အကြမ်းဖက်မှု များ ရပ်တန့်အောင် မည်သူ အဆုံးအဖြတ် ပေးမည်နည်း

by Hla Soewai - Oct 28 2023

မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှု များ သုံးနှစ်နားချည်းကပ်လာသည်နှင့် အမျှ နှစ်ဖက်စလုံးသည် စစ်စည်းကမ်း နှင့် စိတ်ဓါတ်ရေးရာ ပြဿနာ နှင့် ရင်ဆိုင်နေရသည်ဟု စင်္ကာပူရှိ ISEAS-Yusof Ishak Institute တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီး ၏ အထက်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ChannelNew Asia တွင် ဖေါ်ပြလာခဲ့သည်။

 

သိုသော် စိတ်ဓါတ် နှင့် စည်းကမ်းပိုင်းတွင် ရွာစဉ်လှည့် မီးရှို့ လုယက်နေကြသူ များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအား နှစ်ဖက်စလုံးဟု တတန်းစားထဲ နှိုင်းယှဉ် လာမှုကိုတော့ မိမိအနေဖြင့် မည်သို့မျှ လက်သင့် မခံနိုင်ပေ။

 

စစ်အာဏာရှင် စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သော တော်လှန်ရေး အဖွဲ့များထက်စာလျှင် မင်းအောင်လှိုင် ၏ သစ္စာခံတပ်များ အတွင်း ပို၍ ယို့ယွင်း ပျက်စီးလာနေသည်၊ ၎င်းတို့ အဖို့ မည်သို့မျှ အနိုင်ရနိုင်စရာ မရှိဟု ထင်လာပြီး စစ်မှု ထမ်းနေသမျှ ကာလတလျောက်လုံး တိုက်နေရတော့မည့် အဖြစ်ကို သဘောပေါက်နေကြပြီ ဖြစ်သောကြောင့်ပင်၊ ထို့အတွက် စိတ်ဓါတ်များ ကျဆင်းလာနေသည့် အဖြစ် ကို အထိုင်တပ်စခန်းများ တခုပြီး တခု လက်လွှတ်နေရသည့် အဖြစ်က သက်သေခံ နေပြီ ဖြစ်သည်။

 

ဆောင်းပါးကို ဆက်လက် ဖေါ်ပြရမည် ဆိုလျှင် မင်းအောင်လှိုင်သည် ယခုအချိန်ထိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ အိုးအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ယခင်ကထက် ပင် တိုး၍ ကျူးလွန်လာနေသည်။ ယင်းသည် "အတိုက်အခံများကို ချေမှုန်းရန်" ဟု ခေါင်းစဉ်တပ်လာပြီး ထိုအထဲတွင် PDF ကို ထောက်ခံသူများကို ထည့်သွင်းလာခဲ့သည်။ ထို့ အတွက်ကြောင့်လည်း PDF များက စစ်တပ်ကို ထောက်ခံသူများကို လက်တုန့်ပြန်လာခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံတကာ အသိုက်အဝန်း မှ နိုင်ငံတွင်း ဖြစ်ပျက်နေမှု များအား နိုင်ငံရေးအရ ကွဲပြားနေသည့် အဖွဲ့ များ အကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်ဟု မကြာခဏ ဆိုသလို ရှုမြင် တတ်ကြသည်။ ၂၀၂၁ တွင် ထုတ်ပြန်ခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကျေညာချက်ထဲတွင် မြန်မာပြည်သူများ မျှော်မှန်းတောင့်တနေမှုများကို တလုံးတပါဒမျှပင် ဖေါ်ပြခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

 

