တော်လှန်ရေးကြီး၏ အလှည့်အပြောင်း ဖြစ်လာမည်လော

by Hla Soewai - Nov 02 2023

စစ်ကောင်စီ သည် ဇူလိုင်လ အစောပိုင်းမှ စ၍ ကချင် လွတ်လပ်ရေး တပ်တော် ဌာနချုပ်ရှိရာ လိုင်ဇာသို့ အင်အား ၁,၅၀၀ ခန့် စုစည်း၍ အလုံးအရင်း နှင့် ထိုးစစ်ဆင်လာခဲ့သည်။ သို့သော်လည်း KIA သည် AA အပါအဝင် အခြား မဟာမိတ်များ နှင့် အတူ လက်တွဲ၍ ၎င်းတို့၏ ထိုးစစ်ကို ရိုက်ချိုးပစ်နိုင်ခဲ့သည်။

 

မကြာမီမှာပင် မင်းအောင်လှိုင်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အထက်တန်း စစ်အရာရှိ အတော်များများကို အကျင့်ပျက် လာဘ်စားမှုများ ဖြင့် စွပ်စွဲပြီး ဖမ်းဆီး ထောင်ချပစ်ခဲ့သည်။

 

အာဏာသိမ်း အဖွဲ့၏ လိုင်ဇာ ထိုးစစ် ကြီး အရှိန်ကျသွားသည် အချိန်တွင်တော့ ကချင်ပြည်နယ် တောင်ပိုင်း နှင့် ထိစပ်နေသည့် ရှမ်းမြောက်ဒေသတွင် မျှော်လင့် မထားသည့် အဖြစ်များက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တော့သည်။

 

ယင်းသည်က အားလုံးသိထားပြီး ဖြစ်သည့် မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ 3BHA သည် ၁၀၂၇ ဟု အမည်ပေးထားသော ထိုးစစ်ကြီးကို ဆင်နွှဲလာခဲ့သည်။ ယင်းသည် နိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး အတွက် အလှည့်အပြောင်းကြီး ဖြစ်လာနိုင်ပေသည်။ ထိုစစ်ဆင်ရေးကြီး၏ ရည်မှန်းချက်တွင် တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေး နှင့် မြန်မာ ပြည်သူ တရပ်လုံး၏ မျှော်လင့်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်သည်ဟု ပါရှိလာခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာ နယ်ခြား တလျှောက်တွင် တိုးပွား များပြားလာနေသည့် အွန်လိုင်း လောင်းကစား မှုများ၊ လိမ်လည်မှုများကို နှိမ်နှင်းရန် အတွက် ဖြစ်သည်ဟုလည်း ဆိုသည်။

 

3BHA အား ၂၀၁၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် MNDAA, TNLA နှင့် AA တို့ ပါဝင်သည်။ MNDAA တွင် အင်အား ၆,၀၀၀ ခန့်၊ TNLA တွင် အင်အား ၈,၀၀၀ ခန့် နှင့် AA သည် ကချင် နှင့် ရှမ်းမြောက်ဒေသတွင် အင်အား ၅,၀၀၀ မှ ၆,၀၀၀ အထိ ရှိနေ၍ စုစုပေါင်း ၂၀,၀၀၀ ဝန်းကျင်ခန့် ရှိနေသည်ဟု ခန့်မှန်းရသည်။ ၎င်းအဖွဲ့များ နှင့် အတူ ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ် BPLA တို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

 

