ဖဲချပ်များ စီထားဖို့ လိူပြီ

by Hla Soewai - Oct 28 2023

စစ်အာဏာသိမ်း အဖွဲ့သည် ၂၀၂၂ ဧပြီ လ မှ ၂၀၂၃ ဇူလိုင်လ အတွင်း လေကြောင်းမှ ၆၈၇ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး ရုံးမှ ပြုစုထားသော စာရင်းတွင် ဖေါ်ပြထားသည်။ ယင်းသည် ထိုမတိုင်မီ ကာလများ ထက် နှစ်ဆ တိုးလာခြင်းဖြစ်သည်ဟုလည်း ဖေါ်ပြထားသည် 

 

ထိုအထဲတွင် ကချင်ပြည်နယ် အတွင်း ဂီတဖျော်ဖြေပွဲ နှင့် ပဇီးကြီးရွာ အမျိုးသား ညီညွတ်ရေး အစိုးရ ရုံးဖွင့်ပွဲများ သို့ တက်ရောက်လာသော လူထုအား ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ ပါဝင်နေသည်။ 

ထပ်ထဲ့ရမည့် စာရင်းတွင် နောက်ဆုံး ကျုးလွန်ခဲ့သည့် မုန်လိုင်ခက် စစ်‌ဘေးရှောင် စခန်းအား တိုက်ခိုက်ခဲ့မှူကြီးပင် ဖြစ်သည်။

 

စစ်ဘေးရှောင်စခန်း မျိုးသည် လွတ်မြောက်နယ်မြေများ တွင် သာ ရှိတတ်စမြဲ ဖြစ်သည်၊ အကြမ်းဖက် စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူ မှန်သမျှ ကလေး၊ လူကြီး၊ မိန်းမမကျန် သူပုန်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။ နိုင်ငံတကာကို ဂရုစိုက်စရာ မလိုပဲ ‌၎င်းတို့ စိတ်ရှိတိုင်းသာ လုပ်ခွင့်ရမည် ဆိုက ဟစ်တလာ နှင့် ဆက်ဒမ်တို့ပင် အရှူံးပေးရမတတ် တနိုင်ငံလုံးအား ကျုပင်ခုတ် ကျူငုတ်မကျန် မြေလှန်ဖို့ နဲနဲမျှပင် လက်တွန့်‌ဝန်လေးကြမည့် သူများ မဟုတ်ပေ။

 

စစ်ကျောင်းတော်ကြီးကလည်း ၎င်းတို့အား တိုင်းပြည်ကို အုပ်ချုပ်ရမည့် လူတန်းစားများ အဖြစ် ရိုက်သွင်းပေးထားခဲ့ပြီးလည်း ဖြစ်သည်။

 

ယခုအခါ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု များ နှင့် အခြားသော စစ်ရာဇဝတ်မှု ကျုးလွန်သူများအား နိုင်ငံတကာ စစ်ရာဇဝတ် တရားရုံး တွင် ဥပဒေအတိုင်း အပြစ်ပေး စီရင် နိုင်ရန် သက်‌သေ အထောက်အထား အစုံအလင်ဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

 

ခေါင်းထဲသို့ မဆီမဆိုင် ရောက်လာသည့် အကြောင်းတခု ရှိလာခဲ့သည်၊ ဖဲချပ်များ အကြောင်းပင် ဖြစ်သည်။

 

အီရတ်အား ကျူးကျော် တိုက်ခိုက်ခြင်း မပြုမီ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ထောက်လှမ်းရေး အဖွဲ့ (DIA) မှ ဖမ်းဆီး ရမည့် အလိုအရှိဆုံး the most wanted တရားခံများ၏ အမည်စာရင်းကို အရေးပါမှု လိုက်၍ ဖဲချပ် ၅၂ ချပ် ဖြင့် စီပြီး တောနင်းရှာခဲ့ကြသည်။ လေးဦး မှ လွဲ ၍ ကျန်လူ အားလုံးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြသည်။

 

