ကေအိုင်အေ တို့ အောင်ပွဲများ ဆက်လက် ရရှိ

by Hla Soewai - Oct 28 2023

သန်းကောင်ယံ လူသ-တ် ပွဲကြီး ဟု ကင်ပွန်းတပ် ခံနေရသည့် မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့သည် အရေးပါသော ကချင် နှင့် ရှမ်းမြောက် ရှိ စခန်းကုန်း သုံးခု ကို လက်လွှတ်ဆုံးရှူံးလိုက်ရသည်ဟု ကချင်လွတ်မြောက်ရေး တပ်တော် ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

ထိုအထဲတွင် လိုင်ဇာ၊ ဝိုင်းမော် နှင့် ဗန်းမော် ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သော နမ်ဆန်ယမ် ကျေးရွာ အနီးရှိ မဟာဗျုဟာအရ လွန်စွာ အရေးပါသော အောင်ဂျာ တပ်စခန်း တခုလည်း ပါဝင်နေသည်။ ထိုစခန်းကုန်းသည် လိုင်ဇာ ဌာနချုပ်နှင့် ၅.၆ မိုင် ကွာဝေးသည်ဟု သိရသည်။ (ပုံတွင် တွေ့ရစဉ်)

 

တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်သည် မည်သို့မျှ လက်မလွှတ်နိုင် ဖြစ်လာ၍ ထုံးစံ အတိုင်း လေကြောင်း မှ ဗုံးကြဲပြီး ပြန်လည် တိုက်ခိုက်လာသော်လည်း ထိရောက်မှု မရှိခဲ့ဟု သိရသည်။

 

အနည်းဆုံး မင်းအောင်လှိုင် သစ္စာခံ တပ်ဖွဲ့ဝင် ၅၀ သေဆုံးပြီး သုံးဦး လက်ရ ဖမ်းဆီးရမိခဲ့သည်ဟု ကေအိုင်အေ နှင့် နီးစပ်သော သတင်းရပ်ကွက်များက ဆိုသည်။

 

စစ်တပ် ၏ တယ်လီဂရမ် ချန်နယ် မှ လတ်တလော အင်အား မမျှ၍ ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ပြီး မကြာမီ ပြန်လည် သိမ်းယူမည် ဟု ရေးသား ဝန်ခံလာကြသည်။

 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုန်းပေါ် ဒေသရှိ စစ်ကောင်စီ တပ်စခန်းအားလည်း ၎င်း ရွှေကူ မြို့နယ် အတွင်းရှိ ငါးဘတ်ကြီး ရွာ ထိပ် စစ်စခန်းအားလည်း ၎င်း သိမ်းယူနိုင်ခဲ့ပြန်သည်။

 

မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းအား ဗုံးကြဲတိုက်ခိုက် ခဲ့မှူ အတွက် နာကြည်း ခံပြင်းနေမှု များ နှင့် အတူ ကေအိုင်အေ နှင့် တော်လှန်ရေး အင်အားစု များ မဆုပ်မနစ် တိုက်ပွဲ ဝင်‌ခဲ့ကြ၍ ယခုလို အောင်မြင်မှုများ ရ ခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။

 

အဆိုပါ ကလေးသူငယ်များ အပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရသည့် စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်မှု ကို အာဆီယံ မှ အပြင်းအထန် ရှုတ်ချကြောင်း အောက်တိုဘာ ၁၇ ရက်နေ့ ကျေညာချက်အား "ပြည်တွင်းရေး ကို ဝင်မစွက်ရန်" ဟု ဆိုကာ စစ်တပ်၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပယ်ချခဲ့ပြန်သည်။

 

အကြမ်းဖက် စစ်တပ်သည် ယခုအခါ ဂါဇာအား အစ္စရေး၏ လက်တုန့်ပြန်မှု ကို ကြည့်၍ အတင့်ရဲသည်ထက် ရဲလာတော့မည် ဖြစ်သည်။ ထိုသို့ အတင့်ရဲလာလေ ကျဆုံးလေ ပင် ဖြစ်တော့မည်ကို ရိပ်စားမိဟန် မရှိပေ။

 

တဖက်တွင်လည်း အကြောက်တရား ကြီးမားလာနေသော မင်းအောင်လှိုင်သည် အခြေအနေ မကောင်းပါက ရုရှား မှ ဝင်ရောက်ကူညီလိမ့်မည်ဟူသော ‌သူ ၏ မျှော်လင့်ချက် ကို ခိုင်မာသည်ထက် ခိုင်မာစေရန် နိုင်ငံတွင်း ရုရှား၏ အကျိုးစီးပွား ရှိရာ ရှိကြောင်း မရမက ဖန်တီးပေးနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် နျူကလီယား စက်ရုံတည်ဆောက်ရေး၊ ရုရှား နှင့် ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးများ ဖြင့် အတင်းဝင်လုံးနေသော်လည်း ဖြစ်နိုင်ခြေ မည်သို့မျှ မရှိသည့် အတွက် ထိုကိစ္စများ နှင့် ပတ်သက်၍ အနောက်အုပ်စု နှင့် အာဆီယံ က ဝေဖန် ပြောဆိုခြင်းမျိုး ပင် မလုပ်ခဲ့ကြပေ။

 

မင်းအောင်လှိုင်သည် ထိုမျှ နှင့် အားမရသေးပဲ ရန်ကုန် တွင် ရုရှားတို့ ၏ အဓိက ကိုးကွယ်ရာ အော်သိုဒေါ့ ခရစ်ယာန် ဘုရားကျောင်းကြီး ဆောက်လုပ်နိုင်ရန် မြောက်ဒဂုံတွင် မြေနေရာ ချထားပေးတော့မည် ဖြစ်သည်။