၁၀၂၇ ထိုးစစ်ကြီးအား စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်နေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များက လည်း ထောက်ခံခဲ့ကြသည်။ ကေအင်ယူသည်လည်း နိုင်ငံတောင်ပိုင်း တွင် ကော့ကရိတ်မြို့ ရှိ စစ်စခန်းများကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်၏ လက်အောက် ကျရောက်နေသည့် ရက် ၁,၀၀၀ ပြည့် သည့် နေ့ကို အမှတ်အသား ပြု၍ ဆင်နွှဲလာသော ၁၀၂၇ ထိုးစစ်ကြီးသည် အချိန်တိုအတွင်း အောင်မြင်မှုများ ဆင့်ကဲဆင့်ကဲ ရရှိလာပြီး ချင်းရွှေဟော် မြို့အား သိမ်းပိုက် နိုင်ခဲ့သည်။ ထို့ပြင် စစ်ဆင်ရေး လမ်းကြောင်း တလျှောက်ရှိ စစ်ကောင်စီ တပ်စခန်း ၅၇ ခု အားလည်း သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် 3BHA ၏ ထိုးစစ်ကြီးကို ဟန့်တား နိုင်ရန် လေကြောင်း နှင့် မြေပြင် လက်နက်ကြီး ပစ်ကူများ နှင့် တန်ပြန်လာခဲ့သည်၊ ၁၀၅ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း မှ ပစ်လိုက်သော ၁၀၅ မမ လက်နက်ကြီး အမြှောက်ဆံ တလုံးတရုတ်ပြည်ထဲရှိ ဝမ်တိန် မြို့ထဲသို့ ကျရောက်ပေါက်ကွဲသွားသည်ဟု တရုတ်၏ WeChat ဆိုရှယ်မီဒီယာ ပေါ်တွင် တရုတ်နိုင်ငံသားများ က ပို့စ်များ ရေးသားလာကြသည်။

 

ကရင်နီ ပြည်သူများ လွတ်မြောက်ရေး တပ်ဦး နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ မိုးကုတ် တပ်ရင်း များ မှလည်း ပါဝင် တိုက်ခိုက်မည်ဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် တပတ်လုံးလုံး ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး ဒေသများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

 

အောက်တိုဘာ ၂၉ တွင် လားရှိုး အရှေ့ဖက်ရှိ စစ်ကောင်စီ တပ်စခန်းကြီး နှစ်ခုကိုလည်း ထပ်မံ သိမ်းယူနိုင်ခဲ့ပြန်သည်၊ သိန္ဓီ တဝိုက်ရှိ စစ်ကောင်စီ စခန်းများလည်း ကျသွားခဲ့ပြီ ဖြစ်သည်။ သိန္ဓီသည် တရုတ်ပြည်သို့ ဆက်သွယ်ထားသော လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် အဝေးပြေးလမ်းမကြီးများ ဆုံရာ အရပ်ဖြစ်၍ မဟာဗျုဟာ အရ လွန်စွာ အရေးပါနေပေသည်။ တပ်တွင်း တွင်လည်း စိတ်ဓါတ်များ ပြိုလဲ ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

၁၀၂၇ ထိုးစစ်ကြီး၏ စစ်ရေး ရည်မှန်းချက် သည် ယခုအချိန်အထိ ဒေသတွင်း အဆင့်သာ ရှိနေသေး၍ မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာနိုင်သည်ကို ကောက်ချက်ချရန်တော့ စောလွန်းနေသေးသည်၊ သို့သော်လည်း ယင်း စစ်ဆင်ရေးသည် တနိုင်ငံလုံး အတိုင်းအတာ နှင့် ရိုက်ခတ်သွားပြီး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီး ချိန်မှစ၍ ထိုသို့သော အရေးပါသည့် အပြောင်းအလဲများ ဖြစ်လာရန် ပြည်သူတရပ်လုံးက မဆုပ်မနစ် တောင်းဆိုနေခဲ့ကြသည်။ လောလောဆယ်တွင် ထိုမျှ အတိုင်းအတာ အထိ ဖြစ်လာရန် စစ်ကောင်စီ နှင့် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများက စွမ်းဆောင် နိုင်ခြင်း မရှိသေးပေ။ 

 

၁၀၂၇ ထိုးစစ်ကြီးသည်ကား လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့် အနေအထားကို အောင်မြင်စွာ ရိုက်ချိုး ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းနှင့် အတူ အဓိက ကျသည့် အချက် သုံးချက် ထွက်ပေါ်လာခဲ့သည်။

 

