တရုတ်၏ မီးစတဖက် ရေမှုတ်တဖက် သံခင်းတမန်ခင်း အလုပ်မဖြစ်တော့။ ကောလင်း၊ နမ်းခမ်း သိမ်းပြီ

by Hla Soewai - Nov 10 2023

ထိုးစစ် အရှိန် မြင့်မားလာသည့် အတွက် ဘီဂျင်းမှ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နွန်‌ယောင်ကို စေလွှတ်ပြီး နယ်စပ် ဒေသ အခြေအနေများ တည်ငြိမ် မှု ရရှိရေး ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ အား တောင်းဆို ဖိအားပေးလာနေသည်။ ထို့ပြင် မြန်မာ ပိုင်နက်ထဲရှိ ၎င်းတို့ပိုင် ရေနံဓါတ်ငွေ့ ပိုက်လိုင်းအားလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးခဲ့သည်ဟု ဟောင်ကောင် ထုတ် South China Morning Post သတင်းစာတွင် ဖေါ်ပြထားသည်။ 

 

တနင်္လာနေ့က ထုတ်ပြန်သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကျေညာချက်တွင် နယ်စပ်ဒေသ တည်ငြိမ်မှု ရှိရေး အမြန် ဆောင်ရွက်ရန် နှင့် တရုတ် ဖက်ခြမ်း ရှိ နိုင်ငံသား များ လုံခြုံမှု ကို အကာအကွယ် ပေးရန် တောင်းဆိုကြောင်း ပါရှိလာခဲ့သည်။

 

ရွှေလီ မြို့ရှိ အိမ်များ လမ်းများ ပျက်စီးသွားသည့် ပုံများကို တရုတ် ဆိုရှယ် မီဒီယာများ တွင် ပါရှိလာသော်လည်း ဘီဂျင်းမှ တရားဝင် အတည်ပြုခြင်း မရှိသေးပေ။

 

စစ်ကောင်စီ မှ ထိုခရီးစဉ်အား ရပ်ဝန်း နှင့် လမ်းစီမံကိန်း ဆွေး‌နွေးသည်ဟုသာ ဖေါ့၍ ‌ပြောဆိုခဲ့သည်။ 

 

တရုတ် သည် မြန်မာ အာဏာသိမ်း အဖွဲ့အား အခြေအနေ မှန်ကို သိစေရန် လာရောက် နားချပြီး အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းပေါ်သို့ တွန်းတင်ပေးလိုဟန် ရှိနေသည်ဟု ယူဆရသည်။ ကျေညာချက်တွင်လည်း ကွဲလွဲမှု များကို ဖွဲ့စည်းပုံ ဥပဒေ ဘောင်အတွင်းမှ ‌‌ဆွေးနွေးညှိနှိုင်း အဖြေရှာရန်လည်း တိုက်တွန်းထားသည်။

 

သို့သော် စစ်အာဏာရှင်စနစ် အား အမြစ်ဖြတ်မည်ဟု အတိအလင်း ပြောဆိုထားပြီး ဖြစ်သော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များက ယင်း၏ ရေသောက်မြစ် ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ချခဲ့ပြီး ဖြစ်သည်။ ထို့အတွက် တရုတ်၏ မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေးသည် ရှေ့ဆက် အလုပ် ဖြစ်မည့် အလားအလာ မရှိတော့ပေ။

 

နယ်စပ်‌‌ ဒေသ ရှိ တရုတ် ထောက်လှမ်းရေး ဖက်မှ ၁၀၂၇ စစ်ဆင်ရေး ကြီးအား ကြိုတင်သိခဲ့ခြင်း မရှိဟု ဆိုသည်ကို ယုံကြည်သူ နည်းပါးနေပေသည်၊ သိသာထင်ရှားသည်က တရုတ်ဖက်မှ တစုံတရာ တားမြစ်ခဲ့ခြင်း မျိုး မ‌တွေ့ရ၍ စဉ်းစားရ ခက်နေကြောင်း ဘာတေး လစ်တနာက ဧရာဝတီ တွင် ရေးသားထားသည်။

 

ယခုအခါ တရုတ်တို့ အတွက် အနည်းဆုံး ဒေါ်လာ ဘီလီယံ ၄၀ ခန့် ပြင်ပသို့ ယိုစိမ့်လာနေသည့် အွန်လိုင်း လိမ်လည်သည့် ဂိုဏ်းများကြောင့် ခေါင်းခဲစရာ ဖြစ်လာရသည်။

 

လက်ရှိ တိုက်ပွဲများသည် တရုတ်တို့ အတွက် ရေရှည်တွင် ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။

 

တရုတ်သည် မြန်မာအား စည်းလုံးညီညွတ်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်လာမည်ကို မလိုလားပဲ ယခုလို စစ်ဗိုလ်ချုပ် များ အား ချော့တလှည့် ချောက်တလှည့် ဖြင့် စီးပွားရေး အခွင့် အလန်းများကို လက်ကုန်နှိုက် ထုတ်နိုင်ရန်သာ ရည်ရွယ်ထားသည်။

