နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ကြေငြာချက် ကို ကြိုဆို

by Hla Soewai - Jan 25 2020

နိုင်ငံတကာ မှ အိုင်စီဂျေ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုနေကြပြီး ကုလ အတွင်းရေးမှူးချုပ်က တရားရုံး ၏ ပြဌာန်းထားချက်များအရ ထွက်ပေါ် လာသည့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ နှင့် အထွေထွေ ညီလာခံသို့ ‌ချက်ခြင်း ပေးပို့သွားမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

 

သို့သော် သူတို့ အဖို့က အောင်ပွဲမခံနိုင်ကြသေး၊ နိုင်ငံတကာ၏ ဖိအားပေးမှု ကို လျစ်လျူ ရှုကာ တရုတ်၊ အာဆီယံ တို့နှင့် သာပေါင်း ဖေါ်တတ်လေ့ရှိသော မြန်မာက အိုင်စီဂျေ၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်လားဟုစိုးရိမ်နေကြသည်။ မြန်မာအစိုးရကလည်း ယခုထိ လိုက်နာမည်ဟု မပြောသေး။ ထို့အပြင် မြန်မာကို အရင်ကလို လျော့မတွက်ရဲကြတော့ ပေ။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော နိုင်ငံ ဖြစ်၍လည်း စစ်အစိုးရ လက်ထက်ကလို ပိတ်ဆို့ ဒဏ်ခတ် မှုမျိုး လုပ်ချင်တိုင်း လုပ်၍မရပေ။ဂျပန် ကပင် အိုင်စီဂျေ မည်သို့ပင် ဆုံးဖြတ်ပါစေ မြန်မာဖက်မှ ရပ်တည်သွားမည်ဟု ‌ဗြောင်ကျကျ ဖွင့်ပြောထားပြီး ဖြစ်သည် ။ ထို့အတွက် အာဆီယံကို ချည်းကပ်၍ မြန်မာကိုဖိအားပေးရန်လုပ်လာကြသည်။

 

 

အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် တကယ်တမ်း အာဏာရှိသူသည် လုံခြုံရေး ကောင်စီ ဖြစ်နေပြန်၍ တရုတ်နှင့် ရုရှားကို ကျော်လွှားနိုင်ရန် လမ်းမမြင်။ တရုတ်ကလည်း ထွက်ပြေးသွားသော မူဆလင် များ နေရပ် ပြန်ရေးမှ လွဲ၍ အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်ကို စိတ်မဝင်စားပေ။

 

အိုင်စီဂျေ၏ အမိန့်တွင် မြန်မာ ဖက်မှတောင်းဆိုသော အချက် နှစ်ချက် ပယ်ချခံရပြီး ဂျီနိုဆိုက် မျဉ်းနီ ကို ချည်းကပ်နေသည်ဆိုကာ ဂမ်ဘီယာ တောင်းဆိုသော ကြားဖြတ်အစီအမံ အဖြစ် အချက်၄ ချက်ကို တရားသူကြီး ၁၇ ဦးစလုံးက ကန့်ကွက်သူ မရှိ လိုက်လျောခဲ့၍ ဥပဒေ တိုက်ပွဲတွင် အရေး နိမ့်သွားခဲ့ရသော်လည်း အိုင်စီဂျေ ၏ အမိန့် ထုတ်ပြန်ခဲ့သည့် အချက် လေးချက်ကို စီစစ်ကြည့်မည်ဆိုက ထူးထူးထွေထွေ လိုက်နာစရာ မလိုပေ။

 

အချက် (၁) တွင် ဒုက္ခသည်များ၏ လုံခြုံရေးကို အထူး အစီအစဉ်များ ရေးဆွဲ၍ ကာကွယ်ပေးရမည်။

(ယခုလည်း မည်သူမျှ ၎င်းတို့အား ရန်သတ္တုပြုနေခြင်းမရှိ၊ လက်ခံကြိုဆိုရေး စခန်းဖွင့်၍ပင် ပြန်လည် နေရာ ချထားပေးနေ၍ အချက်(၁) သည် မည်သို့မျှ အရေးမပါပေ။)

 

(၂) တွင် တပ်မတော်နှင့် အခြား အရပ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများက ဂျီနိုဆိုက် မကျူးလွန်ရန်။