နိုင်ငံ အနှံ့ နေရာအတော်များများရှိ ပြည်သူများကမူ စစ်အုပ်ချုပ်‌ ရေး အား ဆက်လက် ဆန့်ကျင် ဆင်နွှဲသွားရမည့် အမျိုးသားရေး အုံကြွမှု ကြီး အဖြစ် ရှုမြင်ထားကြသည်။ အချို့ သော မြို့ရွာများတွင် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြဆဲ ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ နိုင်ငံ အနှံ့ PDF တပ်ရင်းပေါင်း ၂၅၉ ဖွဲ့နှင့် မြို့နယ်ပေါင်း ၂၅၀ တွင် လှုပ်ရှားနေကြပြီး မြို့ပေါ် ပျောက်ကျား အဖွဲ့ပေါင်း ၄၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်၊ ထိုတပ် ဖွဲ့များ အတွက် စစ်မြေပြင်တွင် လိုက်နာရမည့် ကျင့်ဝတ် နှင့် စည်းကမ်းများကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ဒေသခံ PDF အတော်များများသည် အခါအားလျှော်စွာ ထိုစည်းကမ်းများ မှ သွေဖီသွားခဲ့ကြသည်ကို တွေ့လာရသည်။

 

အချို့သော တိုင်းရင်းသား လက်နက်ကိုင်များသည် NUG နှင့် PDF ကို စစ်ကောင်စီ အား တိုက်ခိုက်ရေး တွင် ညွှန့်ပေါင်း အဖွဲ့၏ ခေါင်းဆောင်နေရာ မပေးလိုပဲ လက်တွဲ ဖေါ် လက်တွဲဖက် ပါတနာ အဖြစ်သာ သဘောထားနေကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း ပဋိပက္ခ ကြောင့်လည်း မရည်ရွယ်ပဲ နှင့် အရပ်သားများ ထိခိုက်သေဆုံးမှု များ ရှိလာခဲ့သည်။ NUG အဖို့လည်း မိမိ၏ အဖွဲ့အစည်းချည်း သပ်သပ် စီမံခန့်ခွဲဖို့ အခက်တွေ့လာရသည်။

 

NUG တွင် အဆင့်ဆင့် ကွပ်ကဲမှု ပိုင်းတွင် အားနည်းနေသဖြင့် ဒလန်များ နှင့် ပတ်သက်၍သော်၎င်း၊ စစ်မြေပြင် ကျင့်ဝတ်ပိုင်းတွင်၎င်း ထုတ်ပြန်ထားသည့် အမိန်အာဏာ တည်စေရန် မတတ်သာပဲ ဖြစ်လာရသည်။

 

အာဏာသိမ်း ကောင်စီ သည်လည်း အဆင့်ဆင့် ကွပ်ကဲမှု အပိုင်းတွင်လည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ပဲ ‌အောက်ခြေပိုင်းအား ရာထူးတိုးပေးခြင်း၊ ရွာများကို လုယက်ယူငင် ခွင့် ပြုထားခြင်း အစရှိသည့် မက်လုံးများဖြင့် သာ ထိန်းထားနေရသည်။

 

၎င်းတို့၏ သစ္စာခံတပ်များ တဖက်သို့ ခိုလှုံသွားခြင်း၊ တပ်ကို စွန့်ခွာထွက်ပြေးသွားခြင်း၊ အမိန့်မနာခံခြင်း အစရှိသည်တို့ တွေ့လာနေရသည်ကို ကြည့်ခြင်းအားဖြင့် မည်သို့မျှ ထိရောက်စွာ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ ဆိုသည်မှာ သိသာထင်ရှားလာသည်။

 

သို့သော် ၂၀၂၂ ခုနှစ်မှစ၍ တဖက်သို့ ခိုလှုံသွားသည့် အရေအတွက် ‌လျော့နည်းကျဆင်းသွားခဲ့သည်။

 

နှစ်နှစ်ကျော်မျှ တိုက်လာရသော်လည်း တပ်များအား အလှည့်ကျ ‌အစားထိုးပေးခြင်း မလုပ်နိုင်တော့၍ ခံနိုင်ရည် အား ကျဆင်းလာနေသည့် လက္ခဏများ စတင် တွေ့လာနေရသည်။ အချို့ အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများက စစ်တိုက်ဖို့ ကိုပင် ပြောင်ပြောင်တင်းတင်း ငြင်းဆိုလာကြသည့် အဖြစ် ရောက်လာခဲ့သည်။