ပထမ အချက် အနေဖြင့် ညီနောင် သုံးဖွဲ့၏ ထိုးစစ်သည် စစ်အာဏာသိမ်း အဖွဲ့၏ အမှန်တကယ် တိုက်စွမ်းရည်ကို ဖေါ်ထုတ်ပြ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီ ၏ အကြီးအကျယ် အရေးနိမ့်သွားခဲ့မှု ကြောင့် တော်လှန်ရေး အင်အားစုများ အကြား ယုံကြည်မှုများ တဟုန်ထိုး မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ ထိုအချက်သည် စစ်ကောင်စီ ကျဆုံးခန်း အထိ ဦးတည်သွားနိုင်ပေသည်။ ထိုသို့ ဖြစ်မလာပါက စစ်အာဏာရှင် စနစ်သည် မြန်မာပြည်တွင် ဆက်လက် သက်ဆိုးရှည်နေဦးမည်သာ ဖြစ်သည်။

 

ဒုတိယ အချက် အဖြစ် လက်ရှိ တိုက်ပွဲ အရှိန်အဟုန်သည် ရခိုင် ပြည်နယ် အပါအဝင် နိုင်ငံတွင်းရှိ ဒေသများသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာနိုင်ခြင်း ပင် ဖြစ်သည်။ လက်ရှိ ထိုးစစ်တွင် AA ပါဝင်နေ၍ စစ်‌ခေါင်းဆောင်များသည် ရခိုင်ပြည်နယ် အတွင်း ရှိ AA တပ်များအား မည်သို့မည်ပုံ တုန့်ပြန်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း စစ်ကောင်စီသည် လက်ရှိတွင် နောက်ထပ် စစ်မျက်နှာ တခု ဖွင့်ရန် လိုလားဟန် မရှိသေးပေ။ သို့သော်လည်း မကြာမီက ရခိုင်တွင် စစ်တပ်မှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းကြောင့် တင်းမာမှု များ မြင့်တက်လာနေခဲ့သည်။ ရှမ်းပြည်နယ် အတွင်းရှိ အခြားသော လက်နက်ကိုင် အဖွဲ့များမှ လက်ရှိ အခြေအနေကို မည်သို့ အကျိုးရှိအောင် အသုံးချလာမည့် အရေးသည် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

 

တတိယ အချက် အဖြစ် မြန်မာ၏ လက်နက်ကိုင် ပဋိပက္ခတွင် တရုတ်၏ သဘောထား ပြောင်းလဲလာမည် အလားအလာများ တွေ့လာနေရသည်။ လက်ရှိ တိုက်ပွဲများသည် တရုတ်နယ်စပ်နှင့် ကပ်နေသော ဒေသများ တွင် ဖြစ်ပွားနေပြီး ကုန်သွယ်ရေး လမ်းကြောင်း အား လည်း ညီနောင်သုံးဖေါ် အဖွဲ့က အခိုင်အမာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးသည် ထိခိုက်လာနေပြီ ဖြစ်သည်။

 

တရုတ်သည် မြန်မာပြည်အတွင်း အခြေအနေများ တည်ငြိမ်ရေးကို လိုလားသည် ဆိုသော်လည်း အွန်လိုင်း လောင်းကစားများ၊ လိမ်လည်မှုများ ကျုးလွန်နေသော ရာဇဝတ်ဂိုဏ်းများကြောင့် အကြီးအကျယ် စိတ်ပျက်လာနေသည်၊ ထိုဂိုဏ်းများသည် စစ်တပ် ဖွဲ့စည်းပေးထားသော ပြည်သူ့စစ် ဆိုသည့် အဖွဲ့များ နှင့် နယ်ခြားစောင့် တပ်များ၏ အစောင့် အရှောက် အောက်တွင် ရပ်တည်နေကြသည် ဆိုသည်ကိုလည်း သိထားပြီး ဖြစ်သည်။ အဆိုပါ အရေးသည် တရုတ် နှင့် စစ်ကောင်စီ အကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်လာခဲ့သည်။

 

