ကရင် နီ တို့ ၏ ၁၁၀၇ စစ်ဆင်ရေး စတင်၊ ပေါက်ဖေါ်ကြီး ဒေါကန်လာပြီ

by Hla Soewai - Nov 10 2023

ကရင်နီ ပြည်နယ် အတွင်းရှိ စစ်ကောင်စီ အား ခုခံ တွန်းလှန်နေသည့် လက်နက်ကိုင် အဖွဲ့များ တပေါင်းတစည်း ထဲ စုစည်းကာ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ပြီး ၁၁၀၇ ဟု အမည်ပေးထားသည့် ထိုးစစ်ကြီးကို စတင်လာပြီ ဖြစ်သည်။

 

ပွဲဦးထွက်အဖြစ် မယ်စဲ့ မြို့နယ် အတွင်းရှိ ပန်တိန်း BGF တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

 

ဗျုဟာမှုး ကျဆုံးပြီး နေပြည်တော်တွင် မင်းအောင်လှိုင်မှ အရေးပေါ် အစည်းအဝေး ထိုင်ရသည် အထိ ဖြစ်လာသော မုန်ကိုး စစ်ဗျုဟာကုန်း အား မဟာမိတ် တပ်များက သိမ်းယူ နိုင်ခဲ့ပြန်သည်။ ထို တိုက်ပွဲ တွင် ဖက်စစ် တပ်များထံမှ သံချပ်ကာ တစီး ထပ်မံရရှိခဲ့သည်ဟုလည်း သိရသည်။

 

မင်းအောင်လှိုင်သည် အင်းစိန် နား အထိ ချည်းကပ်လာနိုင်‌ သော KNDO အဖွဲကို ပင် ပြန် တိုက်ထုတ် နိုင်ခဲ့သေးသည်ဟု စိတ်ကူးယဉ် ကောင်း ယဉ်နေဦးမည်သာ ဖြစ်သည်။

 

သို့သော်လည်း ထိုးစစ်ကြီး စတင်ပြီး ဆယ်ရက်အတွင်း စခန်းပေါင်း ၁၂၀ နီးပါးကို လက်လွှတ်ခဲ့ရပြီး တန်ပြန် ထိုးစစ် ဆင်နွှဲနိုင်ဖို့ အသာထားဘိဦး၊ လောက်ကိုင် မြို့ အား မဟာမိတ်တပ်များ လက် မကျရန် ပင် အသည်း အသန် လုံးပမ်းနေရသည်။

 

စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ရှိ လက်တောင်းကြီး ကျေးရွာ အနီးတွင် မဟာမိတ် အဖွဲ့မှ ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် ဖက်ဆစ်တပ်များ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

 

ယနေ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရ ဝမ် ဝင်ဘင်း မှ ‌မြန်မာပြည် မြောက်ပိုင်း တိုက်ပွဲများ ကြောင့် တရုတ် နိုင်ငံသားများ ထိခိုက်မှု ရှိလာကြောင်း အတည်ပြု ပြောကြားလာသည်။

 

ဒဏ်ရာရ သို့မဟုတ် သေဆုံး ဆိုသည်ကိုမူ အတည် အကျ ပြောဆိုခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်များမှ လိုင်ဇာ ဌာနချုပ်ကို အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ရာမှ လက်နက်ကြီး ကျည်များ ကျရောက်သွားခြင်း ဖြစ်ပြီး တဦး သေ၊ နှစ်ဦး ဒဏ်ရာရသွားသည်ဟု မြန်မာ နိုင်ငံတွင်း သတင်းများက ဆိုသည်ဟု Hong Kong Free Press သတင်းတွင် ပါရှိခဲ့သည်။

 

မြန်မာနိုင်ငံ အတွင်း ပဋိပက္ခ အရှိန် မြင့်တက်လာမှု နှင့် မိမိတို့ နိုင်ငံသားများ ထိခိုက် လာနေမှု အပေါ် မိမိတို့ လုံးဝ ကျေနပ်ခြင်း မရှိ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကန့်ကွက်ထားပြီး ဖြစ်သည်၊ လက်ရှိ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။

 

