ရက်တထောင် ပြည့် နှင့် ၁၀၂၇ ထိုးစစ်

by Hla Soewai - Nov 02 2023

၂၀၂၃ အောက်တိုဘာ ၂၇ ရက်သည် အကြမ်းဖက် အာဏာ သိမ်းယူခဲ့ကြသည့် စစ်ဗိုလ်ချုပ်များ လက်အောက် ရောက်ခဲ့သည် မှာ ရက်ပေါင်း ၁,၀၀၀ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်ဟု အ‌မေရိကန် အခြေစိုက် နိုင်ငံတကာ ရီပတ်ဘလီကင် အင်စတီကျူ ၏ ဆောင်းပါးတွင် ပါရှိလာခဲ့သည်။

 

ကမ္ဘာသမိုင်းတွင် သွေးထွက်သံယိုမှု အများဆုံး အာဏာသိမ်းပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ 

 

လက်ရှိတွင် ကလေး သူငယ် ၅၀၀ ခန့် အပါအဝင် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့သည့် ထိုအာဏာသိမ်းယူမှု ကြီးအား လုပ်သင့် လုပ်ထိုက်မှု အဖြစ် စစ်ဗိုလ်ချုပ်များ သမိုင်းတွင် မည်သို့ အကြောင်းပြ ထုချေ၍ ရနိုင်တော့မည် မဟုတ်ပေ။

 

အဆိုပါ အဖြစ်ဆိုးကြီးကြောင့် ရှေ့ လျောက်အာဏာရှင် များ ထွက်ပေါ်လာပါက ထိုကဲ့သို့ ကြောက်မက်ဖွယ် အဖြစ်သနစ်များ ထွက်ပေါ်လာတော့မည် ဆိုသည်ကို ကမ္ဘာကြီးအား သတိပေးနေသကဲ့သို့ ရှိနေပေသည်။

 

လွတ်လပ်မှု နှင့် ဒီမိုကရေစီ အရသာကို ကောင်းစွာ မြည်းစမ်း နိုင်ခဲ့ခြင်းကပင် လက်ရှိ ‌‌နွေဦးတော်လှန်ရေးသည် ယခင့် ယခင် စစ်အစိုးရ အဆက်ဆက်အား လူထု အုံကြွ ဆန့်ကျင်ခဲ့မှု များ နှင့် လုံးဝခြားနားသွားစေခဲ့သည်ဟု The Diplomat စာစောင်တွင် ရေးသားထားသည်။

 

ထို့အတွက် စစ်ဗိုလ်ချုပ်များသည် အာရပ် ပုံပြင်လာ မီးခွက်စောင့် ဘီလူးအား မီးခွက်ထဲ ပြန်သိမ်း၍ မရတော့သည့် အဖြစ်နှင့် အလားသဏ္ဍန် တူနေပြီ ဖြစ်သည်။

 

ရှေ့လျောက် အာဏာကို ဆက်၍ ဆုပ်ကိုင်ထားနိုင်ရန် အတွက် ၎င်းတို့၏ တခုတည်းသော မျှော်လင့်ချက်သည် ဆက်၍ အကြမ်းဖက် နိုင်မှ ဖြစ်မည် ဟူ၍ပင် ဖြစ်သည်။

 

အောက်တိုဘာ ၂၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ အာဏာသိမ်း အဖွဲ့ ရှေ့လျောက် ချည့်နဲ့သွားစေရန် မှာ နိုင်ငံတကာ အနေဖြင့် ညီညီညွတ်ညွတ် ဖြင့် ၎င်းတို့၏ အဓိက ဘဏ္ဍာရေး အဖွဲ့အစည်းများ နှင့် လေယာဉ် ဆီများ ဝယ်ယူနိုင်နေမှု တို့အား အဓိက ပစ်မှတ် ထား၍ ပိတ်ဆို့နိုင်မှ ဖြစ်မည်ဟု ပြောသွားခဲ့သည်။

 