 

ထိုးစစ်ကြီး စတင်ပြီး တပတ် အတွင်း တရုတ် အထက်တန်း အရာရှိကြီး နှစ်ဦး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ရောက်လာခဲ့ပြီးလည်း ဖြစ်သည်။

 

အမေရိကန်သည်လည်း မြန်မာအား တရုတ်၏ နောက်ဖေးခြံသာ သာ လောက်သာ သဘောထားနေ၍ ဝင်ရောက်စွက်ဖက်လိုစိတ် မရှိပေ၊ စစ်အေး တိုက်ပွဲကြီး ကာလ အတွင်းကလည်း ကျူးဘား ဒုံးပျံ အရေး အခင်း နောက်ပိုင်း ဆိုဗီယက်တို့သည် လက်တင် အမေရိက အား ထုတ်မပြော‌ သော်လည်းအလားတူ အမေရိကန်၏ နောက်ဖေးခြံဟု ယူဆကာ လက်ရှောင်သွားခဲ့သည့် အစဉ်အလာလည်း ရှိခဲ့ဖူးသည်။

 

ဘီဂျင်းမှ ထိုသို့ ယူဆထား‌ သော်လည်း ၁၀၂၇ ထိုးစစ်ကြီးသည် မိမိတို့၏ တိုင်းရင်းသား မဟာမိတ်များ နှင့် အတူ အလေးအနက် ‌ဆွေးနွေးခဲ့ပြီး "လမ်းအားလုံး နေပြည်တော်ဆီသို့" စစ်ဆင်ရေး ကို ချမှတ်ခဲ့ကြခြင်း ဖြစ်၍ ရှမ်းမြောက် စစိဆင်ရေးသည်လည်း ယင်း၏ တစိတ်တဒေသ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မှ မဇ္ဇျိမ သတင်းဌာန တွင် အတည်ပြု ပြောကြားသွားခဲ့သည်။

 

ယခုအခါ TNLA မှ နမ်းခမ်း မြို့ကို ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်ကြောင်း သတင်းဓါတ်ပုံများ နှင့် အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး အဖွဲ့များက စစ်ကိုင်းတိုင်း အတွင်းရှိ ခရိုင် မြို့ကြီး တမြို့ ဖြစ်သော ကောလင်းအား လေးရက်ကြာ ထိုးစစ်ဆင်ပြီး နောက် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း အေပီ သတင်းဌာနမှ တဆင့် နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။ 

 

ယင်းသည် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၏ အကြီးမား ဆုံး အောင်ပွဲကြီး စတင် ရရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

 

ရေရှည် တွင် တမြို့ပြီးတမြိူ့ကို ခက်ခက်ခဲခဲ တိုက်ယူ နေစရာ မလိုတော့ပဲ တပ်ကို စွန့်ခွာသွားခြင်း၊ လက်နက်ချခြင်း များ နှင့် သူ့အလိုလို ပြိုဆင်းကျလာတော့မည် ဖြစ်သည်။

 

ခေတ်သစ် ၏ တပ်တွင်း သတင်းအရင်း အမြစ်များ မှ လာသော နောက်ဆုံးရရှိသည့် သတင်းအရ မုန်းကိုး အခြေပြု ဗျူဟာ စခန်းတွင် တပ်မ ၉၉ တပ်မမှူး ယာယီ ဗိုလ်မှုးချုပ် ဖြစ်သည့် ဗိုလ်မှုးကြီး အောင်ကျော်လွင် ဒရုန်းထိမှန် သေဆုံးသွားသည်ဟု သိရသည်။ ခမရ ၁၁၃ ဒုတပ်ရင်းမှုး နှင့် အရာရှိ များ အပါအဝင် ၇ ဦး၊ ခမရ ၄၁၈ မှလည်း အရာရှိများလည်း သေဆုံးကုန်သည်ဟု သိရသည်။

 

ယခုအခါ TNLA သည် နောင်ချို မြို့နယ် အတွင်းရှိ ဂုတ်ထိပ် တပ်စခန်းကို စတင် တိုက်ခိုက်နေပြီဟု သိရသည်။

 

လော‌ လောဆယ်တွင် မင်းအောင်လှိုင် ၏ ဗျုဟာ သည် လက်နက်ကြီး၊ လက်နက်ငယ်များ ပေးလှုရန်အသုံးတည့်နေပေသည်။

 

(ပုံတွင် ကောလင်းမြို့ ထွေအုပ်ရုံး နှင့် နမ်းခမ်းမြို့ တရားရုံးများ တွင် တလူလူ လွင့် နေ‌ သော တော်လှန်ရေး အလံတော်ကို တွေ့မြင်ရစဉ် - ဧရာဝတီ)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!