‌နောက်တကြိမ် ထပ် ဖြစ်မည်ဆိုက နယ်ခြား‌ ဒေသရှိ တရုတ် နိုင်ငံသားများ၏ အသက် အိုးအိမ် ကို ကာကွယ်နိုင်ရန် လက်တွေ့ကျကျ အရေးယူ ဆောင်ရွက် သွားမည်ဟု လည်း သတိပေးသွားခဲ့သည်။

 

ဤနေရာတွင် ၎င်းတို့ နိုင်ငံသား တယောက်တ‌လေ ထိခိုက်ဒဏ်ရာရသည်ကို ရေးကြီးခွင်ကျယ် လုပ်နေသော်လည်း နိုင်ငံတွင်း လူ ထောင်ပေါင်းများစွာ သေဆုံးလာနေသည့် ပဋိပက္ခကြီးကို စိတ်ရင်းကောင်း ဖြင့် ဖြေရှင်း ပေးခြင်း မရှိပဲ ကြက်လည်း ပမ်း ယာလည်း ညက် ဆိုသည့် သဘောထား မျိုး အထင်အရှား တွေ့လာရသည်။ တရုတ်သည် မြန်မာ စစ်ဗိုလ်ချုပ်များ ဒူးထောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေဟန် ရှိသည်။

 

လောလောဆယ် တွင် တရုတ် နိုင်ငံတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားကြသော ဒုက္ခသည် ၅,၀၀၀ ခန့်အား ဝ မှ တနင်္ဂ‌နွေ နေ့မှစ၍ ပြန်လည် လက်ခံ ပေးနေသည်ဟု သိရသည်။

 

စစ်ကောင်စီ တပ်များသည် ဝိုင်းမော် မြို့နယ် အတွင်းရှိ မြစ်ကြီးနား-ဗန်းမော် အဝေးပြေးလမ်းမကြီး ပေါ်ရှိ စစ်စခန်း နှစ်ခုကို လက်လွှတ် ခဲ့ရပြီးနောက် ကြွက်မနိုင် ကျီ မီးနှင့် ရှို့မည် ဆိုကာ ကချင် လွတ်မြောက်ရေး တပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာကို လေကြောင်းမှ ၎င်း၊ လက်နက်ကြီးများဖြင့် ၎င်း ပစ်ခတ် တိုက်ခိုက်လျက် ရှိနေသည်ဟု သိရသည်။

 

ရှမ်းမြောက်ကို တန်ပြန် ထိုးစစ်ဆင်နိုင်ရန် စိုးဝင်းသည် လားရှိုး ရှိ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တွင် အထိုင်ချ ကွပ်ကဲနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ခရိုင် အုပ်ချုပ်ရေး မြို့ကြီးအား အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သိမ်းပိုက် နိုင်ခဲ့မှု သည် မြန်မာအရေး လေ့လာစောင့်ကြည့်နေသည့် နိုင်ငံများ အကြား အံဩတုန်လှုပ်သွားစေခဲ့သည် ဟု နိုင်ငံတကာ သတင်းများ အရ သိရသည်။ ကုလ မှ ပင် စစ်ဘေးရှောင်များ အတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်း အတွင်းရေး မှုး ချုပ်၏ ပြောခွင့်ရ က ဆိုသည်။

 

စစ်ကောင်စီ အား မိမိ အန္တရာယ်ကို မစဉ်းစားပဲအဆင်ခြင်မဲ့ မျက်စိစုံမှိတ် ထောက်ခံနေကြသူ များ ရှိ‌ နေ သော်လည်း စစ်ဖက် အထက်တန်း အရာရှိကြီးများ နှင့် ဗိုလ်ချုပ် ဟောင်းများကမူ လိုအပ်လျှင် ရှောင်နိုင် တိမ်းနိုင်ရန် တဖက်နိုင်ငံတွင် ကွန်ဒိုများ ဝယ်ယူထားကြပြီး ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

ပြည်သူ ကာကွယ်ရေး တပ်များ နှင့် တိုင်းရင်းသား မဟာမိတ်များ စည်းလုံး ညီညွတ်စွာ လက်တွဲ ပြီး ဆက်၍ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဆိုလျှင် မင်းအောင်လှိုင်၏ နောက်ဆုံးရက်များသည် လက်ချိုး ရေတွက်၍ ရတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!