(ဤသည်မှာလည်း အထက်ပါ အတိုင်းပင်မည်သူမျှအကြောင်းမဲ့ ပြုလုပ်ကြမည် မဟုတ်ပေ၊ သို့သော် အာဆာ အဖွဲ့က တိုက်ခိုက်လာလျှင် မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်အလိုလို ရှိနေပြီး ဖြစ်သည်။ အချို့သောဆိုက်ဝါးများ ပြောသလို လက်ပိုက်ကြည့်နေရမည်ဆိုသည်မှာလုံးဝမမှန်ပေ။ နိုင်ငံတိုင်းသည် မိမိ၏ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့် ရှိထားပြီး ဖြစ်သည်)

 

(၃) သက်သေခံ အထောက်အထားများကိုဖျက်ဆီးခြင်းမပြုရ

(ဤသည်ကလည်း လွတ်လပ်သော စုံစမ်းရေးကော်မရှင် ၏ သက်သေအထောက်အထားများ ရှိထားပြီး ဖြစ်၍ ထူးထူးထွေထွေ လိုက်နာစရာ မလိုပေ၊ သို့သော် မြန်မာမှ အခင်း ဖြစ်သည်ဟု ယူဆထားသော နေရာများကို ဘူဒိုဇာများဖြင့် မြေညှိခြင်း၊ မြေဖို့ခြင်းများ လုပ်၍မရ ဟူသောသဘောလည်းသက်ဝင်နေပြီး၎င်းကို ရှောင်ကျဉ်ရမှာ ဖြစ်ပေသည်)

 

(၄) အစီရင်ခံစာ တင်သွင်းရမည်ဆိုသည်ကလည်း မိမိ တို့ လက်ရှိ လုပ်နေသော လုပ်ငန်းများကို စာတတန်ပေတဖွဲ့ ဖြင် တင်ပြရန်သာ ရှိ၍ ကမ္ဘာကပင် သိရှိခွင့် ရပေဦးမည်။ တင်သွင်းမည်ဆိုက မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည် ဖြစ်သည်။

 

အဓိက အချက် ဖြစ်သော ကုလ စုံစမ်းရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဆိုသည့် အရေးသည် အမှန်တကယ်သေရေး ရှင်ရေးဖြစ်သည်။ သို့သော် နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် သွားရောက်၍ အချက်ကျကျလျောက်လဲနိုင်ခဲ့မှု ၊သူမ၏ အမျှော်အမြင်ကြီးစွာဖြင့် ပြီးခဲ့သည့် နှစ် နှစ် အတွင်းမှာပင်ယုံကြည်နိုင်လောက်သော ပြည်ပ ပုဂ္ဂိုလ်များနှင့် ICoE ကို ကြိုတင် ဖွဲ့စည်းပေးနိုင်ခဲ့သဖြင့် ထိုအရေး မှ လွတ်မြောက်သွားခဲ့ပေသည်။

 

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန သည် မိမိတိုသိရှိကြောင်း ခပ်တိုတိုသာ ကြေငြာချက်ထုတ်ခဲ့ပြီး လိုက်နာမည် မလိုက်နာမည်ကို မည်သို့မျှ ရည်ညွန်းဖေါ်ပြခဲ့ခြင်း မရှိပေ။

 

ဤသည်က လုံးဝသင့်လျှော် မှန်ကန်သည့်ကြေငြာချက် ဖြစ်၍ ကြိုဆိုလိုက်ရပါသည်။ မိမိတို့ ပုံမှန် လုပ်နေသော အလုပ်များကို ၎င်းတို့ အမိန့်ထုတ်၍ လုပ်ရသလိုမျိုး အဓိပ္ပါယ်ထွက်သွားနိုင်၍ ဖြစ်ပါသည်။ မြန်မာ အနေဖြင့် လာသမျှ ဖိအား များကို ကြံ့ကြံခံ တွန်းလှန်ပြီး လိုက်နာမည် ဆိုသည်ကို မပြောရန်လိုအပ်သည်ဟု ထင်မြင်မိပေသည်။

 

 

မြန်မာပြည်အား ဂျီနိုဆိုက် ကျူးလွန်ခြင်း ရှိမရှိ ဆိုသော အမှု နှင့်ပတ်သက်၍ ဆက်လက် တိုက်ပွဲဝင်ရဦးမှာ လည်းဖြစ်သည်။ ဤသည်မှာအချိန်ကြာလာသည်နှင့်အမျ အားပျော့သွားမည်ဖြစ်‌ ပေသည်။