ဦးရဲထွဋ် ဖမ်းဆီး ခံရမှု

by Hla Soewai - Nov 02 2023

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြန်ကြားရေး ဝန်ကြီး နှင့် ပြောရေးဆိုခွင့် ရှိသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၆၄ နှစ် ရှိ ဦးရဲထွဋ်သည် ယခုအခါ စစ်အာဏာသိမ်း အဖွဲ့၏ သားကောင် ဘဝ ဖြင့် အင်းစိန်ထောင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

 

၎င်းအား ဆိုရှယ် မီဒီယာ တွင် သတင်းမှား များ ဖြန့်ချီ နေမှု၊ နိုင်ငံတော် (သို့မဟုတ်) မင်းအောင်လှိုင်အား အကြည်ညို ပျက်စေမှု နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ၅၀၅ (က) ဖြင့် တရားလို ပြုလုပ် ပြီး တိုင်တန်း ခဲ့ခြင်း ကြောင့် အလုံ ရှိ နေအိမ်တွင် စနေနေ့ ည ရှစ်နာရီ ခန့်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

 

စစ်တပ် လိုလားသော တယ်လီဂရမ် ချန်နယ် များမှ ဦးရဲထွဋ်၏ ပို့စ်တွင် အငြိမ်းစား စစ်အရာရှိကြီး တဦး၏ အိမ်လိပ်စာ ကို ဖေါ်ပြထားခဲ့၍ ဖမ်းဆီးရန် လှုံ့ဆော်သည့် ပို့စ်များ တက်လာပြီးနောက် ယခုလို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု အေပီ သတင်း တွင် ဖေါ်ပြထားသည်။

 

ယင်းကို ကြည့်က စစ်အရာရှိကြီးများ အဖို့ ၎င်းတို့ မည်သည့် နေရာတွင် နေသည်ကိုပင် အသိမခံရဲအောင် ဖြစ်နေရှာသည်ကို တွေ့ရသည်။

 

ဦးရဲထွဋ်သည် လက်ရှိ စစ်အာဏာသိမ်း မှု ကို ဆန့်ကျင်ကြောင်း ကို သွယ်ဝိုက် ရေးသားခဲ့သူ ဖြစ်ပြီး အများ အားဖြင့် သူ၏ ခရီးသွား ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။ အောက်တိုဘာ ၂၇ တွင် အင်းလေးကန်သို့ ခရီး အကြောင်း နောက်ဆုံး ပို့စ် တင်သွားခဲ့သူ ဖြစ်သည်။ သူ့သည် “ဖေ့စ်ဘုတ် ဝန်ကြီး” ဟုပင် အမည်တွင်လာခဲ့သည် အထိ ပို့စ် ပေါင်း များစွာ ကို ရေးသားခဲ့သူ ဖြစ်သည်။ ၂၀၁၂ တွင် အသစ် ပေါ်ပေါက်လာသော ပြည်သု့လွှတ်တော် အား ဝေဖန်ချက်များ ရေးသားနေသည့် ဒေါက်တာ ဆိတ်ဖွားဟု စွပ်စွဲခံခဲ့ရသည်။

 

ဒုတိယ ဗိုလ်မှုးကြီး ဟောင်းလည်း ဖြစ်သူ ဦးရဲထွဋ်သည် ၁၉၇၇ ဒေါ်စိန်အေး ကျောင်း အမှတ်စဉ် (၂၂) ဆင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ စပြီး ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် လူထု ဆက်ဆံရေး ဌာနတွင် တာဝန်ထမ်းဆာင်ခဲ့ပြီး ၂၀၀၉ တွင် ညွှန်ကြားရေးမှုး ချုပ် ဖြစ်လာသူသည် မင်းအောင်လှိုင် လက်ထက်တွင် သတင်းမှား ဖြန့်ချီသူ ဖြစ်သွားခဲ့ရပေပြီ။

 

ဦးရဲထွဋ်သည် ဦးသိန်းစိန်၏ တပည့်သားရင်းလို ဖြစ်နေသည့် အတွက်ကြောင့် မင်းအောင်လှိုင်က ထိုမျှအထိ သည်းငြည်းခံခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အရှေ့မြောက် ဒေသတွင် စစ်ရေး အရ အရေးနိမ့်လာနေသဖြင့် တပ်တွင်း စည်းလုံးညီညွတ်ရေး (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) အတွက် မည်သို့မျှ အထိခိုက် မခံနိုင်အောင် ဖြစ်လာနေသဖြင့် ဖမ်းဆီးရန် ခွင့်ပြုလိုက်ခြင်းပင် ဖြစ်မည်ဟု ယူဆရပေသည်။