လက်ရှိ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့၏ ထိုးစစ်သည် အောင်ပွဲများ ဆက်တိုက်ရရှိနေပြီး နှစ်ရက်အတွင်း စစ်ကောင်စီ၏ အထိုင် စစ်စခန်း ၃၀ ကျော် ကို သိမ်းပိုက် နိုင်ခဲ့ပြီဟု သိရသည်။

 

စစ်ကောင်စီ တပ်များ ဖက်မှ အကျအဆုံး ရာချီ ရှိနေပြီး ဆယ်ဦး အား သုံ့ပန်း အဖြစ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

 

ထိုအထဲတွင် TNLA တပ်များမှ နောင်ချို၊ နမ်ခမ်း၊ လားရှိုး အပါအဝင် စစ်စခန်း ၆ ခု၊ MNDAA သည် လောက်ကိုင် မြို့နယ် အတွင်းရှိ ချင်းရွှေဟော် အပါအဝင် စစ်စခန်း ၆ ခု တို့ ပါဝင်ပြီး လောက်ကိုင် အားလည်း သိမ်းနိုင်လု ဆဲဆဲ အနေအထား တွင် ရှိနေပြီ ဖြစ်သည်။ ချင်းရွှေဟော်တွင် စစ်ကောင်စီ တပ်များ၏ သံချပ်ကာ ယာဉ် နှစ်စီးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

 

ချင်းရွှေဟော် ဒေသခံ ငါးရာကျော်သည် တရုတ်နိုင်ငံထဲသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

လားရှိူး ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား လောင်ချာ များ နှင့် လေးကြိမ်တိတိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ လာရှိုး လေယာဉ် ကွင်းအားလည်း ပိတ်ထားလိုက်ရပြီ ဖြစ်သည်။ တိုက်ပွဲများ လားရှိုး မြိုတွင်း ဖြစ်ပွားနေဆဲ ဟု ဆိုသည်။

 

ယခုအခါ တရုတ် နှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း မှန်သမျှအား မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့၏ ထိန်းချုပ်မှု အောက် ရောက်ရှိသွားပြီ ဖြစ်သည်။

 

လက်ရှိ တွင် သိန္ဒီ တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

 

၁၀၂၇ ထိုးစစ်အား စစ်ကောင်စီ မှ ကြိုသိနေသော်လည်း ခေါင်းဆောင်၏ ညံ့ဖျင်းချက်ကြောင့် ယခုလို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်း ဖြစ်သည်ဟု NUG အတွင်းဝန်တဦး ၏ အပြောကို ကိုးကား၍ ခေတ်သစ် မီဒီယာ သတင်းတွင် ပါရှိလာသည်။ ကာကွယ်ရေး ဦးစီးချုပ် ရာထူး ယူထားသော မင်းအောင်လှိုင်သည် မည်သူ အပေါ် အပြစ်ပုံချရမည်ကို စဉ်းစားခန်း ဖွင့်နေလောက်ပြီ ဖြစ်သည်။

 

စစ်အာဏာရှင် ဖြုတ်ချ ရေး ၁၀၂၇ ထိုးစစ်အား အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်ဦး၊ မန္တလေး၊ မိုးကုတ် ပြည်သူ့ ကာကွယ်ရေး တပ်များက ကြိုဆိုလိုက်ပြီး မိမိတို့မှလည်း အရှိန်မြှ့င် အတူ လက်တွဲ တိုက်ခိုက်သွားမည်ဟု ဆိုသည်။

 

လက်တဆုပ်စာ လူတစု၏ ထောက်ခံမှု သာ ရရှိထားသည့် စစ်ကောင်စီ တပ်များ အဖို့ ကျသွားပြီး ဖြစ်သည့် စခန်းတိုင်းအား ပြန်လည် သိမ်းယူနိုင်သည့် စိတ်ဓါတ် နှင့် ခွန်အား မရှိတော့ပေ။

 

လက်ရှိတွင် စိတ်ဓါတ်ရေးရာ အရ ကစဉ့်ကလျား ဖြစ်နေသော ရန်သူကို ဆက်လက် အရှိန်မြှင့် တိုက်ဖို့သာ လိုပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!