ထို့အတွက် ၁၀၂၇ ထိုးစစ်သည် တရုတ် အာဏာပိုင်များ၏ နားလည်မှု ကို ရထားပြီး ဖြစ်သည်ဟု လေ့လာသူ အချို့က ယုံကြည်လျှက် ရှိသည်။ ထိုးစစ်ကြီး စတင်သည့် နေမှာပင် တရုတ် အစိုးရ အမျက်တော် ပြေ‌စေရန် စစ်ကောင်စီသည် ရန်ကုန်တွင် ထိုရာဇဝတ်မှုများ နှင့် ပတ်သက်နေသော လူ ၁၀၀ ခန့်အား ဖမ်းဆီးပြခဲ့သည်။

 

လက်ရှိတွင် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဆိုသူ တင်အောင်ဆန်းသည် အစည်းအဝေးတက်ရန် ဘီဂျင်းတွင် ရောက်ရှိနေပြီး ၎င်းနှင့် တွေ့ဆုံခဲ့သည့် တရုတ် စစ်ကော်မရှင် ဒုဥက္ကဌ အား အခြေအနေကို ထိန်းချုပ်ပေးပါရန် ၎င်း ပြောမည်ဟု မျှော်လင့်ရပေသည်။ စစ်ကောင်စီ သတင်းမီဒီယာ များ တွင်လည်း အခြေအနေကို ထိန်းချုပ် နိုင်ရန် တရုတ် နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဝါဒ ဖြန့်လာခဲ့သည်။

 

လက်ရှိ အနေအထားကို လာမည့် ရက်များ အတွင်း တရုတ်က မည်သို့ တုန့်ပြန်လာမည် ဆိုသည့် အချက်သည် လွန်စွာ အ‌ရေးပါသော ကဏ္ဍ တွင် ရှိနေပေသည်။ ယခင်က တရုတ်၏ အသည်းအသန် တောင်းဆိုမှုကြောင့် ချက်ခြင်းလို အပစ်အခတ် ရပ်စဲသွားခဲ့သော်လည်း ယခုအခါတွင်မူ MNDAA နှင့် TNLA တို့သည် ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဟု အခိုင်အမာ ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်ပြီး AA ကမူ ယတိပြတ် ပြောဆိုခြင်း မရှိ‌သေးဟု သိရသည်။

 

ပြည်သူများသည် လက်ရှိ ထိုးစစ်ကြီးကြောင့် အရေးပါသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်လျက် ရှိသည်။ 

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ညီနောင်သုံးဖေါ်မှ လက်နက်များ စုဆောင်းနေ၍ တိုက်ခိုက်လာနိုင်သည့် အလားအလာ ရှိမှန်း သိထားပြီး နေပြည်တော်ရှိ စစ်ဌာနချုပ်မှ ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိဟု သိရသည်၊ သို့သော် ထိုမျှ အတိုင်းအတာ အထိ ဖြစ်လာလိမ့်မည်ကို ကြိုတင် တွက်ဆနိုင်ခဲ့ကြခြင်း မရှိပေ။

 

ညီနောင် သုံးဖေါ် အဖွဲ့မှ လာမည့် ပွင့်လင်းရာသီ အထိ ရင်ဆိုင်သွားနိုင်အောင် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

 

TNLA ပြောခွင့်ရ ဗိုလ်မှုးကြီး တာအိုက်ကျော် မှ နိုင်ငံတဝှမ်း ရှိ ပြည်သူများ ယခု စစ်ဆင်ရေးကြီးတွင် ပူးပေါင်း ပါဝင်လာကြမည် ဆိုလျှင် စစ်အာဏာရှင် စနစ်ကို ရိုက်ချိုးနိုင်လိမ့်မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

စစ်ကောင်စီသည် နိုင်ငံတဝှမ်းလုံးမှ အင်အား ၂,၀၀၀ ခန့်အထိ ထုတ်နှုတ်ပြီး စစ်ကူပို့နိုင်ရန် စီစဉ်နေပြီဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ သို့သော်လည်း တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ခုခံနေရ၍ ထိုမျှလောက် အင်အား ထွက်လာနိုင်ဖွယ် မရှိဟုလည်း သုံးသပ်နေကြသည်။

 

(ဧရာဝတီ သတင်းများ နှင့် နှင့် The Diplomat ၏ “A Turning Point for Myanmar Resistance’s Struggle” ကိုးကားသည်)

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!