အာဆီယံသည် အဘယ်ကြောင့် အာဏာသိမ်း အဖွဲ့ကို လက်မလွှတ်ချင် ဖြစ်နေရသနည်း - တိုင်းမဂ္ဂဇင်း

by Hla Soewai - Oct 28 2023

ယခုလ အစောပိုင်းတွင် မြန်မာ့အရေး လှုပ်ရှားနေသူများက အင်ဒိုနီးရှား အာဏာပိုင် များ အား ၎င်းတို့ ပိုင် ကုမ္ပဏီများမှ စစ်ကောင်စီ အဖွဲ့ဝင် ဝန်ကြီးတဦး၏ သား၏ အယောင်ပြ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ကို လက်နက်များ ရောင်းချပေးနေသည့် ကိစ္စ စုံစမ်းစစ်ဆေးပေးရန် ဝိုင်းဝန်း တောင်းဆိုလာကြသည်။

 

ထိုသို့ တောင်းဆိုလာမှုသည် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။

 

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ လက်နက်များ ရောင်းချခြင်း မလုပ်ရန် တားမြစ်ထားပြီး ဖြစ်သော်လည်း လုံခြုံရေးကောင်စီ ကဲ့သို့ မဖြစ်မနေ လိုက်နာစရာ မလိုသည့် ဆုံးဖြတ်ချက်မျိုး ဖြစ်နေသည်။

 

မြန်မာအရေး လေ့လာသူများက နိုင်ငံတကာ အသိုက်အဝန်း မှ တောက်လျှောက် လျစ်လျုရှုလာနေမှု များကို အမြဲလို ဝေဖန်လာခဲ့ကြသည်။ ထိုအထဲတွင် အာဆီယံ အပေါ် အားမလို အားမရ စိတ်ပျက်မှုများကို အတိုင်းသား တွေ့လာရသည်။ အာဆီယံသည် အိမ်နီးချင်း လည်းဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့အပေါ် နိုင်ငံရေး၊ စီးပွားရေး အရ ဖိအားပေးမှု များ နှင့် ဩဇာ သက်ရောက်နိုင်သည့် တခုတည်းသော အဖွဲ့အစည်းကြီးလည်း ဖြစ်နေသည်။

 

ယခုအခါ ထိုအဖွဲ့ကြီးသည် မြန်မာအား ကုန်သွယ်နေမှု နှင့် လက်နက်များ တင်ပို့ ရောင်းချ ပေးနေမှုများတွင် တရုတ်နှင့် ရုရှားတို့ နောက်တွင် ကပ် လိုက်နေသည်ကို တွေ့ရသည်။

 

အာဆီယံသည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို တရားဝင် အသိအမှတ်ပြုရန် ငြင်းဆိုလျက် ရှိနေပြီး စစ်တပ် ကျုးလွန်လျက် ရှိသော အကြမ်းဖက်မှုများ ကို ရှုတ်ချခဲ့ကြသည်။ တဖက်တွင် ၎င်းတို့ နိုင်ငံများ အတွင်းရှိ အစိုးရ ပိုင် နှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် အာဏာသိမ်း အဖွဲ့ နှင့် အကျိုးအမြတ် အများ အပြား ရှိနိုင်သည့် စီးပွားရေး ဆက်ဆံမှုများသာမက လက်နက် တင်ပို့ရောင်းချမှူ များ နှင့် ဆက်နွယ်လာသည်။ ထိုသို့ ဖြစ်ပျက်လာနေမှု များ ကြောင့် အာဏာသိမ်း အဖွဲ့အား ထောက်ခံနေသည့် သဘောမျိုး မသက်ရောက်အောင် ‌နောက်ကွယ်မှနေ၍ တားဆီးနိုက်ရန် ကြိုးပမ်းနေကြရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ တွင်း တွင်တော့ ပြည်တွင်း မငြိမ်သက်မှု များ ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှူံးနေမြဲပင် ဖြစ်သည်။

 

