လေနှင်ရာ လွင့်ပါသွားရှာသော NCA

by Hla Soewai - Oct 18 2023

ကလေးငယ် ၁၃ ဦး အပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိသွားသည့် ကချင် ပြည်နယ် လိုင်ဇာ အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင် စခန်း အား တိုက်ခိုက်မှု တွင် ပဲ့ထိန်း မဲ့ ဗုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ကို စုံစမ်းတွေ့ရှိရသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ မှ ထုတ်ဖေါ်ပြောဆိုချက် အား ကိုးကားပြီး ဂျပန် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်။

 

ထိုအဖွဲ့ကြီးရှိ စစ်လက်နက် ပစ္စည်း ကျွမ်းကျင်သူများမှ ဗုံးကျသည့် နေရာတွင် ကျန်ခဲ့သည့် ချိုင့် များ နှင့် အပျက်အစီး အပိုင်းအစများကို သေချာစေ့ငုစွာ လေ့လာပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုကဲ့သို့ ဗုံး အမျိုးအစားသည် မြန်မာ စစ်တပ် တွင် ရှိနေသည်ဟုလည်း ဆိုသည်။ ပြင်းထန်လှသော ဗုံး၏ ပေါက်ကွဲအား ကြောင့် အနီးအနားရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ နေ့ကလေးထိန်းကျောင်း အပါအဝင် အဆောက်အအုံများ ပျက်စီးသွားခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြသည်။ ထိုကဲ့သို့သော အထိန်းအကွပ် မပါသော ဗုံးမျိုးအား အရပ်ဖက် လူနေဒေသများ အနီးတွင် မည်သို့မျှ အသုံးမပြုသင့်ဟုလည်း ကျေညာချက်တွင် ပါရှိသည်။

 

အဆိုပါ ဗုံးသည် ကွင်းပြင်ကျယ်ကြီး သို့ တိုက်ရိုက်ထိမှန်သွားခြင်း ဖြစ်၍ ၎င်းတို့ပြောသလို အမိုနီယမ် နိုက်ထရိတ် သိုလှောင်ထားသည့် ဂိုဒေါင်မျိုးလည်း အနီးအနားတွင် မရှိဟု ထောက်ပြခဲ့သည်။

 

၎င်းတို့ အာဏာတည်မြဲရေး အတွက် တနိုင်ငံလုံး နီးပါး ဗုံးကြဲတိုက်ခိုက်နေရသော အာဏာသိမ်း အဖွဲ့သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးသည့် ရှစ်နှစ်မြောက် အခမ်းအနားကို နေပြည်တော် တွင် ကျင်းပခဲ့သော်လည်း မူလ လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့ မှ ဗုံးကြဲခံရမည် စိုးသည့် မည်ကာမတ္တာသာ အင်အား ရှိသော အဖွဲ့ ၇ ဖွဲ့သာ တက်‌ရောက်ခဲ့၍ အရှက်တကွဲ ဖြစ်သွားခဲ့ရပြန်သည်။

 

ကျန်အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား သမဂ္ဂ (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့မှ အဆိုပါ သဘောတူညီချက်သည် အာဏာသိမ်းမှု နှင့် အတူ ပျက်ပြယ် သွားပြီ ဟု ဆိုကာ မတက်ရောက်ခဲ့ကြသည့် အပြင် အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့ အား ပြိုလဲသွားသည်အထိ တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့ကြသည်။

 

စစ်တပ်အား အရပ်ဖက် ထိန်းချုပ်မှု အောက်တွင် ပြန်လည် ဖွဲ့စည်းရန်၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် မူကို အခြေခံသည့် ဖွဲ့စည်းပုံ အသစ် ရေးဆွဲရန် နှင့် ၎င်းတို့ လက်ချက်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရသူများ အတွက် ကျုးလွန်သူများကို တရားဥပဒေအရ အပြစ်ပေးရန် တို့ ဖေါ်ဆောင်သွားမည်ဟု ထိုအဖွဲ့ သုံးဖွဲ့က သဘောတူခဲ့ကြသည်။

 