 

စင်္ကာပူ နှင့် အရှေ့တောင်အာရှ ဆိုင်ရာ ရုရှားအော်သိုဒေါ့ ဆရာတော်အား မင်း‌ အောင်လှိုင်မှ ပင့်ဖိတ်၍ ထိုကိစ္စအား ပြောဆို ဆွေးနွေးခဲ့သည်။ ဗဟိုဝန်ထမ်း တက္ကသိုလ် ကျောင်းမျိုး တွင် ရုရှားဘာသာစကား ပို့ချပေးရန် ပါ စီစဉ်နေသည်ဟုလည်း သိရသည်။

 

မင်းအောင်လှိုင်သည် လူရိုသေ ရှင်ရိုသေ မနေနိုင်တော့ပဲ ရုရှား မြို့တော် စိန်ပီတာ စဘတ် ပြည်ပဆက်ဆံရေး ကော်မတီ ဥက္ကဌ ကဲ့သို့ အငယ်တန်း အဆင့်မျိူးကိုပင် ဖိတ်ခေါ်ပြီး လက်ခံ တွေ့ဆုံနေရပြီ ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် မင်းအောင်လှိုင်၏ ရုရှား ခရီးစဉ် အတွက် တာဝန်ယူပေးရသူဟု သိရသည်။

 

ရုရှားကလည်း တပည့်သားမြေး ကဲ့သို့ မြန်မာအား ဆက်ဆံနေသည့် အဆင့်ထက် မပိုသေးသည်ကို တွေ့နေရပြီး စစ်ကောင်စီ ဖက်မှ ဝါဒ ဖြန့်နိုင်ရန် နားလည်မှု စာချွန်လွှာ အဆင့်လောက်နှင့် ချွေးသိပ်ထားဆဲပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ရပ်ဝန်း နှင့် လမ်း ထိပ်သီး ပွဲတော်ကြီးသို့ ဖိတ်ကြားခြင်း မခံရသော်လည်း စိတ်ဆိုး စိတ်ကောက်ဟန် မပြရဲပဲ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် တရုတ် နှင့် ကန်ထရိုက်စာချုပ် ပြန်လည် ဆွေးနွေးရန် သဘောတူလိုက်ပြီ ဖြစ်သည်ဟု BETV စီးပွားရေး သတင်းအား ကိုးကားပြီး မဇ္ဇျိမ သတင်းတွင် ဖေါ်ပြထားသည်။ ထိုစီမံကိန်း အား ဦးသိန်းစိန် အစိုးရမှ ဒေါ်လာ ၇.၂ ဘီလီယံ ဖြင့် ချုပ်ဆိုထားမှု အား တိုင်းပြည် အတွက် တရုတ်ကြွေးမီ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနိုင်သည့် အရေးကြောင့် အမျိုးသား ဒီမိုကရေစီ အစိုးရမှ ၂၀၁၈ တွင် ပြန်လည် ဆွေးနွေးပြီး ဒေါ်လာ ၁.၃ ဘီလီယံအထိ လျော့ချ နိုင်ခဲ့သည့် စီမံကိန်းလည်း ဖြစ်သည်။

 

တရုတ်၏ BRI သည် ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ပုံစံမျိုးဖြင့် နိုင်ငံငယ်များကို ငွေနှင့် ပေါက်၍ အုပ်စီးထားနိုင်ရန်ပင် ဖြစ်သည်။ တရုတ်၏ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ရင်းနှီး မြုပ်နှံမည့် အစီအစဉ် ကြောင့် ကမ္ဘာတဝှမ်း အာဏာရှင်များ ခေါင်းထောင်ထလာနိုင်မည်လည်း ဖြစ်သည်။

 

လူမျိုးတုန်းသတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သူမှ ကြားနေလို့ မရသလို ကြားနေဖို့ မသင့်ဘူး၊ စစ်ဝတ်စုံဝတ် လူမျိုးတုန်းသတ်ဖြတ်ဂိုဏ်းကို စုပေါင်း ခုခံတော်လှန်ရာမှာ တစိတ်တပိုင်းပါဝင်ဖို့လည်း လိုအပ်တယ်ဟု မြန်မာအရေး လေ့လာသုံးသပ်သူ ချက်နိုင်ငံ ပရပ်ဂ် အရပ်ဖက် အဖွဲ့အစည်း မှ အကြီးတန်း အကြံပေး အီဂေါ ဘလက်စီဗစ် မှ ဧရာဝတီသို့ ပေးစာတွင် တိုက်တွန်းထားသည်။

 

ဒေသတွင်း နှင့် နိုင်ငံတကာရှိ အရပ်ဖက် အဖွဲ့အစည်း ပေါင်း ၄၄၀ မှ စုပေါင်းလက်မှတ်ရေးထိုးပြီး မြန်မာ အာဏာသိမ်း အဖွဲ့ နိုင်ငံတွင်း ကျုးလွန်နေသော ရာဇဝတ်မှု များ အတွက် ပြတ်ပြတ်သားသား အရေးယူပေးရန် တောင်းဆိုသည့် စာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးသို့ ပေးပို့လိုက်ပြီ ဟု သိရသည်။

 

ထိုသို့သော လှုပ်ရှားမှုများသည် စစ်အာဏာသိမ်း အဖွဲ့အတွက် နိုင်ငံတကာ တွင် မည်သို့မျှ ခေါင်းထောင် မလာနိုင်အောင် ဖိအားပေးနေမှုများပင် ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!;

 

ကိုးကား - ဧရာဝတီ သတင်းစဉ်