အာဆီယံ ကိုးနိုင်ငံထဲတွင် ကုလ အထွေထွေ ညီလာခံ၏ လက်နက် ရောင်းချခြင်း မပြုရန် ဆုံးဖြတ်ချက်အား ငါးနိုင်ငံကသာ ထောက်ခံခဲ့သည်။ ထိုနိုင်ငံများထဲမှ ဥပဒေကြောင်းအရ တိတိကျကျ စောင့်ကြည့်နိုင်သည့် စနစ်မျိူး ရှိထားသည့် နိုင်ငံ ပင် လျှင် ဟန့်တားဖို့ အခက်‌ တွေ့နေရသည်။

 

စင်္ကာပူ အခြေစိုက် ကုမ္ပဏီ ပေါင်း ၁၃၀ ခန့်သည့် ၂၀၂၁ ဖေဖေါ်ဝါရီ မှ ၂၀၂၂ ဒီဇင်ဘာ အတွင်း မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား ဒေါ်လာ ၂၅၄ သန်း တန်ကြေးရှိ လက်နက်များ တင်ပို့ခဲ့မှု တွင် ပါဝင် ပတ်သက်နေသည်ဟု ကုလ အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။ ဤသည်ကလည်း လက်နက် ကုန်သည်များ နှင့် စစ်အာဏာသိမ်း အဖွဲ့ ပေါင်း၍ လက်ရှိ အကန့်အသတ်များ ကို ကျော်ဖြတ်နိုင်ရန် ကုမ္ပဏီများ အယောင်ပြ တည်ထောင်ကာ လှည့်စား လာခြင်းကြောင့် ဖြစ်သည်ဟု အစီရင်ခံစာကို ပြုစုသူ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးက ပြောခဲ့သည်။

 

ထိုအစီရင်ခံစာထဲတွင် ၎င်းတို့နိုင်ငံ အတွင်းရှိ ကုမ္ပဏီ အများအပြား ပါဝင်နေသည့် ကွန်ပြူတာများ၊ ဆေးရုံ နှင့် ဆောက်လုပ်ရေးဖက် ဆိုင်ရာ ပစ္စည်းများ တင်ပို့ခြင်း ဖြစ်နေပြီး စစ်ဖက်ကော အရပ်ဖက်ပါ အသုံးပြုနိုင်နေသည်ဟု စင်္ကာပူ အစိုးရ မှ ပြန်လည် ချေပလာခဲ့သည်။ အကယ်၍ ထိုပစ္စည်းများသည် လက်နက်ထုတ်လုပ်ရေး ဖက်တွင် အသုံးပြုနေခြင်း ရှိမရှိ အသေအချာ သိနိုင်ရန် အထောက်အထား များ ထပ်၍ လိုအပ်နေသည်ဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

 

စင်္ကာပူသည် လုပ်ငန်းပိုင်းရော၊ မှတ်တမ်းမှတ်ရာ ပိုင်းတွင်ပါ ပွင့်လင်း မြင်သာပြီး အချက်အလက်များ အချိန်မရွေး ကြည့်ရှု နိုင်သည့် ကြားမှ ယခုလို ဖြစ်လာနေလျှင် ထိုကဲ့သို့ မဟုတ်သည့် အခြားနိုင်ငံများ အဖို့ ဆိုဖွယ်ရာ မရှိတော့ဟု နော်ဝေး နိုင်ငံ အော်စလို အခြေစိုက် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု မှ အမရာ သီဟ က တိုင်းမ် မဂ္ဂဇင်းကို ပြောပြခဲ့သည်။ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့သည် ဆိုယုံမျှ ဖြင့် မရသေးပဲ လိုက်နာအောင် ကြီးကြပ် စောင့်ကြည့်ရေးသည် လွယ်သည့် ကိစ္စ မဟုတ်ဟုလည်း ဆိုသည်။

 

ထို့အတွက်ကြောင့်လည်း အာဆီယံ ကိုးနိုင်ငံစလုံးက ၂၀၂၁ မေလ တွင် ထွက်ပေါ်လာသော ကုလ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အား ပျော့ပျော့ ပြောင်းပြောင်း ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်၊ အထူးသဖြင့် "လက်နက်ခဲယမ်းများ ထောက်ပံ့ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းများ အား တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ပြုလုပ်‌နေခြင်းများကို ချက်ခြင်းလက်ငင်း ရပ်ဆိုင်းရမည်" ဆိုသော စာသားကို ပြင်ခိုင်းခဲ့ကြသည်။