 

၂၀၂၂ စက်တင်ဘာလ အတွင်း ဘက်ပြောင်းလာသူ စစ်သားတဦး၏ အဆိုအရ ခလရ ၁၀၂ တပ်ရင်း တခုလုံးသည် စစ်တိုက်ရန် ငြင်းဆိုလာကြပြီး လက်နက်များကို တပ်ရင်းမှုး ထံ ပြန်အပ်ခဲ့ကြသည်ဟု သိရသည်။ ၂၀၂၃ ‌ဧပြီလတွင် လည်း လက်အောက်ခံ တပ်များ အကျအဆုံး များလာပြီး ဆက်တိုက်ရန် ငြင်းဆိုလာကြသည့် အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုးအား တာဝန်မှ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ တပ်များ အတွင်း သာ စိတ်ဓါတ်များ ကျဆင်းလာသည် မဟုတ် ၎င်းတို့နှင့် မဟာမိတ် ဖွဲ့ထားသော နယ်ခြားစောင့် တပ်ဖွဲ့ တဖွဲ့လည်း တဖက်သို့ ခိုလှုံသွားခဲ့ပြန်သည်။ သို့သော် စစ်ကောင်စီ တပ်များသည် ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံ၊ ခိုင်မာသော ယန္တရား နှင့် ပြင်းထန်သည့် အရေးယူမှု ‌များကြောင့် NUG တပ်များနှင့်စာလျှင် ပို၍ ထိန်းချုပ်ထားနိုင်စွမ်း ရှိနေသည်။

 

ယခုအခါ မြန်မာပြည်သူများသည် နေ့စဉ်လိုလို အကြမ်းဖက်မှု များ ထိတ်လန့်ကြောက်ရွံ့မှု များ နှင့် ရင်ဆိုင် ဖြတ်သန်းနေရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ အတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ခေါ်၍ ဒေါ်အောင်ဆန်းစုကြည် ဝှက်ဖဲကို ထုတ်သုံးခဲ့သော်လည်း အပြင်းအထန် ဝေဖန်တုံ့ပြန်မှု များနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

 

ဆိုရှယ် မီဒီယာများပေါ်မှ လူငယ်များက ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်ကောင်စီ ဆွေးနွေးစေကာမူ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်သာ ဖြစ်သည်ဟု ရေးသားလာကြသည်။ NUG နိုင်ငံခြားရေး ဝန်ကြီးကလည်း ယခုလို အပေါ်ယံကြော ဟန်ပြ လုပ်ဆောင်မှုများဖြင့် လူထု၏ စိတ်ကို ယိမ်းယိုင်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

 

နှစ်ဖက်စလုံးသည် လက်ရှိ ပဋိပက္ခ နှင့် စပ်လျှင်း၍ ၎င်းတို့အား ထောက်ခံသူများ နှင့် လက်နက်ကိုင်များ အပေါ် ထိန်းချုပ်နိုင်စွမ်းသည် အကန့်အသတ် နှင့် သာ ရှိနေကြသည်။

 

လက်ရှိ တွင် ကြာရှည်လာသည့် အနေအထား အပေါ် ခံနိုင်ရည် စွမ်းအား ရှိမရှိ မှုသည် အဆင့်ဆင့် အမိန့်နာခံ ကွပ်ကဲ နိုင်စွမ်း ကို အခိုင်အမာ တည်ဆောက်နိုင်မှု အ ပေါ်တွင် မူတည်လာနေပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

"Channel NesAsia ပါ "Who decides the cessation of violence in Myanmar?" ဆောင်းပါးအား ကောက်နှုတ်တင်ပြသည်။