အမေရိကန်၏ MOGE အား ပိတ်ဆို့ ဒဏ်ခတ် ၁၀၂၇ ထိုးစစ် စစ်ကိုင်းတိုင်း တွင် စပြီ

by Hla Soewai - Nov 02 2023

အမေရိကန်သည် မြန်မာ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း များကို အောက်တိုဘာ ၃၁ ရက်နေ့မှစ၍ ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြီ ဖြစ်သည်ဟု ယနေ့ ကျေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

အမေရိကန် မှ ပထမဆုံးအကြိမ် အာဏာသိမ်း အစိုးရ ၏ လုပ်ငန်း များ ကို ဒဏ်ခတ်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ငန်း နှင့် ဘဏ္ဍာရေး အရ မည်သို့ ပုံစံနှင့်မျှ ဆက်သွယ် ဆောင်ရွက်ခြင်း မရှိစေရဟု လည်း ကျေညာချက် တွင် ပါရှိလာခဲ့သည်။

 

ထိုလုပ်ငန်းမှ အာဏာသိမ်း အဖွဲ့သည် နိုင်ငံခြား ဝင်ငွေ အများဆုံး ရရှိနေပြီး ၂၀၂၂ မတ်လ တွင် ခြောက်လ အတွင်း ဒေါ်လာ ၁.၇၂ ဘီလီယံ ရရှိသည်ဟု ၎င်းတို့မှ စာရင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

 

ထို့အပြင် အမေရိကန် နှင့်ပူးပေါင်းပြီး ကနေဒါ နှင့် ဗြိတိန်တို့မှ လူပုဂ္ဂိုလ် ငါးဦး နှင့် လုပ်ငန်း တခုအား စီးပွားရေး အရ ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြန်သည်။

 

၎င်းတို့မှာ မမျိုးသစ္စာ၊ ထူးထက်တေဇ၊ ပြည့်ဖြိုး‌ တေဇ၊ ကျော်မင်းဦး၊ စစ်တိုင်းအောင် တို့ ဖြစ်ပြီး မြန်မာစစ်တပ် အတွက် ငွေကြေးရရာရကြောင်း ပံ့ပိုးပေးနေသည့် International Group of Entrepreneur Service Company Limited (IGE) တို့ ဖြစ်သည်။

 

ယနေ့ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ နှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင် မှ ယနေ့ ပိတ်ဆို့ ဒဏ်ခတ်သည့် အစီအစဉ်အကြောင့် စစ်ကောင်စီ၏ ဒဏ်ခတ်မှု များ ရှောင်တိမ်းနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြီး ၎င်းတို့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေရန် ကြိုးပမ်းမှု များ ခိုင်မာသည်ထက် ခိုင်မာလာအောင် ပြုလုပ် နိုင်ခဲ့ပြီး ဖြစ်သည်။’

 

နိုင်ငံအားလုံးလည်း ၎င်းတို့ထံ လက်နက်များ၊ လေယာဉ်ဆီ နှင့် ဝင်ငွေများ ရရှိနေမှုများ သိသိသာသာ ပြတ်တောက်သွားအောင် ဝိုင်းဝန်း ကြိုးပမ်းကြရန် ဆက်၍ တိုက်တွန်း ပါသည်” ဟု ပါရှိသည်။

 

ယခုအခါ မဟာမိတ် ညီနောင်များ အဖွဲ့မှ ပထမဆုံး အကြိမ် အဖြစ် ရခိုင်တပ်တော်မှ ၁၀၂၇ စစ်ဆင်ရေး တွင် ဆက်လက် ပါဝင် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု အတိအလင်း ထုတ်ပြန်ကျေညာလိုက်ပြီ ဖြစ်သည်။

 

ယခုအခါ AA သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ကချင် လွတ်လပ်ရေး တပ်မတော်တို့ နှင့် လက်တွဲကာ ရှမ်းပြည်နယ် နှင့် ထိစပ်နေသော ထီးချိုင့်၊ တောင်သာ နယ်များ တွင် စတင် ထိုးစစ်ဆင်လာပြီ ဖြစ်ပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားကာ စစ်ကောင်စီ မှ လေကြောင်းမှ အသေအလဲ ခုခံ တိုက်ခိုက်နေသည်ဟု သိရသည်။

 

အမျိုးသားညီညွတ်‌ရေး အစိုးရမှ လက်အောက်ခံ တပ်များ အား ထိုးစစ်ကြီး စတင်သည့် နေ့မှာပင် အတူ လက်တွဲ တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

လက်ရှိ တွင် ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များ တွင် တော်လှန်ရေး တပ်ဖွဲ့များမှ စစ်စခန်းများ တခုပြီး တခု သိမ်းပိုက်ရရှိနေပြီး သိန္ဓီ မြို့အား လည်း လုံးဝဥသုံ သိမ်းပိုက်နိုင်မည့် အနေအထား ရောက်ရှိလာခဲ့သည်။

 

မြောက်ပိုင်း ညီနောင်များ အဖွဲ့မှ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်းများအား မိမိတို့ ဒေသအတွင်းရှိ စစ်ကောင်စီ တပ်စခန်း များကို တပြိုင်တည်း ဝင်တိုက်ကြရန် တိုက်တွန်း နှိုးဆော်သည့် ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

 

တနိုင်ငံလုံး အတိုင်းအတာ နှင့် ဆန့်ကျင်တွန်းလှန် နိုင်မည် ဆိုက စစ်ကောင်စီ ၏ နောက်ဆုံးနေ့များသည် လက်ချိုး ရေတွက်၍ ရသည့် အဖြစ်သို့ ရောက်သွားမည် ဖြစ်သည်။

 

ယခုအခါ စစ်ကောင်စီ အဖို့ ၎င်းတို့ ခါးပိုက်ဆောင်တပ်များ အသေအကြေ ခုခံ တိုက်ခိုက် ပါစေဟု ဆုတောင်းနေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် မြစ်ကြီးနား-ဗန်းမော် လမ်း ပေါ်ရှိ စစ်ကောင်စီ၏ မဟာဗျုဟာ အကျဆုံး ဂန်ဒေါင်ယန် အထိုင် စခန်းကြီးအား ကချင် လွတ်မြောက်ရေး တပ်တော် နှင့် ရခိုင်တပ်တော် တို့ အင်္ဂါနေ့က သိမ်းပိုက်ခဲ့ပုံကို တွေ့နိုင်သည်၊- ဧရာဝတီ)