 

သို့သော် ၎င်းတို့၏ ထိုစဉ်က ကြိုးပမ်းချက် အရာမထင်ခဲ့ပဲ လက်နက် တင်ပို့ ရောင်းချခြင်း ပိတ်ပင်တားမြစ်သည့် ကုလ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုဆုံးဖြတ်ချက်အား ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို နှင့် ထိုင်းနိုင်ငံ တို့က ကြားနေခဲ့ပြီး ကျန် ငါးနိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြသည်။

 

ယင်းသည် ထိုဆုံးဖြတ်ချက် အတိုင်း အတိအကျ အကောင်အထည် ဖေါ်နိုင်လိမ့်မည်ဟု မသေချာသောကြောင့်လည်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ သမ္မားဆက် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန တွဲဖက် ပါမောက္ခ ပရီဘာထရာက မှတ်ချက်ချခဲ့သည်။

 

ထုတ်မပြောပဲ ထားသည့် နိုင်ငံရေး နှင့် ပတ်သက်သော အကြောင်းလည်း ရှိနေသေးသည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား နိုင်ငံရေး စနစ်နှင့် အကျိုးစီးပွား များ အမျိုးမျိုး ကွဲပြားနေကြသည့် အပြင် ပြည်တွင်းရေး အား ဝင်မစွက်ရမူ နှင့် မဖြစ်မနေ လိုက်နာရန် မလိုသည့် သဘောတူညီချက်များကြောင့် မြန်မာအရေး အပေါ် သဘောထား ပျော့ပြောင်းစွာ ကိုင်တွယ်ရသည့် အနေအထားသို့ အလိုလိုနေရင်း ရောက်ရှိသွားခဲ့ရသည်။

 

အာဆီယံသည် အာဏာသိမ်း ခေါင်းဆောင်များ နှင့် ထိတွေ့ ဆက်ဆံဖို့ အဓိက ကျသည့် အဖွဲ့ ဖြစ်လာခဲ့လျှင် ၎င်းတို့ လက်နက် ရောင်းချမှု ပိတ်ဆို့ရေး ကို ထောက်ခံလိုက်သည်နှင့် စစ်ခေါင်းဆောင်များ နှင့် ရှေ့လျောက် ဆက်ဆံ၍ မရ ဖြစ်သွားနိုင်သည်ဟု ယူဆကောင်း ယူဆထားဖွယ် ရှိသည်ဟု စင်္ကာပူ အခြေစိုက် ရာဂျာရပ်နမ် နိုင်ငံတကာ လေ့လာရေး အဖွဲ့မှ တာဝန်ရှိသူတဦးက မှတ်ချက်ချခဲ့သည်။

 

အာဆီယံ နိုင်ငံများ နှင့် မြန်မာအကြား ဆက်နွယ်နေသော အကျိုးစီးပွားများသည်လည်း လက်နက် ပိတ်ဆို့မှုကြောင့် ထိခိုက်လာနိုင်စရာ ရှိနေသည်။

 

လောလောဆယ်တွင် ထိုင်းသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် စစ်ရေး တွင်သာမက စွမ်းအင်ကဏ္ဍတွင်ပါ လူသိရှင်ကြား ဆက်ဆံ ပတ်သက်နေပြီး ဗီယက်နမ်၏ မိုင်တဲလ် သည်လည်း ယခုအခါ မြန်မာအတွက် အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး ဖြစ်လာခဲ့သည်။

 

 

 

ထိုသို့ အာဆီယံ နိုင်ငံများအကြား မြန်မာနှင့် နိုင်ငံရေး၊ စီးပွားရေး ဖက်တွင် အမျိုးမျိုး အဖုံဖုံဆက်ဆံနေမှု များကြောင့် အဖွဲ့ကြီး သည် အက်ကြောင်းလိုက်လာခဲ့ရခြင်းလည်း ဖြစ်သည်။

 

