နိဂုံး ၏ အစ လော

by Hla Soewai - Nov 02 2023

မြောက်ပိုင်း ညီနောင် သုံးဖေါ် အဖွဲ့ မှ ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ နမ်းခမ်း၊ နောင်ချို၊ ချင်းရွှေဟော် နှင့် မန္တလေး တိုင်း မိုးကုတ်မြို့များသို့ သောကြာနေ့ မနက်လင်းအားကြီး ၄ နာရီခန့် တွင် တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည် ဆိုသော သတင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် ပါရှိလာပြီ ဖြစ်သည်။

 

ထိုသို့ ဟာမားစ် စတိုင် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကို အောက်တိုဘာ ၂၇ ရက်နေ့ အား အစွဲပြု၍ ၁၀၂၇ စစ်ဆင်ရေး ဟု အမည်ပေးထားပြီး ကချင် ပြည်နယ် မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် ပြီးနောက် နှစ်ပတ် အကြာတွင် ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

 

AA, TNLA, နှင့် MNDAA တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ ထုတ်ပြန်သော ကျေညာချက်တွင် ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ပြည်သူများအား စိတ်ရှိတိုင်း လက်နက်ကြီးများ၊ လေကြောင်းမှ အကြမ်းဖက်နေမှု များ မှ အကာအကွယ်ပေးရန် ဆင်နွှဲခြင်း ဖြစ်သည်ဟု ပါရှိသည်။

 

ကျေညာချက်၏ အဆုံးသတ်တွင် ရှမ်းပြည် အထူး အုပ်ချုပ်ရေး ဒေသ ကိုးကန့်တွင် အခြေစိုက်ပြီး အွန်လိုင်း မှ လိမ်လည်သည့် ဂိုဏ်းများ ပပျောက်သွားရန်လည်း ရည်ရွယ်သည်ဟု ပါရှိသည်။

 

ထိုစစ်ဆင်ရေး တွင် လာရှိုး မြို့ဝင် စစ်ကြောရေး ဂိတ် အပါအဝင် စစ်ကောင်စီ အထိုင်ချ စခန်းများကို တိုက်ခိုက်ခဲ့ကြပြီး လာရှိုး-မူဆယ် အဝေးပြေးလမ်းမကြီး၊ လားရှိုး-ချင်းရွှေဟော် လမ်းများကို ပိတ်ဆို့ လိုက်ပြီ ဖြစ်သည်ဟု MNDAA ၏ သီးခြား ကျေညာချက်တွင် ပါရှိသည်။ ချင်းရွှေ‌‌ ဟော်အား လည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသည်။ ချင်းရွှေဟော် တံတား၊ ဟိုပန်၊ ကွမ်းလုံ နှင့် မိုင်းကိုးရှိ စစ်ကောင်စီ စခန်းများအားလည်း သိမ်းပိုက်နိုင်ခဲ့သည်။ အွန်လိုင်းတွင်လည်း ချင်းရွှေဟော် စစ်ကြောရေး ဂိတ်အနီး ရဲ နှင့် ပျုစောထီးများ လမ်းများ ပေါ်တွင် တုံးလုံး ပက်လက် ဖြစ်နေသည့်ပုံများလည်း ပျံ့နှံ့လာသည်။

 

အာဏာသိမ်း အဖွဲ့ မှ ထုံးစံအတိုင်း လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ များ နှင့် လာရှိုးအား နံနက် ရှစ်နာရီခန့်တွင် ပြန်လည် တိုက်ခိုက်လာသည်ဟု ဒေသခံများက ဆိုသည်။ စစ်တပ် ၏ တယ်လီဂရမ် ချန်နယ်များ မှ လည်း မြောက်ပိုင်း ညီနောင်များ အဖွဲ့သည် မြို့ပေါင်း ၁၂ မြို့ကို တပြိုင်တည်း တိုက်ခိုက်လာသည်ဟု ရေးသားထားကြောင်း AFP သတင်းတွင် ပါရှိလာခဲ့သည်။ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှလည်း အဆိုပါ တိုက်ခိုက်ခံခဲ့ရမှု ကို စစ်တပ် လိုလားသော NP မီဒီယာ အား အတည်ပြု ခဲ့ပြီး ချင်းရွှေဟော် မြို့ရှိ ဟိုတယ် ကို တိုက်ခိုက်ပြီး ဝန်ထမ်းများကို ဖမ်းဆီးသွားသည်ဟု လည်း ပြောကြောင်း AP သတင်းတွင် ပါရှိလာသည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ မော် နင်း မှ အပစ်အခတ် အမြန်ဆုံး ရပ်စဲကြပြီး ငြိမ်းချမ်းသော နည်း ဖြင့် ဆွေးနွေး အဖြေရှာကြပါရန် တိုက်တွန်းကြောင်း သတင်းထောက်များ၏ အမေးကို တုန့်ပြန် ဖြေ ကြားသွားသည်။ 

 

သို့သော် စစ်ဆင်ရေး ၁၀၂၇ ၏ ကျေညာချက်တွင် ပါရှိသော ရည်ရွယ်ချက်များ အကောင်အထည် ဖေါ်‌ရေးသည် စစ်အာဏာသိမ်း အဖွဲ့၏ လမ်းစဉ် နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေ၍ မည်သို့များ အဖြေရှာ၍ ရပေမည်နည်း။

 

စစ်ကောင်စီ နှင့် ၎င်းတို့ အား ထောက်ခံနေသူများသည် လေကြောင်းပစ်ကူ နှင့် လက်နက်ကြီး များ အားကိုးပြီး ရပ်တည် နေကြရခြင်း ဖြစ်၍ ထိုအတိုင်း နှင့် ပြီးသွားမည် မဟုတ်ပဲ ယင်း အား တန်ပြန် နိုင်မည့် လက်နက်များ၊ နည်းလမ်း များသည် မည်သည့် အချိန်ဟုသာ မပြောနိုင်သော်လည်း အနှေး နှင့် အမြန် ထွက်ပေါ်လာတော့မည် ဆိုသည်ကို သတိချပ်ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းနေသူများ မိမိတို့ အန္တရာယ်ကို မိမိတို့ ကြိုတင် ကြည့်ရှောင်ကြမှသာ ဖြစ်ပေတော့မည်။

 

၁၉၇၅ တွင် ဆိုင်းဂုံတွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်မည့် ဆိုလျှင် တောင်ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီးများက ရွှေ နှင့် ဒေါ်လာများ ထည့်ထားသော အိတ်ကြီး အိတ်ငယ်များ သယ်ကာ လေယာဉ်၊ ရဟတ်ယာဉ် များ နှင့် အမေရိကန် စစ်စခန်း များ ရှိရာ ထွက်ပြေးသွားကြသော်လည်း တောင်ဗီယက်နမ် အစိုးရ အပေါ် သစ္စာ ခံခဲ့ကြသူများ အဖို့က နိုင်ငံမှ ထွက်ခွာခွင့်ရရန် အမေရိကန် သံရုံး အပြင်ဖက်တွင် အလုအယက် တိုးဝှေ့နေကြသည့် မြင်ကွင်းကို ပုံတွင် တွေ့နိုင်ပေသည်။ 

 

ကရင် အမျိုးသား လွတ်မြောက်‌ရေး တပ် KNLA နှင့် တော်လှန်ရေး တပ်များ ပူးပေါင်းပြီး ကော့ကရိတ်၊ သရက်ချောင်း နှင့် ကျောက်ကြီး မြို့များအားလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ကြပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!