ထိုအထဲတွင် စပိတ် တစ် အဖြစ် ‌ထိပ်ဆုံးမှ ပါလာသူက ဆက်‌ဒမ် ဟူစိန် ဖြစ်သည် ဆိုသည်ကား အထူး ပြောဖို့ လိုမည် မထင်ပေ။ သူတို့၏ ဖဲ စီစဉ်ပုံက မိမိတို့လို မဟုတ်၊ စပိတ်ပြီးလျှင် ညှင်း၊ ဟတ်၊ နှင့် ဒိုင်းမွန်းသည် အငယ်ဆုံး ဖြစ်သည်။

 

ထို့အတွက် ၅၂ ချပ်ထဲတွင် အငယ်ဆုံး အချပ် ဖြစ်သော နှစ် ဒိုင်းမွန်း တွင် ပါဝင်လာသူက အာဏာရ ဘတ်သ် ပါတီ ရုံးခွဲ၏ ညွှန်ကြားရေးမှုး ချုပ် ဖြစ်သူ အဒီး အက်ဒါလာ မာဒီ ဖြစ်သည်။

 

မိမိတို့ဖက်ကလည်း ဤသည်ကို နမူနာ ယူ၍ ထိုကဲ့သို့ ကြိုတင် ပြီး စနစ်တကျ ပြုစုကာ ပြည်သူကို အသိပေးသင့်သည်။ ဥပမာ ဆိုရက ဒေါ်သက်သက်ခိုင်လို အဆင့်မျိုး ဆိုလျှင် ဟတ် လေး လောက်တော့ ရှိနိုင်လောက်သည်။

 

ကပ်တကပ် စီ တွင် နာမည်၊ နေရပ်လိပ်စာ၊ ထမ်းဆောင်ခဲ့သည့် တာဝန်များ အစရှိသဖြင့် အသေးစိတ် ဖေါ်ပြထားသည်။

 

အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာတွင် လူရာဝင်လာနိုး မျှော်လင့်ချက်ဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ တို့၏ အကူအညီ ဖြင့် ‌ရွေးကောက်ပွဲ ကို တွန်းလုပ်ရန် ကြိုးပမ်းနေပေသည်။

 

သို့သော် ရန်ကုန်၊ နေပြည်တော်ရှိ ရဲစခန်းများ၊ အစိုးရ ရုံးများ၊ စစ်တပ်ပိုင် စက်ရုံများ သည် တိုက်ခိုက်ခံရမည့် အရေးကို စိုးရိမ်ကြောင့်ကြစိတ်များ ဖြင့် နေ့တဓူဝ ဖြတ်သန်းနေကြရပြီး အရေးပေါ် အခြေအနေ ကျေညာထားမှုကိုလည်း ရုပ်သိမ်းနိုင်ခြင်း မရှိသေးဟု ဂျပန် ၏ Nikkei Asia Review တွင် ရေးသားထားသည်။

 

ယင်းနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြောခွင့်ရ ကိုနေဘုန်းလတ် မှ ထိုရွေးကောက်ပွဲသည် တရားဝင်မည် မဟုတ်သည့်အပြင် ပြည်သူများ၏ ဆန္ဒ နှင့်လည်း ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည်ဟု မဇ္ဇျိမ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ထို့အတွက် ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မရှိပဲ အောင်မြင်မည် မဟုတ်ဟု ဆိုသည်။

 

သို့သော် စစ်ကောင်စီသည် ၎င်းတို့ ထုတ် ဘီယာ၊ အရက် ဆေးလိပ်များကိုပင် အတင်းအဓမ္မ လိုက်လံ ရောင်းခိုင်းနေသည် ဖြစ်၍ မဲရုံများသို့ မလာပဲ မနေရဲအောင် အတင်းအကျပ် လုပ်ကြမည်သာ ဖြစ်သည်။

 

ထို့နောက်တွင်တော့ မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း၏ ကိုးဆယ် ရာနှုန်းကျော် မဲလာထည့်၍ အောင်မြင် အထမြောက်ကြောင်း မျက်နှာပြောင်တိုက်ကာ ကျေညာဦးမည် လည်း ဖြစ်သည်။

 

သို့သော် ထိုအဆင့်သို့ မည်သည့်နည်းနှင့်မျှ တကလှမ်းလာစရာ မရှိဟု မိမိ အနေဖြင့် အခိုင်အမာ ယုံကြည်ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!