိမှသာ တင်သွင်းခွင့် ပြုမည် ဆိုသော ဥပဒေ အား ပြည်သူ့အစိုးရမှ ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်။

 

ပိုင်ရှင် ဖြစ်ဟန် ရှိသော အနောက်တိုင်းမှ ကုမ္ပဏီများအား မေးမြန်းခဲ့ရာ မည်သူမျှ အကြောင်းမပြန် ကြ သဖြင့် ထိုကုမ္ပဏီများသည် ယခုအခါ လူမြင်ကွင်းတွင် စွန့်ပစ်နိုင်သည့် “License to Hide” လက်မှတ် ရရှိထားကြပြီ ဖြစ်သည်ဟု ဆိုသည်။

 

ယခင်က တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင် တို့မှ နိုင်ငံခြားငွေ ရရှိရေး အတွက် အနောက်တိုင်းမှ ကွန်တိန်နာ သင်္ဘောကြီးများ ဖြင့် သယ်ယူ လာသည့် အမှိုက်များကို လက်ခံခဲ့ကြဖူးသည့် အစဉ်အလာ ရှိခဲ့သည်။ သို့သော် တရုတ်သည် ၂၀၁၈ နောက်ပိုင်း ထိုသို့ လာရောက်စွန့်ပစ်ခြင်းကို လက်မခံတော့ဟု သိရသည်။

 

ဇူလိုင်လ အတွင်း စစ်အာဏာသိမ်း အဖွဲ့မှ ထိုင်းနိုင်ငံမှ ထုတ်ပြန်သော မြန်မာသို့ တင်ပို့သော ကုန်စည် တန်ဖိုး နှင့် မြန်မာမှ ထုတ်ပြန်သော ထိုင်း နိုင်ငံမှ တင်သွင်းမှု ပမာဏ သည် ဒေါ်လာ ၁.၆၄ ဘီလီယံ ခန့် ကွာဟနေသည်ဟု ဖေါ်ပြထားသည်။ ထိုသို့ အကြီးအကျယ် ကွာဟနေမှုသည် တရားမဝင် ကုန်သွယ်ရေး ကြောင့် ဖြစ်သည်ဟု လည်း ပြောကြောင်း AFP သတင်းတွင် ဖေါ်ပြထားသည်။

 

အနောက်နိုင်ငံများသည် မြန်မာတွင် လူ့အခွင့် အရေး ချိုးဖောက် ခံနေရယုံမက သုံညသာသာ အဖြစ် ရောက်ရှိနေမှု နှင့် နေ့တဒူဝ သတ်ဖြတ်ခံနေရသည့် အဖြစ်ကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာကြံရန် စဉ်းစားကြခြင်း မရှိပဲ ယခုအခါ အန္တရာယ်ရှိသော အမှိုက်များပင် လာရောက် စွန့်ပစ်နေကြပြန်သည်။ ထိုစွန့်ပစ် ပစ္စည်းများထဲတွင် လူ့အသက်အန္တရာယ် ပေးနိုင်သည့် ဓါတုပစ္စည်းများ ပါမလာဟု မည်သူက အာမခံနိုင်ကြပေမည်နည်း။

 

မြန်မာ အကျပ်အတည်းအား ၎င်းတို့ သုံးစွဲနေကျ “ရှုတ်ချကြောင်း၊ စိုးရိမ်မကင်း ဖြစ်ကြောင်း၊ ရပ်တန်းက ရပ်ပါ” ဆိုသော စကားလုံးများသာ ရေလဲသုံးစွဲ နေကြဆဲ ဖြစ်သည်။ စီးပွားရေး ပိတ်ဆို့ မှု သည်ကလည်း ရသေ့စိတ်ဖြေ ပုံစံမျိုး နှင့် ပြုလုပ်နေခြင်း ဖြစ်ပြီး တကယ်ထိရောက်မှု ရှိနိုင်မည့် နေရာများကိုမူ ၎င်းတို့ အကျိုးစီးပွား အတွက် ကွက်၍ ချန်လှပ်ထားဆဲပင် ဖြစ်သည်။

 

ရခိုင် အရေး တွင် စစ်တပ်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ကဲ့သို့ အရည်မရ အဖတ်မရ စကားလုံးများ ဖြင့် ရှုတ်ချခဲ့ခြင်း မရှိဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံအားလည်း ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ကျီးအာသလို ဝိုင်းအာခဲ့ကြသည်၊ ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့ ပြောမည့် အစား ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာကြံ လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ထံမှ ထောက်ခံမှု မရခဲ့ရှာပေ။

 

ထို့အတွက် မိမိတို့ တော်လှန်ရေး အား ညီညွတ်စွာဖြင့် နည်းလမ်း ပေါင်းစုံ ရှာကြံ၍ အရှိန်မြှင့်တင် နိုင်ဖို့ သာ လိုပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!