တက်ရောက်သည် ဆိုသော အဖွဲ့များကို ကြည့်မည်ဆိုက ပအို့ (PNLO)၊ DKBA၊ ရှမ်း (RCSS)၊ ရခိုင် (ALP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ၊ လားဟူ နှင့် မွန်ပြည်သစ် ပါတီ တို့ ဖြစ်သည်။ ထိုအဖွဲ့ အတော်များများ၏ အမည်များ တွင် အမျိုးသား လွတ်မြောက်ရေး ဆိုသည့် စကားလုံး များ ပါဝင်နေသည့် အဖြစ် ကပင် ရယ်စရာ ကောင်းနေရပေသည်။ ထိုအခမ်းအနား တက်ရောက်ခွင့် ရသည်ကိုပင် မိမိတို့ လူမျိုးနွယ်စုများ လွတ်မြောက်ခွင့် ရနေပြီဟု ယူဆနေကြဟန်ရှိသည်။

 

ကေအင်ယူသည် ယခုအခါ နေပြည်တော်၊ ပဲခူး၊ မွန်ပြည်နယ် နှင့် တနင်္သာရီ ဒေသကြီးများ တွင် ၎င်း၊ ချင်း အမျိုးသား တပ်ဦးသည် ချင်းပြည်နယ်၊ မကွေး နှင့် စစ်ကိုင်း တိုင်း တို့တွင် ၎င်း တိုက်ပွဲများ ဆင်နွှဲလျှက် ရှိနေသည်။

 

ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးမှ NCA သည် ဖြတ်သန်း၍ မရသော တံတားပျက်ကြီးသာ ဖြစ်ပြီး မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား သွေးခွဲရန် ကြံစည်နေကြခြင်းသာ ဖြစ်သည်ဟု ဧရာဝတီ အား ပြောလာခဲ့သည်။ 

 

ကေအိုင်အေ သည် ယခုအခါ မြန်မာ-တရုတ် ကုန်သွယ်လမ်းမကြီး ၏ တစိတ်တပိုင်း ဖြစ်သည့် ကွတ်ခိုင်- သိန္ဒီ လမ်းမ အား တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

 

ကမ္ဘောဒီယား ခေါင်းဆောင်ဟောင်း ဟွန်ဆန် နှင့် နီပွန် ဖေါင်ဒေးရှင်း ဥက္ကဌ ဆာဆာဝါကာ တို့မှ အမျိုးသား ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး ကော်မရှင် ကို ဖွဲ့စည်းလိုက်ပြီး နေပြည်တော်သို့ လာရောက်မည်ဟု ကမ္ဘောဒီယား အာဏာရ ပါတီ ဖြစ်သော ပြည်သူ့ပါတီ ဌာနချုပ် မှ ကျေညာချက် ထုတ်ပြန်ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ တနင်္ဂနွေ နေ့တွင် ကျင်းပရန် ရှိသော NCA အခမ်းအနားသို့ ရောက်ရှိလာဖွယ် ရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

 

ယင်းသည် မြန်မာ ပြည်သူများ အား “ခေတ်ပျက်ပုံမှန်” တွင် နေသားကျရန် ကြိုးပမ်းပေးနေခြင်းသာ ဖြစ်သည်။

 

ဩစတေးလျှ နိုင်ငံ လိုဝီ အင်စတီကျု မှ ထုတ်ဝေသော The Interpreter စာစောင်တွင် မြန်မာစစ်ရေး လေ့လာသုံးသပ်သူ သုတေသီ အင်ဒရူး ဆဲလ်မှ ယခုအခါ ဘင်္ဂလား ပင်လယ်အော်သို့ လေယာဉ်တင် သင်္ဘော စေလွှတ်ပြီး ရခိုင် ဒေသတွင် No-Fly Zone သတ်မှတ်ရန် အမေရိကန် အစိုးရမှ အလေးအနက် စဉ်းစားနေသည် ဟူသော “ဂျင်းသတင်း” အကြီးစားကြီး ထွက်ပေါ်နေသည်ဟု သတိပေးလာခဲ့သည်။

 

ယင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရမှ ထောက်ခံခဲ့ပြီး ရခိုင်တပ်တော်အား ကိုယ်ပိုင် နိုင်ငံသစ် ထူထောင်နိုင်ရေး အတွက် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု မှ အကာအကွယ် ပေးရန်၊ တရုတ်အား မြန်မာ ၏ အနောက်ဖက် ကမ်းရိုးတန်းသို့ ခြေချခွင့် မရရန် ဖြစ်သည်၊ ရခိုင် တွင် အနောက်အုပ်စု လိုလားသော ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းလာမှု နှင့်အတူ ရိုဟင်ဂျာ ပြဿနာပါ အပြီးအပိုင် ဖြေရှင်းနိုင်မည် ဆို‌သော ရည်မှန်းချက် နှင့် ဖြစ်သည်ဟု ဂျင်းသတင်း က ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!