 

မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆယ်စုနှစ် တစု နီးပါး တာဝန်ယူလာသူ ဖြစ်ပြီး အသက် ၆၅ နှစ် ကျော်လာသည့် အထိ ရာထူးက လက်မလွှတ်ရဲအောင် ဖြစ်နေသည်၊ ၎င်းအဖို့က စစ်တပ် ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် ထားနိုင်မှသာ (အချုပ်အခြာ အာဏာ) ဖြစ်သည့် မိသားစု ၏ အိုးအိမ်စည်းစိမ် တည်မြဲလိမ့်ရမည် ဟု ယူဆကာ လုံးဝလက်မလွှတ်ရဲပဲ ရာထူးကို စွဲကိုင်ထားသူ ဖြစ်သည်။ ၎င်း သမ္မတ ဖြစ်ရေး အတွက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် စိတ်ချလက်ချ ထားနိုင်မည်ဟု ယူဆထားသူများလည်း ထောင်နန်းစံနေရပြီ ဖြစ်သည်။

 

၎င်းသည် ရေငုပ်သင်္ဘောများ၊ ရုရှား လုပ် ဂျက်တိုက်လေယာဉ်များ အား စိတ်ကူးယဉ်နေသူ ပီပီ ရေတပ် နှင့် လေတပ် ကို တိုးတက်အောင် လုပ်ပေးနိုင်ခဲ့သော်လည်း ကြည်းတပ်အား လျစ်လျုရှုထားခဲ့မှုကြောင့် တိုက်စွမ်းရည်သည် ညံ့ဖျင်းလှသည် ကို မည်သို့မျှ လိမ်ညာ၍ မရအောင် ယခုအခါ ဘွင်းဘွင်းကြီး ပေါ်လာနေပြီး ယခုလို ဖြစ်ရမှု အတွက် ၎င်းသည် တာဝန် အရှိဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။ ယခင် တရုတ်ဖြူ စစ်ဆင်ရေးများ၊ ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲကြီးများသည် အတိတ်၏ စာမျက်နှာတွင် ကျန်ရှိသွားခဲ့ပြီ ဖြစ်သည်။

 

ဦးရဲထွဋ်သည် မင်းးအောင်လှိုင်မှ သူ၏ အာဏာ တည်မြဲရေး အတွက် စစ်တပ်ကို လက်ကိုင်ဒုတ် အဖြစ် အသုံးချနေ၍ ဂုဏ်သိက္ခာ ညိုးနွမ်းလာနေရသည့် အဖြစ် ကို ဆန့်ကျင်ရေးသားရဲသည့် စစ်ဖက် အရာရှိဟောင်း တဦးပင် ဖြစ်သည်။

 

မြောက်ပိုင်း ညီနောင်များ မဟာမိတ် အဖွဲ့ဝင် MNDAA ၏ ၁၀၂၇ ထိုးစစ် တွင် သိမ်းဆည်း ရမိသွားသော သံချပ်ကာ ယာဉ်နှစ်စီးသည် ယူကရိန်းလုပ် MT-LBMSh အမျိုးအစား ကြည်းတပ်သုံး တိုက်ခိုက်ရေး ယာဉ် ဖြစ်ကြောင်း နှင့် ထို ယာဉ်များ အား ၂၀၀၇ တွင် ဆယ်စီး၊ ၂၀၀၉ တွင် ၁၆ စီး တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေး စက်မှုလုပ်ငန်း များ အကြောင်း သတင်း ရေးသားနေသည့် MILITARNYI ဝက်ဆိုက်တွင် ရေးသားထားသည်။

 

မြင်းကောင်ရေအား ၃၃၀ ရှိ အင်ဂျင် တပ်ထားကာ တနာရီ လျှင် ၆၀ ကီလိုမီတာ အထိ သွားနိုင်ပြီး လူဆယ်ဦး အထိ လိုက်ပါ စီးနင်းနိုင်သည်ဟု သိရသည်။

 

သိမ်းဆည်းရမိသွားသော သံချပ်ကာ ယာဉ် နှစ်စီးတွင် တစီးသည် ပြန်လည် ပြင်ဆင် သုံး၍ မရအောင် ပျက်စီးသွားသည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!