စင်္ကာပူ၊ မလေးရှား နှင့် ဖိလစ်ပိုင်တို့က စစ်ခေါင်းဆောင်များအား ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချနေကြပြီး ထိုင်း နှင့် လက်ရှိဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှားတို့သည် အသံတိတ် ဒစ်ပလိုမေစီ ဆိုကာ အဆန်းထွင်လာခဲ့ကြသော်လည်း အောင်မြင်မှု ဟူ၍ မဆိုသလောက်သာ ထွက်ပေါ်လာခဲ့သည်။ ထိုင်း၏ ငြိမ်းချမ်းရေး ခေါင်းစဉ် တပ် ကြိုးပမ်းမှုများအားလည်း အခြား အဓိက ကျသည့် အာဆီယံ နိုင်ငံများက အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့ကြသည်။

 

အဖွဲ့ကြီး အတွင်း ဒစ်ပလိုမေစီ သံစုံတီးဝိုင်းကြီး ဖြင့် တီးမှုတ်နေကြပြီး အာစီယံ၏ ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့မှု ဟူ၍ အာဏာသိမ်းပြီး လ အနည်းငယ်အကြာတွင် ထွက်ပေါ်လာသည့် အချက် ငါးချက်ပါ ဘုံရပ်တည်ချက်သာ ရှိပေသေးသည်။

 

ဤသည်ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစည်းအဝေး ခမ်းမအတွင်း သဘောတူပေးခဲ့သော်လည်း နောက်ပိုင်းတွင် မသိချင်ယောင် ဆောင်နေတော့သည်။

 

အာဆီယံ အနေဖြင့် ၎င်းတို့ အစဉ်အလာ ဘုံသဘောတူ ဆုံးဖြတ်ချက် ချမှတ်ယုံဖြင့် မလုံလောက်တော့ဟု ပညာရှင်များက ထောက်ပြလာကြသည်။ အားလုံး သဘောတူမှ ဖြစ်မည်ဆိုလျှင် အရေးယူခံရမည့် ဖက်မှ ရှိနေသော မြန်မာက သဘောမတူလျှင် မရ၍ မည်သို့မျှ အဓိပ္ပါယ် ရှိမည် မဟုတ်ဟုလည်း ပြောလာကြသည်။

 

စက်တင်ဘာလ အတွင်း အာဆီယံမှ အကြမ်းဖက် အာဏာသိမ်း အဖွဲ့၏ ပြည်သူများ အပေါ် အကြမ်းဖက်မှု များ တိုး၍ ကျူးလွန်နေမှု အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည့် ကျေညာချက်အားလည်း စစ်ခေါင်းဆောင်များ တဖက်သပ် အပြောဟု ဆိုကာ ပယ်ချခဲ့ပြန်သည်။

 

အာဆီယံ၏ ထိုသို့ ပါးစပ်ဖြင့်သာ ရှုတ်ချနေမှု ကြောင့် မြန်မာအရေး လှုပ်ရှားနေသူများက နိုင်ငံ တွင်း ပြည်သူများ အကျပ်အတည်း နှင့် ဆက်၍ ရင်ဆိုင်ကြရမည့် အရေး အပေါ် ပို၍ စိုးရိမ်မကင်း ဖြစ်လာကြခြင်းလည်း ဖြစ်ပေသည်။

 

အာဆီယံသည် ၎င်းတို့ ဒေသအတွင်း အရေးကြီးဆုံး ပြဿနာ ဖြစ်လာနေသည်ကို စုပေါင်း ဖြေရှင်းရန် ပျက်ကွက်နေမှု ကြောင့်လည်း အဖွဲ့ဝင် နိုင်ငံများသည် တရားမဝင် စစ်အာဏာသိမ်း အဖွဲ့ နှင့် ယခင်ကလို အနေအစား မပျက် ဆက်ဆံနိုင်ခွင့် ရနေခြင်း ဖြစ်သည်ဟု Justice for Myanmar ၏ ပြောခွင့်ရ ဒေါ်ရတနာ မောင်မှ တိုင်း မဂ္ဂဇင်းအား ပြောပြခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(၂၀၂၃ အောက်တိုဘာ ၂၀ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် ပါရှိသော Why Southeast Asia Just Can’t Seem to Cut Off Myanmar’s Junta ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)