အကြမ်းဖက် အာဏာသိမ်း အဖွဲ့ ဖိလစ်ပိုင်တွင် တရားစွဲခံရ

by Hla Soewai - Oct 28 2023

မြန်မာ စစ်တပ်၏ ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် ထိခိုက် နစ်နာခဲ့ရသူများ၏ ဆွေမျိုးများ အား ကိုယ်စားပြုကာ လူ့အခွင့် အရေး ရှေ့နေ များက ဖိလစ်ပိုင် တရားရေး ဝန်ကြီးဌာန တွင် စွဲချက်တင် လိုက်ပြီ ဖြစ်သည်။

 

ဖိလစ်ပိုင် သည် ၂၀၀၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများအရ ကမ္ဘာတဝှမ်းတွင် ကျုးလွန်ခဲ့သော ပြစ်မှု များ အား တရားစွဲဆိုနိုင်ခွင့် ရှိသည့် Universal Jurisdiction ဖြင့် ကြားနာ စစ်ဆေးရန် လက်ခံလိုက်ခြင်းလည်း ဖြစ်သည်။

 

တရားခံများ အဖြစ် စွဲချက်တင်ခံရသူ များ စာရင်းတွင် မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ် ရှစ်ဦး၊ ဝန်ကြီးတဦး ပါဝင်နေသည်။

 

ဖိလစ်ပိုင် တရားရုံး မှ အဆိုပါ အမှုအား စစ်ဆေးသွားသင့်မသင့် ကို ရက် ၉၀ အတွင်း အဆုံးအဖြတ် ပေးရမည် ဖြစ်သည်။

 

၂၀၂၁ နိုဝင်ဘာလ တွင် အာဂျင်တီးနား တရားရုံးမှ လူမျိုးတုံး သတ်ဖြတ်မှု အား ကြားနာစစ်ဆေးသွားရန် လက်ခံထားပြီး ဖြစ်သည်။

 

တရားလို အများစုသည် ချင်း တိုင်းရင်းသား များ ဖြစ်ပြီး ဖခင် သတ်ဖြတ်ခံရမှု၊ လူနေဒေသများအား ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရမှုများ အတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ မြန်မာ တရားရုံးများမှ ထိုကဲ့သို့ အမှုများ ကြားနာ စစ်ဆေး သွားမည့် အလားအလာ မရှိ၍ ယခုလို ဖိလစ်ပိုင် တရားရုံး တွင် လက်ခံကြားနာပေးပါရန် ဦးတိုက် လျှောက်ထားရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကုလသမဂ္ဂမှ ခန့်အပ်ထားသော စုံစမ်း စစ်ဆေးရေး အဖွဲ့ က မြန်မာ စစ်ဗိုလ်ချုပ်များ ကျုးလွန်သော ရက်စက်ကြမ်းကြုပ်လှသည့် ရာဇဝတ်မှုများ အား တရားစွဲဆိုရမည့် အချိန်ရောက်လာပါက အဆင်သင့် ဖြစ်နေစေရန် သက်သေ အထောက်အထား ခိုင်လုံစွာ ဖြင့် ပြုစုထားပြီးလည်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များအား နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ကမ္ဘာတရားရုံးတွင်လည်း ရိုဟင်ဂျာများအား လူမျိုးတုံး သတ်ဖြတ်ခဲ့မှု နှင့် စွဲချက် တင်ထားပြီးလည်း ဖြစ်သည်။

 

လာမည့် တနင်္လာနေ့တွင် ကုလ အထွေထွေ အတွင်းရေးမှုးချုပ်၊ ကုလ လူ့အခွင့်အရေး တာဝန်ခံ နှင့် ကုလ စုံစမ်းရေး အဖွဲ့များမှ အထွေထွေ ညီလာခံသို့ အစီရင်ခံစာများ ကိုယ်စီ တင်သွင်းဖို့ ရှိနေပေသည်။ ပါရှိလာမည့် အကြောင်းအရာများသည် မြန်မာနိုင်ငံသားများ အတွက် သိပြီးသား ဖြစ်နေသော်လည်း ကြားရသူ အပေါင်းဖို့ လူတွေမှ ဟုတ်ရဲ့လားဟူသော အတွေးများ ဝင်လာပေတော့မည်။

 

စစ်ကောင်စီ သည် အာဏာကို မည်သည့်နည်း နှင့် မဆို မဖြစ်မနေ ဆုပ်ကိုင်ရန် ဆုံးဖြတ်ထားသာ်လည်း စစ်တပ်၏ ညံ့ဖျင်းမှု၊ စီးပွားရေး အခြေအနေများ ဆိုးဝါးလာနေမှု၊ နယ်မြေများ ဆုံးရှုံးလိုက်လာမှု များ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုသို့ ဆက်၍ အုပ်ချုပ် နိုင်စွမ်း မရှိတော့သူများ ကို ကမ္ဘာအသိုက်အဝန်း မှ မှိန်း၍ ကြည့်မနေသင့်တော့ပဲ ၎င်းတို့အား တိုး၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်သွားရန်နှင့် တော်လှန်‌ရေး အောင်မြင်အောင် ငွေကြေးထောက်ပံ့သွားသင့်ကြောင်း ဝါရှင်တန် ရှိ အမေရိကန် စစ်ကောလိပ် မှ ပါမောက္ခ ဇာကာရီ ဘဘူဇာက ဟောင်ကောင်ထုတ် South China Morning Post သတင်းစာ မှ ရေးသား တိုက်တွန်းလာခဲ့သည်။

 

ထပ်မံသိရသည့် သတင်းများအရ စားအုန်းဆီ တင်သွင်းနေသည့် ကုမ္ပဏီ ကိုးခု မှ အမှုဆောင် အရာရှိ ၁၆ ဦး အား အထူး စုံစမ်းရေး ဗျုရို မှ ဖမ်းဆီးပြီး ရုံးတင် တရားစွဲဆိုလိုက်ပြန်သည်။ ထိုအထဲတွင် ကရိုနီ တေဇ ပိုင် ထူး ဂရု၏ လက်ခွဲ ကုမ္ပဏီ လည်း ပါဝင်နေသည်။ သို့သော် မင်းအောင်လှိုင် နှင့် ဆက်စပ်နေသော ကုမ္ပဏီ ၆ ခု မှ တာဝန်ရှိသူများကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု ဧရာဝတီတွင် ရေးသားထားသည်။ ပြန်လွှတ်ပေးသည့် ကုမ္ပဏီများထဲတွင် စာအုန်းဆီ အများဆုံး တင်ပို့နေသည့် ဝီလ်မာ နှင့် ဒုတိယ အများဆုံး တင်ပို့နေသည့် ဇော်ဝင်းရှိန် ပိုင် ကုမ္ပဏီများ ပါဝင်သည်။

 

ဖမ်းဆီးခံရသူများသည် ထောင် အနှစ်နှစ်ဆယ် ချမှတ်ခံထားရသော မိုးမြင့်ထွန်း နှင့် တပည့်ဖြစ်သူ ရန်နောင်စိုး တို့ နှင့် ဆက်စပ်နေပြီး ၎င်းတို့သည် စစ်ကောင်စီထံမှ ဒေါ်လာ အား ၂၁၀၀ ကျပ် ဖြင့် ဝယ်ယူပြီး စားအုန်းဆီ တင်သွင်းခွင့်ရရန် လာဘ်ထိုးခဲ့ကြသူများဟု ဆိုသည်။

 

ထိုသို့ ၎င်းတို့ အချင်းချင်း ကျိကျိတက် ချမ်းသာအောင် လုပ်နေပြီး အောက်ခြေ စစ်အရာရှိငယ်များကိုမူ ရာထူးများ မတန်တဆ တိုးပေးကာ သေတွင်းသို့ တွန်းပို့ နေကြပြီ ဖြစ်သည်။ သေချာ စဉ်းစားကြည့်မည် ဆိုလျှင် လူတစု၏ အာဏာ ငမ်းဖမ်းမှုကြောင့် ယခု အခါ မြန်မာ တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေကြရသည့် အဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ကော့ကရိပ် အနီးရှိ KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ထဲသို့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ အား ထိုးစစ်ဆင်ခိုင်းရာမှ ပူပူနွေးနွေး တပ်ရင်းမှုး ဖြစ်လာသူ စစ်တက္ကသိုလ် အမှတ်စဉ် ၄၇ ဆင်း ဗိုလ်မှုးကြီး ငြိမ်းချမ်းကိုကိုအား KNLA မှ စနိုက်ပါ ဖြင့် ခေါင်းကို ချိန်ရွယ် ပစ်ခတ် ရှင်းလင်း နိုင်ခဲ့ပြီး ၎င်းနှင့်အတူ တပ်သား ခုနှစ်ဦး သေဆုံးသွားခဲ့သည်။

 

ယခုအခါ ခြေမြန် တပ်ရင်း တခုတွင် အင်အား ၁၃၂ ဦးသာ ရှိပြီး ၇၀ သည် ရှေ့တန်း ထွက်နိုင်သည့် လူများ ဖြစ်သည် ဟု ပေါက်ကြားလာသော စာရွက်စာတမ်းများ အရ သိရသည်ဟု ဇာကာရီ အဘူဇာ ၏ ဆောင်းပါးတွင် ပါရှိ ခဲ့သည်။

 

ထိုအတိုင်းဆိုက အစိုးရ ဝန်ထမ်းများထဲမှ အရွယ်ကောင်း အမျိုးသားများ ကို ရွေးထုတ် သင်တန်းပေးကာ ပြည်သူ့စစ် ခေါင်းစဉ်တပ်၍ ရှေ့တန်းသို့ အနှေးနှင့်အမြန် စေလွှတ်တော့မည် ဖြစ်သည်။ ယခုပင် နယ်စပ်လုံခြုံရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းသားများသည် စစ်သင်တန်း တက်ရောက်နေကြရပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

အနည်းဆုံးတော့ မင်းအောင်လှိုင် ၏ ရွေးကောက်ပွဲ အား လက်နက်ကိုင် စောင့်ကြပ် ပေးရမည့် အဖြစ် ရောက်မလာနိုင်ဟု မည်သူမျှ ကံသေကမ မပြောနိုင်ပေ။ ထိုရွေးကောက်ပွဲ ကြောင့် အကြမ်းဖက်မှု များ တိုး၍ ဖြစ်ပေါ်လာမည်ကို မင်းအောင်လှိုင်သည် ခန့်မှန်းထားပြီးလည်း ဖြစ်သည်။

 

ယခုအခါ စင်္ကာပူ တွင် နေထိုင်သော မြန်မာနိုင်ငံသား အချို့အား တော်လှန်ရေး အတွက် ထောက်ပို့လုပ်ငန်းများ တွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲချက် ဖြင့် နိုင်ငံကူး လက်မှတ်များ ဖျက်သိမ်းလိုက်ကြ၍ စင်္ကာပူ နိုင်ငံ အတွင်း မှ ထွက်မရ၊ ပြန်ဝင်ခွင့် မရ ဖြစ်နေသည်။ အမြဲတမ်း နေထိုင်ခွင့် ရထားသူများပင် လျှင် စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေး မှ နိုင်ငံ အပြင် ထွက်ခွင့် မပြု၊ အထဲသို့ ပြန်ဝင်ခွင့် မပြုပဲ ဖြစ်နေ၍ နိုင်ငံမဲ့ ဘဝသို့ အလိုလို နေရင်း ရောက်ရှိသွားအောင် ပက်စက်စွာ ကြံစည်မှု ကြီးလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်မှု မုချ အောင်ရမည်!!!